ကုလားတန်စီမံကိန်း၏ နောက်ဆုံးအပိုင်း ပလက်ဝ-ဇိုရမ်ပူကားလမ်း ဖောက်လုပ်ခွင့် LoA ကို အိန္ဒိယကုမ္ပဏီ IRCON Intl ရရှိ
ရူပီး ၁၇၈၀ ကုဋေ ကုန်ကျမှာဖြစ်ပြီး ၂၀၂၄ တွင် အပြီးသတ်ရန် စီစဉ်ထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ကုလားတန်ဘက်စုံသုံးစီမံကိန်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ပလက်ဝ-ဇိုရမ်ပူ ကားလမ်းဖောက်လုပ်ဖို့ အိန္ဒိယအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန(MEA)က အိန္ဒိယကုမ္ပဏီ IRCON International ကို ‘လမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအေဂျင်စီ’အဖြစ် ခန့်အပ်လိုက်ပါတယ်။
သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ IRCON International တွင် အိန္ဒိယအစိုးရက ရှယ်ယာ ၇၃.၁၈ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး မီးရထားဝန်ကြီးဌာနက ရာနှုန်းပြည့် ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။
IRCON Intl က ချင်းပြည်နယ် ပလက်ဝနဲ့ မီဇိုရမ်ပြည်နယ်ကို ချိတ်ဆက်ပေးမယ့် အဆိုပါ ကားလမ်းဖောက်လုပ်ဖို့ အိန္ဒိယအစိုးရက ပေးအပ်တဲ့ သဘောတူညီချက်စာလွှာ (Letter of Agreement – LoA) ရရှိထားပြီး အိန္ဒိယငွေကြေး ရူပီး ၁၇၈၀ ကုဋေ အကုန်အကျခံ သုံးစွဲမယ်လို့ သိရပါတယ်။
ကုလားတန်ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါတယ်။
စီမံကိန်းစတင်နိုင်ဖို့ အိန္ဒိယ(အစိုးရ)ဘက်က ၂၀၀၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား တရားဝင် သဘောတူလက်မှတ်ရေးထိုးခြင်းကိုတော့ ၂၀၀၈ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။
NLD အစိုးရလက်ထက် နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖောက်လုပ်မှုကို ဆက်လက်ဆောင်ရွက်ဖို့ MOU (၁၀) ခုအထိ သဘောတူရေးထိုးခဲ့ကြပါတယ်။
အဲ့ဒီအထဲမှာ ကုလားတန်စီမံကိန်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ပလက်ဝ-ဇိုရမ်ပူလမ်း ဖောက်လုပ်မှုကို စောလျင်စွာ ပြီးစီးရေးအတွက် ကတိပြုခဲ့ကြပြီး ယခု အိန္ဒိယအစိုးရရဲ့ သဘောတူညီချက်စာလွှာရရှိခဲ့တဲ့ IRCON Intl က လမ်းဖောက်လုပ်ခြင်းကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်နိုင်ဖို့ စီစဉ်ထားပါတယ်။
သတင်း – BETV Business
