ပါတီနိုင်ငံရေးခရီးအစဝယ် (၁)

(by ဦးဝေစိန်အောင်)

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပါလီမန် ဒီမိုကရေစီစနစ်
စတင်ကျင့်သုံးသည်။ ဖဆပလ ဆယ်နှစ် ဆယ်မိုး တိုင်းပြည်ကိုအုပ်စိုးသည်။
၁၉၅၈-ခုနှစ်တွင် ဖဆပလပြိုကွဲသည်။ နု၊ တင် ဦးစီးသောပြည်ထောင်စု ပါတီသည် ၁၉၆၀
ပြည့်နှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်၍ အာဏာရရှိလာသည်။ ဦးနု၏ ပထစ
အစိုးရကို အာဏာသိမ်း၍ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရတက်လာသည်။ ယင်း၏အသွင်ပြောင်း
မဆလအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ အထီးကျန်ဘဝဖြင့်နေခဲ့ရသည်။
ကမ္ဘာတွင်ဖွံ့ဖြိုးမှု အနည်းဆုံးစာရင်းဝင် နိုင်ငံဖြစ် လာသည်။

ပြည်သူများမှာ ဖိနှိပ်မှုမျိုးစုံခံရသည်။
အဘက်ဘက်တွင်ပဋိပက္ခမျိုးစုံပေါ်လာသည်။ ၁၉၈၈-ခုနှစ်၊ ဇူလှိုင် လ(၂၃)ရက်နေ့တွင်
မဆလဥက္ကဌကြီး ဦးနေဝင်းအရေးပေါ်ညီလာခံခေါ်ယူသည်။ တစ်ပါတီစနစ်နှင့် ပါတီစုံ
စနစ်ကို ဘယ်စနစ်ရွေးမလဲဟူ၍ ထွက်ပေါက်ရှာမိန့်ခွန်းပြောကြားခဲ့သည်။

ရခိုင်လူမျိုးတို့မှာ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး
ခေတ်အဆက်ဆက်အာဏာပိုင်စိုးခဲ့သည်။ ၁၇၈၄-ခုနှစ်မှ ၁၉၄၈-ခုနှစ်ထိ
(၁၆၄)နှစ်တိုင်တိုင် သူ့ကျွန်ဘဝဖြင့် မြို့ဝန်ခေတ်၊ ဗြိတီသျှခေတ်၊ ဂျပန်ခေတ်
တို့တွင် နစ်ခဲ့ရသည်။ ပင်လုံစာချုပ်ကိုအခြေခံ၍ ၁၉၄၈-ခုနှစ်
လွတ်လပ်ရေးယူခဲ့ကြသောအခါတွင်လည်း ရခိုင် တို့မှာ လူမျိုးတစ်မျိုးအဖြစ်ပင်
အသိအမှတ်ပြုမခံရ။ ဗမာပြည်မတွင်ရော ကြိုထည့်ထားပြီး ပြည်နယ်တစ်ခုပင် မရလိုက်ချေ။

၁၉၇၄-ခုနှစ်တွင် ရခိုင်ပြည်နယ်ဟူသော အဆန်အပါအခွံသာရှိသည့်
အုပ်စိုးသူစိတ်ကြိုက် ပြည်နယ် တစ်ခုပေးအပ်ခံရသည်။
လူမျိုးဆိုင်ရာကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြံမ္မာကိုယ်ဖန်တီးခွင့်နှင့်
ဝေးရဆဲဖြစ်သည်။ ၁၉၈၈-ခု၊ မတ်လ(၁၃)ရက်နေ့မှစ၍ မြန်မာနိုင်ငံတဝှမ်းလုံးတွင်
အရေးအခင်းများ ပေါ်ပေါက်လာသည်။ ကမ္ဘာ့ သမိုင်းမှတ်တမ်းဝင် ၈၈၈၈
အရေးတော်ပုံဖြစ်လာသည်။ ရခိုင်ပြည်နယ်တနံတလျားတွင်လည်း ဒီမိုကရေစီ အရေးအတွက်
ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ လူမျိုးဆိုင်ရာရပိုင်ခွင့်များကို တောင်းဆိုခဲ့ကြသည်။

စစ်တွေမြို့တွင် နိုင်ငံရေးမျိုးချစ်ပုဂ္ဂိုလ်များသည်
အမျိုးသားရေးအတွက် စုစည်းခဲ့ကြသည်။ မောလိပ် ရပ်ကွက်၊ (၃)ဆင့်တိုက်အဆောက်အအုံ၌
စုဝေးခဲ့ကြသူများတွင် ဆရာဦးဘအုန်း၊ ဆရာဦးဗသိန်း၊ ဦးအောင် ကျော်ဇံ၊
ဦးဝေစိန်အောင်၊ ဦးစောမောင်၊ ဦးဦးလှစော၊ ဦးမောင်စောဖြူ၊ ဦးအောင်လှသိန်း၊
ဒေါ်စောသိန်းတန်တို့ ပါဝင်သည်။ သို့သော်လိုအပ်ချက်အရ ဦးဦးလှစောမှာ
သပိတ်ကော်မတီတွင် အတွင်းရေးမှူး တာဝန်ယူ သွားသည်။ ဒေါ်စောသိန်းတန်မှာ
အမျိုးသမီးသမဂ္ဂတွင် ဥက္ကဌတာဝန်ထမ်းဆောင်သွားသည်။

၁၉၈၈-ခု၊ စက်တင်ဘာလ(၁၈)ရက်နေ့ စစ်တပ်မှအာဏာသိမ်းယူသည်။
နိုင်ငံရေးပါတီများ ထူထောင်ခွင့်ပေးလိုက်ရာ အမှုထမ်းများနိုင်ငံရေးတွင်
ပါဝင်ခွင့်မရချေ။ ဆရာဦးဗသိန်း၊ ဦးအောင်လှသိန်းတို့မှာ ပါတီနိုင်ငံရေးမှ
နောက်ဆုတ်ကျန်ခဲ့ရသည်။ သို့သော်လည်း ဦးဘအုန်း၊ ဦးအောင်ကျော်ဇံ၊
ဦးဝေစိန်အောင်၊ ဦးစောမောင်ဦးဆောင်သော ကျန်ပုဂ္ဂိုလ်များမှာ
ဆရာကြီးဦးဗသိန်း၏ အားထုတ်မှုနှင့်အတူ နိုင်ငံရေးပါတီ တစ်ခုကို
ဖြစ်ဖြစ်မြောက်မြောက်တည်ထောင်ကြသည်။ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Arakan
Nationality Democratic Party(ANDP))ကို ဖွဲ့စည်းကြသည်။
ပါတီမှတ်ပုံတင်ရန်စိုင်းပြင်းကြသည်။ ရခိုင် အမျိုးသားရေးအတွက်
လက်တွဲတိုက်ပွဲဝင်ရန်ကြေညာချက်ထုတ်သည်။ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်များ၊
အစုအဖွဲ့များ ကို ဖိတ်ခေါ်ကမ်းလှမ်းသည်။

ထိုကာလအတွင်း စစ်တွေမြို့၊ ပါဒလိတ်ချိတ်ရပ်ကွက်နေ
ရှေ့နေကြီးဦးကျော်သန်းကလည်း (၂.၁၀.၈၈)ရက်စွဲဖြင့် ဆော်သြသူအဖြစ်
လက်မှတ်ရေးထိုးကာ ပြန်ကြားလွှာထုတ်သည်။ ၈၈-အရေးအခင်း၏
အကျိုးဆက်ကိုခံယူရန်နိုင်ငံရေး အဖွဲ့အစည်းဖွဲ့စည်းခြင်းဆိုင်ရာ
ပန်ကြားလွှာပင်ဖြစ်သည်။ ရခိုင်နိုင်ငံရေးအဖွဲ့ အစည်းတစ်ရပ်ဖွဲ့စည်းလိုကြောင်း
ဆော်သြသည်။

ထိုကြောင့် ရခိုင်အဖွဲ့အစည်းများ
အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန် ဦးစောမောင်နှင့် ဦးဝေစိန်အောင်တို့
ဦးကျော်သန်းအိမ်တွင်ပြုလုပ်သော အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးကြသည်။
ဆရာဦးကျော်ဝင်းကလည်း သုံးဆင့်တိုက်အစည်းအဝေးတွင် လာရောက်ဆွေးနွေးသည်။
သို့သော်စုစည်းမှု မအောင်မြင်ခဲ့ကြချေ။

တပြိုင်တည်းတွင် ရန်ကုန်မြို့နေ မျိုးချစ်ရခိုင်ပုဂ္ဂိုလ်ကြီးများက
ရခိုင်အမျိုးသားသမဂ္ဂ(ရန်ကုန်)ဖွဲ့စည်း ကြောင်းသိရသည်။ ၁၉၈၈-ခု၊
အောက်တိုဘာလ(၁၂)ရက်နေ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ရဒဖ)ကို ဥက္ကဌ
ဒေါက်တာစောမြအောင်၊ အထွေထွေအတွင်းရေးမှူး ဦးအေးဖေတို့ဦးဆောင်၍ ဖွဲ့စည်းသည်။
ထိုသတင်းကို သတင်းစာတွင်ဖေါ်ပြထားရာ ANDP သည် ALD နှင့်ဆွေးနွေး၍
အမျိုးသားတစ်ပါတီတည်းအဖြစ်ပူးပေါင်းရန် စဉ်းစားလာရသည်။

၁၅.၁၀.၈၈ ရက်နေ့တွင်
စစ်တွေမြို့သုံးဆင့်တိုက်အပေါ်ဆုံးအစည်းဝေးခန်းမ၌ ANDP အနေဖြင့် ALDနှင့်
သွားရောက်ညှိနှိုုင်းရန်အတွက်စည်းဝေးကြသည်။ ညှိနှိုုင်းပူးပေါင်း၍မရပါက
သီးခြားပါတီတစ်ရပ် အဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ကြသည်။ ဒု-ဥက္ကဌ
ဦးအောင်ကျော်ဇံနှင့် အတွင်းရေးမှူး ဦးဝေစိန်အောင်တို့ကို တာဝန် ပေးသည်။
(၁၈.၁၀.၈၈) နေ့တွင် ရန်ကုန်မြို့၊ မစ်ရှင်လမ်း၊ အမှတ်(၅၅)ရှိ ALD
ရုံးချုပ်တွင် ပထမအကြိမ် ဆွေးနွေးသည်။ ၁၉.၁၀.၈၈ နေ့တွင် မြေနီကုန်း၊
ရှမ်းကုန်းလမ်း၊ အမှတ်(၄၂)ရှိ အတွင်းရေးမှူး ဦးထွန်းဝေ နေအိမ်တွင်
ဒုတိယအကြိမ်ဆွေးနွေးသည်။ ဦးအောင်ကျော်ဇံနှင့် ဦးဝေစိန်အောင်တို့မှာ
ရခိုင်အမျိုးသား ညီညွတ်ရေးအတွက် ဖော်ပြပါသဘောတူညီချက်ကို လက်မှတ်ရေးထိုး၍
နှစ်ပါတီ ပူးပေါင်းခဲ့ကြသည်။

ALD နှင့် ANDP နှစ်ပါတီပူးပေါင်းကြသည်ဟု မူအရဆိုရသော်လည်း
လက်တွေ့တွင် ANDP ပါတီဝင် များအတွက် ဗဟိုရာထူးနေရာရယူရေးကိစ္စကို
လုံးဝမဆွေးနွေးမတောင်းဆိုခဲ့ချေ။ ANDP သည် ALD အမည် အောက်တွင် ဝင်ရောက်၍
ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် တာဝန်ယူခဲ့ခြင်းသာဖြစ်ခဲ့သည်။ အောက်တို
ဘာလတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးဆောင်သောအဖွဲ့ စစ်တွေမြို့သို့
ရောက်ရှိလာသည်။ ANDP ခေါင်းဆောင်များ စစ်တွေလေဆိပ်မှ သောင်းသောင်းဖျဖျ
ခရီးဦးကြိုဆိုကြသည်။ ယင်းနေ့တွင်ပင် မောလိပ် ရပ်ကွက်၊ သုံးဆင့်တိုက်ခန်းမ၌
ဥက္ကဌကြီးနှင့်အဖွဲ့အား ကြိုဆိုဧည့်ခံပွဲကျင်းပသည်။ ဥက္ကဌ ဒေါက်တာ
ဦးစောမြအောင်က မိန်းခွန်းပြောကြားသည်။ “အသက်အရွယ်အိုမင်းသည်ကိုမထောက်ဘဲ
မျိုးချစ် စိတ်ဓါတ်ကြောင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေခြင်း”ဖြစ်ကြောင်း
အားရဝမ်းသာ၊ မျက်ရည်ဝဲ၍ ပြောကြားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်အနှံ၌ (ရဒဖ)မြို့နယ်အဖွဲ့ချုပ်များကို
ဖွဲ့စည်းကြသည်။ ရသေ့တောင်မြို့နယ်သို့ သွားရောက်ဖွဲ့စည်းရာတွင်
ရသေ့တောင်ဇာတိသား ဦးဝေစိန်အောင်လည်း ဗဟိုအဖွဲ့နှင့်အတူ လိုက်ပါဖွဲ့စည်း
ပေးခဲ့သည်။ ပေါက်တော်မြို့နယ်တွင် ဖွဲ့စည်းရာတွင်လည်းကောင်း၊
အခြားမြို့နယ်တစ်ချို့ ဖွဲ့စည်းရာတွင် လည်းကောင်း ဆရာကြီးဦးဗသိန်းနှင့် ANDP
မှ ပုဂ္ဂိုလ်များ ကူညီပေးခဲ့ကြသည်။ စစ်တွေမြို့နယ် (ရဒဖ)ကိုမူ
(၁၂.၁၁.၈၈)နေ့တွင်မှ မြတည်းခိုရိပ်သာဧည့်ခန်းမ၌ ဒေါက်တာဦးစောမြအောင်
ကိုယ်တိုင်ဦးစီး၍ ဖွဲ့စည်းပေးခဲ့ သည်။ စစ်တွေမြို့နယ်(ရဒဖ)တွင်
ပါဝင်သောပုဂ္ဂိုလ်များမှာ ANDP အဖွဲ့ဝင်များသာဖြစ်သည်။

ဥက္ကဌ ဦးဘအုန်း၊ ဒု-ဥက္ကဌ ဦးအောင်ကျော်ဇံ၊ ဒု-ဥက္ကဌ ဦးတင်အောင်၊
အတွင်းရေးမှူး ဦးဝေစိန်အောင်၊ တွဲဘက်အတွင်းရေးမှူး(၁)ဦးစံလှကျော်၊
တွဲဘက်အတွင်းရေးမှူး(၂)ဦးသာပွင့်၊ ဘဏ္ဍာရေးမှူး ဦးလှထွန်းဦး၊
ကော်မတီဝင်များမှာ ဦးစောမောင်၊ ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊
ဦးကျော်ဇံသာ၊ ဦးအောင်သန်း၊ ဒေါ်လှတင်စိန်၊ ဦးကျော်မြဝင်း၊
ဦးဦးစောမောင်တို့ ဖြစ်ကြသည်။

ဦးဝေစိန်အောင်

Leave a comment