ခူမီး ချင်းမျိုးနွယ်စုများ ဆိုင်ရာ ကြားကာလ အုပ်ချုပ်ရေး မူဝါဒများ ချမှတ်
ချင်းပြည်နယ် ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ အထူး အစည်းအဝေးကို မတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ လွတ်မြောက်နယ်မြေ၌ ကျင်းပခဲ့ပြီး ကြားကာလ အုပ်ချုပ်ရေး ၊ ကာကွယ်ရေးနှင့် ပြည်သူ့ ဝန်ဆောင်မှု မူဝါဒများ ချမှတ် နိုင်ခဲ့သည်ဟု အစည်းအဝေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဆိုထားသည်။
မူဝါဒများနှင့် ပတ်သက်၍ အကျယ်တဝင့် ကိုမူဖော်ပြထားခြင်း မရှိပေ။
အစည်းအဝေးတွင် ပလက်ဝ မြို့နယ်၏ လက်ရှိ နိုင်ငံရေး ၊ စစ်ရေး ပြည်သူ့ ဝန်ဆောင်မှုဆိုင်ရာများ ၊ အနာဂတ် နိုင်ငံရေး လမ်းပြမြေပုံနှင့် တော်လှန်ရေးကာလ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
တော်လှန်ရေး ကာလအတွင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စား ပြုကော်မတီ (CRCH) ၊ ချင်းပြည်နယ် ပူးပေါင်း ကာကွယ်ရေး ကော်မတီ (CJDC) အပါအဝင် ချင်းပြည်နယ် အတွင်းရှိ နွေဦး တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ ချင်းပြည်နယ် တောင်ပိုင်း ဒေသများ၏ လိုအပ်ချက်များကို ဖော်ထုတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Mizzima

