မုဒိတာစကား
ကျန်းမာကြံခိုင်သော လူ့အဖွဲ့အစည်းတစ်ရပ် အဖြစ်လည်ပတ်နေစေရေးအတွက် သတင်းလွတ်လပ်ခွင့်သည် ရေသောက်မြစ်တစ်ရပ်ဖြစ်လေသည်။ ဤကျိုးကြောင်းဆင်ခြင်မှုကိုပင် ပြောင်းပြန်တွေးဆလိုက်လျှင် – လူ့အဖွဲ့အစည်းတစ်ရပ်ကို ကျန်းမာကြံ့ခိုင်သော လူ့အဖွဲ့အစည်းအဖြစ် တမင်သက်သက် ရှိမနေစေချင်ပါက သတင်းလွတ်လပ်ခွင့်ကို ရိုက်ချိုးဖျက်ဆီးပစ်ခြင်းသည် နည်းလမ်းတစ်ရပ် ဖြစ်သည် ဟု ဆိုရပေချိမ့်မည်။
၂၀၁၉ ဇွန်နဝါရီလမှသည် ၂၀၂၀ ဒီဇင်ဘာလအကြား နှစ်နှစ်တာခန့်ကာလအတွင်း ရခိုင်ပြည်တွင်း တိုက်ပွဲများ အလွန်ပြင်းထန်ခဲ့ပြီး ဖိနှိပ်မှုများသည် လက်နက်ဘက်ပြိုင်တိုက်ခိုက်သော အဖွဲ့အစည်းမျှကို ဦးတည် နေခဲ့သည်မဟုတ်၊ လူ့အဖွဲ့အစည်းကို ဦးတည်ရည်ရွယ် ဖိနှိပ်မှုများ ဖြစ်ပျက်လာခဲ့သည်ကို မျက်မြင်များ မှတ်မိကြပါလိမ့်မည်။ မြေပြင် အရပ်သားများအား ကျူးလွန်ထိပါးမှုများစွာတို့အတွက် အကာအကွယ်ဟူ၍ မရှိတော့သည့်အခြေအနေတွင် – ယင်းသို့ ကျူးလွန်မှုများအား ထိခိုက်ခံစား နေရပါကြောင်း သတင်းတင်ပြချက်များ ပြုလုပ်နိုင်မှုသည်သာလျှင် တစ်ခုတည်းသော အကာအကွယ်ဖြစ်နေခဲ့လေသည်။ တဖန် ထိုကဲ့သို့ သတင်းတင်ပြချက်များ မရှိရလေအောင် သတင်းစာတိုက်များအား ပုဒ်မကြီးငယ်များဖြင့် ဖမ်းဆီး တရားစွဲခြင်းတို့ ပြုလုပ်ဖိနှိပ်ကြပြန်လေသည်။
ရခိုင်လူ့အဖွဲ့အစည်းအတွင်း ကြီးစွာသော အထူးဖိအားများ ရှိခဲ့သည့် ထို နှစ်နှစ်ခန့်ကာလအတွင်း တာဝန်ကျေခဲ့သည့် နိုင်ငံရေးသမားများ အဖွဲ့အစည်းများအတွက် ကြီးစွာသော စိတ်သတ္တိ ခွန်အားလိုအပ်ခဲ့လေသည်။ Development Media Group ခေါ် DMG သည် ထိုကာလအတွင်း တာဝန်ကျေခဲ့သည့် ရခိုင်အခြေစိုက် သတင်းဌာန ဖြစ်လေသည်။ ထိုတာဝန်ကျေသည့် ဒဏ်ကိုလည်း ကောင်းကောင်း ခံရလေသည်။ အယ်ဒီတာချုပ် ဦးအောင်မင်းဦးမှာ တရားစွဲအမှုဖွင့်ခံရသဖြင့် နှစ်ချီ ရှောင်ပုန်းနေရသည်။ ထို့အပြင် ထိုဖြစ်ရပ်နောက်တွင်လည်း အခြားသော DMG သတင်းအဖွဲ့ဝင်များမှာ အခြားအခြားသော သတင်းတင်ပြချက်များကို အကြောင်းခံလျက် အမှုဖွင့်ခံခဲ့ကြရသည်။ သတင်းဂျာနယ် ထုတ်ဝေခွင့် လိုင်စင်ကို ထပ်မံချမပေးခြင်း၊ ထိုထုတ်ဝေခွင့် မရှိသည်ကို အကြောင်းပြလျက် အစိုးရအရာရှိများက DMG သတင်းသမားများအား ဖြေကြားရန် ငြင်းဆိုခြင်းများ ပြုခဲ့ကြသည်။ သတင်းနှင့်တကွ အရပ်ရပ် ထုတ်ဝေခွင့် ဆိုင်ရာတို့အတွက် ထုတ်ဝေခွင့်လိုင်စင် လိုအပ်သည်ဆိုသည့် ဥပဒေများကို အင်္ဂလန်နိုင်ငံတွင် ၁၆၉၅- ခုနှစ်ကပင် ဖျက်သိမ်းခဲ့လေရာ လိုင်စင်အခြေပြု သတင်းဖိနှိပ်မှုအား ထိုနိုင်ငံတွင် ဖယ်ရှားခဲ့သည်မှာ နှစ်ပေါင်း (၃၂၀) ကျော်ခဲ့ပြီဖြစ်ကြောင်း အရပ်ရပ်တို့က သိကြပုံလည်း မရကြ။
နိမ့်ပါးသည့်ဘဝမှ ရုန်းထွက်နေကြရသည့် ရခိုင်တို့၏ ဤကာလတို့တွင် – ပြင်ပအင်အားစုများကို သစ္စာခံသော မီဒီယာအဖွဲ့အစည်းများအတွက် အလုပ်ရံပုံငွေတို့မှာ လွယ်ကူကောင်း လွယ်ကူနိုင်သော်လည်း ရခိုင်ကို သစ္စာခံသော အဖွဲ့အစည်းများအတွက် အခက်အခဲရှိကြပေသည်။
DMG သည် အမျိုးမျိုးအဖုံဖုံသော အခက်အခဲတို့ကို ရင်ဆိုင်ကျော်ဖြတ်လျက် ဆယ်နှစ်သက်တမ်း ရှိလာခဲ့လေပြီ။ တိုင်းပြည်၏ သားကောင်းရတနာ ဖြစ်သော DMG ၏ မှတ်တိုင်တစ်ခုအား အသိအမှတ်ပြုလျက် ဆက်ထက်တံပိုး ရက္ခိတဂုဏ်ရောင် အလင်းဆောင်သူ ဖြစ်နေပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရ ပေသည်။
ဦးကျော်ဇောဦး
၂၀၂၁ ဒီဇင်ဘာလ (၂၃) ရက်
==========
End Note:
ယမန်နေ့က ကျင်းပခဲ့သော Development Media Group ၏ ဆယ်နှစ်ပြည့် အခမ်းအနားတွင် ၎င်းတို့၏ ဆယ်နှစ်ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းကို ဖြန့်ဝေခဲ့ပါသည်။ ထိုမဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့သော ဦးကျော်ဇောဦး ၏ အမှာစာ ဖြစ်ပါသည်။
2022 January 10th
–

ကျော်ဇောဦး၊ ဦး | The Mog Nation Wiki
Kyaw Zaw Oo | The Mog Nation Wiki