ပါတီနိုင်ငံရေးခရီးအစဝယ် (၃)

(by ဦးဝေစိန်အောင်)

ရခိုင်ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုကို ၂၇-၂-၈၉ နေ့တွင်
မှတ်ပုံတင်ရရှိပြီးနောက် တပ်ပေါင်းစုလုပ်ငန်း များကိုအကောင်အထည်ဖော်ကြသည်။
ရခိုင်တိုင်ရင်းသား(၄)ပါတီညီညွတ်၍ ရခိုင်တပ်ပေါင်းစုဖွဲ့နိုင်ပြီဖြစ်ကြောင်း
ရခိုင်လူထုသို့ ချပြကြသည်။ စည်းရုံးရေးဆင်းကြသည်။

ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲစနစ်ဘောင်အောက်တွင် ပါတီများ တပ်ပေါင်းစုဖွဲ့၍
ပြည်သူထဲသို့ စည်းရုံးရေးဆင်းရာ၌ အခက်အခဲများ တွေ့ရသည်။ ပါတီဝင်လိုသူများကို
တပ်ပေါင်းစုသို့ စာရင်းသွင်းရမည်လော၊ မိမိပါတီဝင်အဖြစ် အသိအမှတ်ပြုထားရမည်လော။
ကိုယ့်ပါတီအတွက် စည်းရုံးရန်လည်းမသင့်လျော်၊ တပ်ပေါင်းစုဝင်အဖြစ်
စည်းရုံးလျှင်လည်း ပြဿနာရှုပ်ထွေးမှုရှိသည်။

တပ်ပေါင်းစုဆိုသည်မှာ မူလပါတီများ မဖျက်သိမ်းဘဲ ပါဝင်နေခြင်းဖြစ်သဖြင့်
တပ်ပေါင်းစုပြိုကွဲလျှင် ပါတီ ဝင်ထားသူများ မည်သည့်ပါတီသို့
ရောက်သွားရမည်နည်း။ တပ်ပေါင်းစု၏သဘောမှာ လိမ္မော်သီးတစ်လုံးကဲ့သို့
အမွှာလိုက်ယူ၍ ခွာပစ်နိုင်သောကြောင့်ဖြစ်သည်။ ပြည်သူများမှာ
ပါတီတစ်ရပ်ရပ်သို့သာ ဝင်ရောက်ရမည်ဖြစ်ရာ တပ်ပေါင်းစုစည်းရုံးမှု
တုန့်ဆိုင်းနေခဲ့ရသည်။

၁၇-၂-၈၉ နေ့ ရက္ခိုင်ကျောင်းသားလူငယ်များ အဖွဲ့ချုပ်မှဦးစီးကျင်းပခဲ့သောမူလတပ်ပေါင်းစုဖြစ်မြောက်ရေး
အစည်းအဝေးတွင်ဆုံးဖြတ်ချက်ပုဒ်မ(၃၀)ခုချမှတ်ခဲ့ကြသည်။
ပုဒ်မ(၂၇)၊(၂၈)နှင့်(၃၀)တို့တွင်ဖော်ပြထားသည်မှာ-

ပုဒ်မ(၂၇)။ တပ်ပေါင်းစုဖွဲ့စည်းပြီးပါက ၎င်းတပ်ပေါင်းစုဖွဲ့စည်းပြီးချိန်မှ
(၂)လအတွင်း သက်ဆိုင်ရာ ပါတီ အသီးသီး၏ မြို့နယ်ကိုယ်စားလှယ်များပါဝင်သော
ညီလာခံတစ်ရပ်ကို ခေါ်ယူကျင်းပရမည်။

ပုဒ်မ(၂၈)။ တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်များမှ
တစ်ဖွဲ့တစ်ပါတီဖွဲ့စည်းရန် အရေးဆိုလာ ပါက တပ်ပေါင်းစုမှဦးဆောင်၍
တစ်ဖွဲ့တစ်ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းပေးရမည်။

ပုဒ်မ(၃၀)။ တပ်ပေါင်းစုကြီးကို “ရခိုင်ပြည်သူ့ ဒီမိုကရေစီပါတီ”ဟု
ခေါ်တွင်စေရမည်ဟု ပါရှိသည်။

၂၃-၂-၈၉ နှင့် ၂၄-၂-၈၉ နေ့များက စစ်တွေမြို့
ရဒဖ(ဗဟိုခွဲ)တွင်ပြုလုပ်သော မြို့နယ်ပေါင်းစုံ အစည်း အဝေး၌ ”တစ်ပါတီလော၊
တပ်ပေါင်းစုလော” ဆုံးဖြတ်ချက်ယူကြရာ စစ်တွေ၊ ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံ
မြို့နယ် ရဒဖတို့က တစ်ပါတီဖြစ်ရေးကိုထောက်ခံပြီး ပုဏားကျွန်းမြို့နယ်
ရဒဖမှကြားနေခဲ့သည်။ ဤသည်ပင်လျှင် ရခိုင်တစ်ပါတီတည်း ဖြစ်လာရေးအတွက်
ရခိုင်ပြည်သူများ၏ဆန္ဒ တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုဖော်ပြလိုက်ခြင်း ဖြစ်သည်။

စစ်တွေမြို့နယ် ရဒဖအနေနှင့်မူ တပ်ပေါင်းစုအဆင့်မျှနှင့်
မလုံလောက်ဟုယူဆသည်။ တပ်ပေါင်းစုသည် ပါတီတစ်ရပ်မဟုတ်ဘဲ ပါတီများစုပေါင်းထားသော
အစုသာဖြစ်သဖြင့် တစ်ပေါင်းတစ်စည်းတည်းသောပါတီတစ်ရပ်
အနေဖြင့်သာ(တစ်နည်းအားဖြင့်) တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုဖြင့်သာ
အဖရခိုင်ပြည်ကံကြမ္မာကို အကောင်း ဘက်သို့ ဦးဆောင်ဖန်တီးနိုင်မည်ဟု ယူဆသည်။
ထို့ကြောင့် တစ်ပါတီတည်းဖြစ်ရေးသို့ အမြန်ဆုံးကြိုးပမ်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်သည်။

ကျောက်ဖြူမြို့နယ်အနေဖြင့်လည်း တပ်ပေါင်းစုသည်
ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသော နိုင်ငံရေး
အဖွဲ့အစည်းတစ်ခုမဟုတ်သေးဟု ယူဆသည်။ ထို့ကြောင့် ပါတီအားလုံးပေါင်း၍
ရခိုင်တစ်ပါတီတည်းဖြစ်ရန် လိုအပ်ပြီး ပါတီများပူးပေါင်းရာ၌လည်း
ပါဝင်သောပါတီများအားလုံးကို ရုပ်သိမ်းရမည်ဟုဖော်ပြသည်။

ရဒဖဗဟို၏ သဘောထားကြေငြာချက်တွင် “ရဒဖသည် မူကြီး(၅)ချက်အပေါ်
ခိုင်မာစွာရပ်တည်မည် ဖြစ်ကြောင်း၊ တပ်ပေါင်းစုတွင်ပါဝင်သော်လည်း
မိမိပါတီ၏ရပ်တည်ချက်ကို မစွန့်လွှတ်နိုင်ကြောင်း”ဖော်ပြထား သည်။ ထို့ကြောင့်
အချိန်မနှောင်းမီ တပ်ပေါင်းစုမှ တစ်ပါတီအဖြစ်သို့ ကူးပြောင်းရေး
လုံးပမ်းလာရတော့သည်။

၂၉-၄-၈၉ နေ့တွင်ကျင်းပသော တပ်ပေါင်းစုဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှ
ရခိုင်အမျိုးသားပါတီ များအားလုံး တစ်ပါတီတည်းအဖြစ် ဖွဲ့စည်းရေးကို
ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့သည်။ တစ်ပါတီတည်းဖြစ်ရေး လုပ်ငန်းကို မေလအတွင်း
အကောင်အထည်ဖော်ရန် အတည်ပြုခဲ့ကြသည်။

တပ်ပေါင်းစုမှ တစ်ပါတီတည်းဖြစ်ရေးအတွက် ရခိုင်ပြည်သူ့နိုင်ငံရေး
အတိုင်းပင်ခံကွန်ဂရက်ကို သတ်မှတ် ရက်ထက် တစ်လနီးပါးနောက်ကျပြီးမှ ၄-၆-၈၉
နေ့တွင် ကျင်းပနိုင်ခဲ့သည်။ ဖွဲ့စည်းရေးစည်းမျဉ်းများချမှတ်ရာတွင်
တက်ရောက်ရမည့် ပါတီညီလာခံကိုယ်စားလှယ်များကို ရွေးချယ်ရာ၌- (က) ပါတီအသီးသီးမှ
ဗဟိုအလုပ် အမှုဆောင်များအားလုံး၊ ဗဟိုကော်မတီဝင်များအားလုံး၊ ( ခ) မြို့နယ်ပါတီ
တရားဝင်ဖွဲ့စည်းပြီးသော ပါတီ အသီးသီးမှ တစ်မြို့နယ်လျှင် ကိုယ်စာလှယ်(၅)ဦးစီ
( ဂ) ထင်ရှားသော တစ်သီးပုဂ္ဂလမျိုးချစ်ပုဂ္ဂိုလ်များဟူ၍ သတ်မှတ်ခဲ့ပါသည်။

ပါတီညီလာခံသို့ (၁)ရခိုင်ပြည်သူ့ ညီညွတ်ရေးအဖွဲ့၊
(၂)ရခိုင်ပြည်ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊
(၃)ရက္ခိုင်ကျောင်းသားလူငယ်များအဖွဲ့ချုပ်၊
(၄)ရခိုင်အမျိုးသားလူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့၊ (၅)ရဒဖမှ
စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
စစ်တွေမြို့နယ် ရဒဖ ကိုယ်စားလှယ်များအဖြစ် ဦးစောမောင်၊ ဦးဝေစိန်အောင်၊
ဦးတင်အောင်၊ ဦးသာပွင့်၊ ဦးထွန်းအောင်ကျော်တို့ကို ရွေးချယ်ခဲ့ကြသည်။

ရခိုင်တစ်ပါတီဖြစ်ရေးအတွက် ကျင်းပသော
ရခိုင်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဂရက်ကို စစ်တွေမြို့၊
ကျောင်းတက်လမ်းရပ်ကွက်၊ ဦးဥတ္တမလမ်း၊ အမှတ်(၂၅၀)တွင် (၃)ရက်တိုင်တိုင်
ကျင်းပခဲ့ကြသည်။ ညီလာခံ ကိုယ်စားလှယ်များအနက်မှ
ဗဟိုကော်မတီဝင်(၅၁)ဦးကိုရွေးချယ်ပြီး၊ ယင်းအထဲမှ ဗဟိုအလုပ်အမှုဆောင်များကို
ရွေးချယ်ခဲ့ကြသည်။ ဥက္ကဌနှင့်အထွေထွေအတွင်းရေးမှူးတို့ကို
လျှို့ဝှက်မဲစနစ်ဖြင့်ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ရခိုင်တပ်ပေါင်းစုပါတီ၏ နိုင်ငံရေးဦးသျှောင်အဖွဲ့ဝင်များအဖြစ်
ဦးကြာလှအောင်၊ ဦသာကျော်(ဘုံပေါက်)၊ ဦးကျော်ဇံရွှီ၊ ဦးဘအုန်း၊ ဦးစောအောင်၊
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ဥက္ကဌ ဦးအောင်စိန်သာ၊ ဒု-ဥက္ကဌ
ဦးစောမောင်၊ ဒု-ဥက္ကဌ ဦးအောင်ဘန်းသာ၊ ဒု-ဥက္ကဌ ဦးစံသာထွန်း၊
အထွေထွေအတွင်းရေးမှူး ဦးဝေစိန်အောင်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး
ဦးလှမောင်(လူ/ငြိမ်း)၊ အတွင်းရေးမှူးများအဖြစ် ဦးဘရှိန်၊ ဦးသာပွင့်၊
ဦးဖေသိန်း၊ ဘဏ္ဍာရေးမှူး ဒေါက်တာတင်အောင်၊ တွဲဘက်ဘဏ္ဍာရေးမှူး ဦးဦးသန်းမောင်၊
စာရင်းစစ်-ဦးထွန်းအောင်ကျော်၊ တွဲဘက်စာရင်းစစ် ဦးကျော်ဇံသာ အပါအဝင်
(၃၅)ဦးပါရှိသည်။

ရခိုင်ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစုပါတီ(သို့) ရခိုင်ပြည်သူ့
ဒီမိုကရေစီပါတီကို အောင်မြင်စွာဖွဲ့စည်း ပြီးနောက် ရွေးကောက်ပွဲကော်မရှင်သို့
စာရင်းပေးပို့ခဲ့သည်။ တပ်ပေါင်းစုပါတီ၏ နိုင်ငံရေးရည်မှန်းချက်မှာ “စစ်မှန်
သော ပြည်ထောင်စုအတွင်းမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော
ရခိုင်ပြည်သစ်တည်ဆောက်ရေး“ဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ် (UNLD)သို့လည်း အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားခဲ့သည်။

သို့သော်လည်း ရခိုင်အမျိုးသား (၃)ပါတီမပေါင်းစည်းဘဲ ရှိနေခဲ့သေးသည်။
(၁)ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့(ရတည)၊
(၂)ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ရဒဖ)၊ (၃)ရခိုင်ပြည်သူ့
ဒီမိုကရေစီတပ်ပေါင်းစုပါတီ (ရပဒတ)တို့ဖြစ်သည်။ ရခိုင်(၃)ပါတီညီညွတ်ရေးအတွက်
ဆက်လက်ပူးပေါင်းရေး(မရလျှင်) မဟာမိတ်ပြု၍ ရွေးကောက်ပွဲဝင်ရေးတို့ဖြစ်သည်။

ရခိုင်ပါတီကြီး(၃)ခု တွေ့ဆုံဆွေးနွေးပွဲကို ၁၉၉၀-ခု၊
ဇန်နဝါရီလအတွင်း (၃)ကြိမ်ပြုလုပ်ခဲ့ကြသည်။ ပထမ အကြိမ်ဆွေနွေးပွဲတွင်ရပဒတမှ
အထွေထွေအတွင်းရေးမှူး ဦးဝေစိန်အောင်၊ ဘဏ္ဍာရေးမှူး ဒေါက်တာတင်အောင်၊
အတွင်းရေးမှုးအဖွဲ့ဝင် ဦးဖေသိန်း၊ ဦးသန်းကျော်တို့ တက်ရောက်ခဲ့ကြသည်။
ဒုတိယအကြိမ်၊ တတိယအကြိမ် ဆွေးနွေးပွဲများကိုလည်း ရဒဖဌာနချုပ်၊
ရတညဌာနချုပ်တို့တွင် ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။ သို့သော်မည်သို့မျှ
ညှိနှိုင်းမရခဲ့ကြချေ။

ထို့အပြင် ရခိုင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(တစည)စသော ဗမာဦးဆောင်ပါတီကြီးများလည်း
ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ရခိုင်ပြည်ကံကြမ္မာအတွက် ရခိုင်ပြည်သူတို့
မည်သို့လုပ်ဆောင်ကြရမည်နည်း။ ရခိုင်လူထုမှာ ဇာတိသွေး ဇာတိမာန်မြင့်မားမှု၊
မျိုးချစ်စိတ်ဓါတ်ထက်သန်မှု ၊နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိရှိမှုတို့ကြောင့်
ရခိုင်(၃)ပါတီအနက်မှ အသင့်တော်ဆုံးပါတီကို ၁၉၉၀၊ မေလ(၂၇)ရက်
အထွေထွေရွေးကောက်ပွဲကြီး၌ပုံအောမဲပေးလိုက်ကြတော့သည်။

ဦးဝေစိန်အောင်

Leave a comment