ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၈)

(The Mog Nation Wiki, an archive)


Read the author’s original post

ရခိုင်ကမ်းရိုးတမ်းကိုလေ့လာခြင်း
အပိုင်း (၈)

ရခိုင်ပြည်နယ်၏ရေလမ်းကြောင်းဆက်သွယ်ရေး (Transportation of the Rakhine State)
နှင့်
သဘာဝဘေးအန္တရာယ်များ (Natural Disasters)

ဒေါက်တာမျိုးမြင့်

နိဒါန်း

ရခိုင်ပြည်နယ်၏ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသသည် မြောက်မှတောင်သို့ ကီလိုမီတာ၃၀၀ ကျော် ခန့်နှင့် အရှေ့မှအနောက်သို့ ကီလိုမီတာ၅၀ ကျော်ခန့်ရှိနေသည်။ ရေလမ်းကြောင်းသည်အဓိကဖြစ်နေ သည်။ အပြင်လမ်းသည်ဘင်္ဂလားပင်လယ်ကိုအသုံးပြုပြီး၊ အတွင်းလမ်းသည်မြစ်ဝကျွန်းပေါ်ဒေသရှိမြစ်၊ ချောင်းများ ကိုအသုံးပြုသွားလာကြသည်။ ကမ်းရိုးတမ်းနှင့်ရေလမ်းခရီးကြောင့်၊ သဘဝဘေး အန္တရာယ် များနှင့် ဆက်နွယ်တည်ရှိနေကြသည်။ ရာသီအလိုက်မုန်းတိုင်းများကြောင့် မိုးများခြင်း၊ လေထန်ခြင်း၊ ရေလှိုင်းတက်ခြင်း၊ နှင့် ရေလွမ်းခြင်း၊ တို့ကိုဖြစ်ပေါ်စေသည်။ မိုးဦးမှဆောင်းဦးအထိဖြစ်ပေါ်သော မုန်း တိုင်းများ၊ မိုးသီးထန်စွာရွာခြင်း၊ ရေလွမ်း (ကြီး) ခြင်းများ သည်အဓိကသဘာဝဘေးအန္တရာယ်များဖြစ် သည်။ ရွံ့မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျှင်နှင့်စူနားမီသည်လည်းမျှော်လင့်ထားရမည့် ဒုတိယဦးစား ပေး သဘာဝဘေးအန္တရာယ်များဖြစ်သည်။
အရေးပေါ်အခြေအနေနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ (Emergencies and Disaster Management Systemး EDMS) ကို ကုလသမဂ္ဂ (UN) မှဦးစီးလမ်းပြပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်းလုပ်ဆောင်နေ သည်ကိုတွေ့ရသည်။
ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသသည် ရှည်လျားကျဉ်းမြောင်းသောဒေသငယ်တစ်ခု ဖြစ်နေသော် လည်း၊ မြောက်ဘက်တွင်ဘင်္ဂလားဒေ့ချ် နှင့် အိန္ဒိယနိုင်ငံများနှင့် ထိတွေ့ဆက်စပ်နေကြသည်။ တောင် ဘက်ပိုင်းဖြစ်သော ရမ်းဗြဲကျွန်းဒေသသည်ပင်လျှင်ရေ တိမ်ပိုင်း၊ ရေနက်ပိုင်းနှင့်ဘေးဒုက္ခများ (အန္တ ရာယ်များ) ကို ကာကွယ်ပေးနိုင်သော ကျွန်းများရှိနေခြင်း ကြောင့်တန်ဘိုးမဖြတ်နိုင်သောနေရာ ဒေသ တစ်ခုဖြစ်နေသည့်အပြင်၊ ပစ္စုပ္ပန်နှင့်အနာဂတ်တွင်၊ စစ်ရေး၊ နိုင်ငံရေး နှင့်စီးပွါးရေးအရ၊ စိတ်ဝင်စား မှုမြင့်တက်နေဦးမည်ဖြစ်သည်။

(၁) ရေလမ်းကြောင်းဆက်သွယ်ရေး
(Water Transporation)

ရခိုင်ပြည်နယ်၏အဓိကလမ်းပန်းဆက်သွယ်ရေးသည်ရေလမ်းဖြစ်သည်။ရခိုင်၏ရေလမ်းကြောင်း ဆက်သွယ်ရေးကိုအတွင်းလမ်းနှင့်အပြင်လမ်းအဖြစ်နှစ်လမ်းခွဲ၍သွားလာနိုင်သည် (ပုံ ၁)။ အပြင် လမ်းသည်ဘင်္ဂလားပင်လယ်ကိုအသုံးပြုပြီး၊ အတွင်းလမ်းသည်မြစ်ဝကျွန်းပေါ်ဒေသရှိမြစ်၊ ချောင်းများ ကိုအသုံးပြုသွားလာခြင်းဖြစ်သည်။ အပြင်လမ်းကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ မှ ရန်ကုန်သို့သွားနိုင် သည်။ အပြည်ပြည်ဆိုင်ရာရေပိုင်နက်မှတဆင့်လွယ်ကူစွာသွားလာနိုင်သည်။ အပြင်လမ်းသည် လှိုင်း လေကြီးမားခြင်းကိုခံရခြင်းကြောင့်၊ ကြီးမားသောလှီုင်းလေဒါဏ်ခံနိုင်သောမော်တော်ယာဉ်ဖြင့်သာသွား လာကြသည်။
အတွင်းလမ်းသည်စက်တတ်ယာဉ်နှင့်စက်မဲ့ယာဉ်များပါအသုံးပြုနိုင်သည်။မြို့များကိုဆက်သွယ် သွားလာနိုင်သည်။ ဒီရေအတက်အကျကိုမူတည်၍သွားလာရသည်။ အတွင်းလမ်းသည်သွားလာမှု အ ချိန်ပိုကြာစေသော်လည်း အန္တရာယ်ကင်းစွာသွားလာနိုင်သည်။ သို့သော်၊ ဒီရေအတက်အကျရှိနေခြင်း ကြောင့်၊ ရေအတိမ်အနက်ကို အချိန်အလိုက်ဖြစ်ပေါ်စေသည်။ ကျောက်ဆောင်များပေါများခြင်း၊ ရွံ့လ တာပြင်များရှိနေခြင်း၊ မြစ်ချောင်များကျဉ်းမြောင်းတိမ်ကောလာခြင်းနှင့် တခြားသောအခြေအနေများရှိ နေခြင်းကြောင့် သွားလာမှုမှာအန္တရာယ်ပိုရှိလာစေသည်။

ပုံ ။ရခိုင်ပြည်နယ်၏ရေလမ်းကြောင်းဆက်သွယ်မှုပြမြေပုံ (အဖြူရောင်=အပြင်လမ်း) (အနီရောင်=အတွင်းလမ်း)

ရခိုင်ကမ်းရိုးတမ်း၊ ရခိုင်ရေပြင်နှင့် မဟာမြမုနိဘုရား။ ။ ၁၇၈၄ခုနှစ်တွင်၊ ကုန်းဘောင်မင်းဆက် ဘိုးတော်မောင်ဝိုင်းက ရခိုင်ကိုစစ်နိုင်ပြီးသိမ်းပိုက်ခဲ့သည်။ ထို့နောက်၊ မဟာမြမုနိဘုရား (သုံးပိုင်းပိုင်း၍ ဘောဖေါင်များကိုသုံးပြီးသယ်ဆောင်သည်) နှင့် မြောက်များစွာသောရုပ်ထုတော်များ၊ မြောက်ဦးနန်း တော်၏အမိုးကြေးပြားများ၊ မြောက်များစွာသောငွေထည်ပစ္စည်းများ၊ တောင်ငူဘုရင်ကယိုးဒယား၊ ကန္ဘောဒီးယားကိုသိမ်းပိုက်စဉ်ကာလ၊စစ်ကူအဖြစ်ကူညီပေးခဲ့သောကြောင့်၊ ရခိုင်ဘုရင်ကိုလက်ဆောင် ပေးခဲ့သောခမာရုပ်ထုများ (ယခုအခါမန္တလေး၊ မဟာမုနိဘုရားကြီးတွင်ရှိနေသောကြေးရုပ်ထုများ) နှင့် တခြားသောပစ္စည်းများကိုမြောက်ဦးမှတောင်ကုတ်သို့ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏ ရေကြောင်းလမ်း အတိုင်းဖေါင်များဖြင့်သယ်ယူခဲ့သည် (ပုံ ၂)။ တောင်ကုတ်မှတဆင့်ပန်းတောင်းသို့၎င်း၊ ထိုမှဧရာဝတီ မြစ်အတိုင်းသယ်ယူပင့်ဆောင်သွားခဲ့သည်။ မှတ်တမ်းများအရ၊ မမင်းဖြူမှန်မှန်ပြောဟူသောမင်းကွန်း ခေါင်းလောင်းသည်လည်း သယ်ယူလာသောမြောက်ဦးနန်တော်၏အမိုးကြေးပြားများဖြင့်ဆောက်လုပ် ထားကြောင်းသိရသည်။ နောက်ထပ်အမှတ်ရစရာတစ်ခုကတော့၊ ပြည်မြို့တဘက်ကမ်းရှိ ရွှေဘုံသာမုနိ စေတီတော်သည်လည်း၊ နောက်ဆုံးကျန်ခဲ့သောရခိုင်သုံးပန်းများအတွက်၊သယ်ဆောင်လာသောမဟာ မြမုနိဘုရားများမှတစ်ဆူကိုဌာပဋာအဖြစ်ပြုပြီး၊စေတီတည်ခဲ့သည် (ပုံ ၂)။ ၎င်းပြင်၊ အမရပူရ သို့လိုက် လိုမှုမရှိသောရခိုင်စစ်သုံးပန်းများကိုလည်း၊ ဘုရားစောင့်အဖြစ်ထားခဲ့သည်ဟုသိရသည်။ ဇလွန်ပြည် တော်ပြန်ဘုရားသည်လည်းသယ်ဆောင်လာသောမဟာမြမုနိဘုရားများ၏တစ်ဆူပင်ဖြစ်နေသည်။

ပုံ ၂။ ပြည်မြို့တဘက်ကမ်းရှိရွှေဘုံသာမုနိစေတီကိုပြည်မြို့မှမြင်ရစဉ် (ဘယ်)၊ ခမာရုပ်ထုများကိုမန္တလေး မဟာမြမုနိဘုရားတွင်တွေ့ရပုံ (ညာ)

ရေလမ်းကြောင်းအတိုင်းပင့်ဆောင်သယ်ယူလာစဉ်၊ မြောက်ဦမှမြေပုံအထိ လေးမြို့မြစ်အတိုင်း ၎င်း၊ ထိုမှ၊ ခွန်းချောင်း၊ နောင်တော်မြစ်၀ (အင်ဘာမီးယားဘေး) ကိုဖြတ်ကျော်ခဲ့ပြီး၊ အဇင်းမြစ်၊ သံစစ် မြစ်အပေါ်ပိုင်း မှတဆင့်ကလိန်ဒေါင်မြစ်အဖျားမှသည်၊ မြောက်မှတောင်သို့ မြစ်အဆုံးအထိသယ်သွားခဲ့ သည်။ မအီ၊ ချက်ဖေါက်မှာလည်းရပ်နားခဲ့သေးသည်ဟုသိရသည်။ ကလိန်ဒေါင်မြစ်ဆုံးသည်နှင့် ဘယ် ဖက်တွင်ရှိသောတောင်ကုတ်ချောင်းကို ကွေ့ဝင်ရောက်ပြီး၊ ယခုတောင်ကုတ်မြို့ရှိဖေါင်တော်ဦး စေတီ တွင်ဆိုက်ရောက်ခဲ့သည်။ သိမ်သမုတ်၍တစ်မိုးရပ်တန့်နားခဲ့ပြီး၊ တောင်ကြားလမ်းဖြတ်သန်းရန်စီ စဉ် ဆောင်ရွက်ခဲ့သည်ဟုသိရသည်။
၁၃ မှ ၁၄ရာစုနှစ်များတွင်၊ ရခိုင်တို့ရေကြောင်းသွားလာရေးလုပ်ငန်းသည်တိုးတက်ပြီး၊ ပင်လယ် ကူးဆိပ်ကမ်းအဖြစ်အသုံးပြုအကောင်းဆုံးအချိန်နှင့် ရခိုင်ရေတပ်မတော်သည် ယခုဒေသအတွင်း အင် အားအကောင်းဆုံးတစ်ခုဖြစ်ခဲ့သည်ဟုလည်းသိရသည်။
ရခိုင်ပြည်နယ်၏ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသသည် မြောက်မှတောင်သို့ ကီလိုမီတာ၃၀၀ ကျော် ခန့်နှင့် အရှေ့မှအနောက်သို့ ကီလိုမီတာ၅၀ ကျော်ခန့်ရှိနေသည်။ ရှည်လျားကျဉ်းမြောင်းသော ဒေသ ဖြစ်နေသော်လည်း၊ မြောက်ဘက်တွင်ဘင်္ဂလားဒေ့ချ် နှင့် အိန္ဒိယနိုင်ငံများနှင့် ထိတွေ့ဆက်စပ်နေကြ သည်။ ရှည်လျားသောမြစ်ကြောင်းများသည်အိမ်နီးခြင်းနိုင်ငံများမှစတင်ဖြစ်ပေါ်စီးဆင်းပြီးမြစ်ဝကျွန်း ပေါ်ဖြစ်ပေါ်လာခြင်းကြောင့်မြေသြဇာကောင်းများပို့ချနေခြင်းကြောင့်စိုက်ပျိုးမွေးမြူရေးကောင်းများဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ ၁၈၅၀ခုနှစ်ခန့်တွင်၊ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသသည်ဆန်စပါးအထွက်ကောင်း သောနေရာတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရခြင်းကြောင့် စစ်တွေမြို့သည် ကုန်စည်ကူးသန်းရောင်းဝယ်ရေး အတွက်အချက်အချာမြို့တစ်မြို့ ဖြစ်လာခဲ့သည်။
ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏ တောင်ဘက်ပိုင်းဖြစ်သော ရမ်းဗြဲကျွန်းဒေသသည်ပင်လျှင်ရေ တိမ်ပိုင်း၊ရေနက်ပိုင်းနှင့်ဘေးဒုက္ခများ (အန္တရာယ်များ) ကို ကာကွယ်ပေးနိုင်သော ကျွန်းများရှိနေခြင်း ကြောင့်တန်ဘိုးမဖြတ်နိုင်သောနေရာဒေသတစ်ခုဖြစ်နေမည့်အပြင်၊ ပစ္စုပ္ပန်နှင့်အနာဂတ်တွင်၊ စစ်ရေး၊ နိုင်ငံရေး နှင့်စီးပွါးရေးအရ၊ စိတ်ဝင်စားမှုမြင့်တက်နေဦးမည်ကိုသတိပြုမိသည် (ပုံ၃)။ ၎င်းပြင်၊ ကမ်းရိုး တမ်းရှိရေနံနှင့်သဘာဝဓာတ်ငွေ့တွေ့ရှိထားမှုနှင့် နောက်နောင်တွေ့ရှိနိုင်မှုသည်လည်းစိတ်ဝင်စားမှုကို ပိုမိုမြင့်တက်နေဦးမည်ဖြစ်သည်။
ကမ်းရိုးတမ်းနှင့်ရေလမ်းခရီးကြောင့်၊ သဘဝဘေးအန္တရာယ်များ နှင့် ဆက်နွယ်တည်ရှိနေကြ သည်။ ရာသီအလိုက်မုန်းတိုင်းများကြောင့် မိုးများခြင်း၊ လေထန်ခြင်း၊ ရေလှိုင်းတက်ခြင်း၊ နှင့် ရေလွမ်း ခြင်း၊ တို့ကိုဖြစ်ပေါ်စေသည်။ ၎င်းပြင်၊ သဘဝဘေးအန္တရာယ်များဖြစ်သော ရုတ္တရက်လေပြင်း မုန်တိုင်း ဖြစ်ပေါ်ခြင်း၊ မိုးသက်လေပြင်းကျရောက်ခြင်း၊ ရေလှိုင်းများကြောင့်၎င်း၊ ဒီရေအတက်အကျကြောင့် ရေ လမ်းကြောင်းပြောင်းလဲသွားခြင်းကြောင့် သင်္ဘောများတိမ်းမှောက်သွားခြင်း၊ ကျောက်ဆောင်နှင့် ဝင် ရောက်တိုက်မိခြင်း (လူတို့ပြုလုပ်သောဘေးအန္တရာယ်) ပင်ဖြစ်ပေါ်စေသည် (ပုံ ၃)။ ရေတိမ်ပိုင်း ကို လည်းညွှန်ပြနေသည်။

ပုံ၃။ ကျောက်ဆောက်ဖြင့်တိုက်ခိုက်မှုကြောင့် အောင်တခွန်ပြည်တွင်းသွားသင်္ဘော၏ဗိုက်ပေါက်၍ နစ် မြုတ်သွားပြီး၊ရေပေါ်တွင်ပေါ်မျောနေပုံ၊ကျောက်ဖြူမြို့အရှေ့မြောက်ဘက် (၂၀၁၅?) (ဘယ်)နှင့်ကျောက် ဖြူရေနက်ဆိပ်ကမ်းရှိမဒေးကျွန်းသို့ ရေနံစိမ်းတင်သင်္ဘောကုန်ချပြီးပြန်ထွက်လာစဉ်ကို ကျောက်ဖြူမြို့မှ မြင်တွေ့ရစဉ် (ညာ)။

(၂) သဘဝဘေးဒုက္ခများ (အန္တရာယ်များ)
Natural Disasters

ဘေးဒုက္ခများ (အန္တရာယ်များ) (Dasisters) များကိုနှစ်ပိုင်းခွဲနိုင်သည် (၁) သဘဝကြောင့်ဖြစ် ပေါ်ခြင်း Natural နှင့် (၂) လူတို့၏ပြုလုပ်ခြင်းကြောင့်ဖြစ်ပေါ်ခြင်း (Man-made) တို့ဖြစ်သည်။ ဤအ ခန်းတွင် သဘဝဘေးဒုက္ခများ (အန္တရာယ်များ) Natural Disaster ကိုအတိုချုံးပြီးဆွေးနွေး မည်ဖြစ် သည်။
သဘဝဘေးဒုက္ခများ (အန္တရာယ်များ) ဆိုသည်မှာကမ္ဘာကြီး၏သဘာဝလုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ်သောအဓိကဆိုးကျိုးများဖြစ်သည်။ ဥပမာအားဖြင့်၊ မြေငလျင် earthquakes၊ မုန်တိုင်း storms၊ စူနမီ Tsunamis၊ တိုနားဒိုး tornadoes၊ ရေလှိုင်း တက်ခြင်း storm surge၊ ရေလွမ်းခြင်း flood၊ မီးတောင်ပေါက်ခြင်း Volcanic eruptions နှင့်ဘူမိဗေဒလုပ်ငန်းစဉ်များ Geological processes တို့ ပါ ဝင်သည်၊
သဘဝဘေးအန္တရာယ်ကြောင့်လူသားတို့၏ သေကြေခြင်း၊ နေထိုင်မှုဘဝပျက်စီးစေခြင်း သို့မ ဟုတ် ပိုင်ဆိုင်မှုများကိုပျက်စီးစေခြင်း၊ ၎င်းပြင်၊ စီပွါးရေးတိုးတက်မှုကိုနှေးကွေးစေခြင်း၊ ပြင်းထန် စွာသက်ရောက်မှုတို့သည်လူဦးရေထူထဲသောဒေသတို့၏ တွန်းလှန်တိုက်ဖျက်နိုင်စွမ်းမရှိခြင်း နှင့် ရရှိ နေသောအခြေခံအဆောက်အအုံတွင်တည်မီဖြစ်ပေါ်ကြသည်။ အဓိကဆိုးကျိုးများဖြစ်ပေါ်မှုအတိုင်းအ တာမြင့်တက်လာမှု သည်သက်ရောက်မှုအားနည်းခြင်းမှတွန်းလှန်နိုင်စွမ်းမရှိသောလူထုအပေါ်တွင် မူ တည်နေသည်။
သဘဝဘေးအန္တရာယ်ကိုအပိုင်းလေးပိုင်းဖြင်ခွဲခြားသတ်မှတ်လေ့လာနိုင်သည်။ (၁) ဘူမိဗေဒ ဆိုင်ရာဘေးအန္တရာယ်များ geological disasters (၂) ရေပိုင်းဆိုင်ရာဘေးအန္တရာယ်များ hydrological disasters (၃) ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ meteological disasters နှင့် (၄) လေဟာနယ် ဆိုင်ရာဘေးအန္တရာယ်များ space disasters တို့ဖြစ်သည်။

(၂က) ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ Geological disasters

(က) တောင်ပြိုခြင်း နှင့် ရေခဲတောင်ပြိုခြင်း (Landslides and Avalanches)

ထုတည်ကြီးမားသောမြေနှင့်ကျောက် (အရော) ထုသည်တောင်ပေါ်မှတောင်အောက်သို့လျော ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်၂၀၁၅ခုနှစ်က ချင်းပြည်နယ်၊ ဖလမ်းတွင် ဖြစ်ခဲ့သည် (ပုံ၄)။ ၂၀၁၇ ခုနှစ်က မွန်ပြည်နယ်၊ရေးမြို့ မှာဖြစ်ခဲ့သည် (ပုံ၄)။ တောင်ကုတ်တောင်ကြားလမ်းတွင်ဖြစ်ဘူး သည်။ လမ်းတစ် ရက်ခန့်ပိတ်သွားသည်ဟုကြားဘူးသည်။ ရခိုင်ရိုးမသည်ဖြစ်နိုင်ခြေအများးဆုံးသော ဒေသ ဖြစ်သည်။ ချင်းပြည်နယ်သည် ရခိုင်ပြည်နယ်ထက်ပို၍ဖြစ်နိုင်ခြေရှိသည်။ ဖြစ်ပေါ်ရခြင်းအ ကြောင်းရင်း မှာပျော့သောအောက်ခံကျောက်များရှိနေခြင်း (soft rocks)၊ မိုးဒဏ်၊လေ ဒဏ်ကြောင့်ကျောက်ကြေမွ ပျက်စီးသွားခြင်း ပိုများခြင်း( deep weathering ) သစ်ပင်များမရှိခြင်း (deforestation)၊ ရေစီးရေလာ မကောင်းခြင်း (poor drainage syatem)၊ လူနေထူထပ်ခြင်း (thick population)၊ နည်းပညာအခြေခံ ဆောက်လုပ်ထားမှုမရှိုခြင်းနှင့် ပြုပြင်ထိမ်းသိမ်းမှုအားနည်းခြင်း (less maintaining) တို့ကြောင့်ဖြစ် သည်။

ပုံ၄၊ တောင်ပြိုခြင်းနှင့် ရေလွမ်းခြင်းများ။ ၂၀၁၅ခုနှစ်ချင်းပြည်နယ်၊ ဖလမ်း နှင့် ၂၀၁၇ခုနှစ်၊ မွန်ပြည် နယ်၊ ရေးမြို့

(ခ) မြေငလျင်လှုပ်ခြင်း (Earthquakes)

မြေငလျင်လှုပ်ခြင်းသည် ကမ္ဘာပေါ်ရံလွာ (earth crust) မှရုတ္တရက်ထုတ်လွတ်သောအင်နာဂျီ (စွမ်းအင်) ကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်း (seismic waves) ၏ အကျိုးသက်ရောက်မှုဖြစ် သည်။ ထိုအကျိုးသက်ရောက်မှုကြောင့် ကမ္ဘာမြေမျက်နှာပေါ်တွင် တုန်ခါစေခြင်း (vibration) တုန် လှုပ်စေခြင်း (shaking) နှင့် မြေမျက်နှာသွင်ပြင်ရွေ့လျားသွားခြင်း (displacement of ground) (ဥပ မာ။ မြင့်တက်ခြင်း၊ နိမ့်ဆင်းခြင်း နှင် အလျားလိုက်ရွေ့လျားသွားခြင်း တို့ဖြစ်ပေါ်စေသည်) (ပုံ ၅၊၆)။
မြေငလျင်လှုပ်ခြင်းသည် လျောထွက်သွားစေသောဘူမိဗေဒဆိုင်ရာပြတ်ရွေ့များ (geological faults) များကြောင့် လည်းဖြစ်ပေါ်စေသည်။ မြေအောက်ရှိမြေငလျင်လှုပ်ခြင်း စတင်ဖြစ်ပေါ်သည့် နေရာကို focus (မြေအောက်ငလျင်ဗဟိုချက် (သို့) ဗဟိုပြုနေရာ) ဟုခေါ်သည်။ ဗဟိုပြုနေရာမှအ ပေါ်သို့တည့်တည့်ရှိမြေပြင်ပေါ်ရှိနေရာကို မြေပြင်ငလျင်ဗဟိုချက် (သို့) ဗဟိုပြုနေရာ) Epicenter ဟု ခေါ်သည် (ပုံ ၅)။ မြေငလျင်၏ပြင်းအားကိုရစ်တာစကေး (Richter scale 1 to 10) ကို တုန်ခါနှုန်းတိုင်း စက် (Seismometer) ဖြင့်တိုင်းတာသည်။ ပြင်းအား၁၀ထက်ကျော်လာလျှင် Moment Magnituse Scale ဖြင့်တိုင်းတာသည်။
မြေငလျင်လှုပ်ခြင်းကြောင့် လူနှင့်တိရိစ္ဆာန်များသေကြေပျက်စီးနိုင်သည့်အပြင်၊ တစ်ခြားသော ဆိုးကျိုးများ (အဆောက်အဦးများပျက်စီးစေခြင်း (building collapse)၊ မီးလောင်မှုဖြစ်ပေါ်စေခြင်း (fires)၊ စူနားမိ (Tsunamis) နှင့် မီးတောင်ပေါက်ကွဲမှုဖြစ်ပေါ်စေခြင်း (volcanic eruptions) ဖြစ်ပေါ် စေခြင်းကြောင့် လူနှင့်တိရိစ္ဆာန်များသေကြေပျက်စီးမှုဖြစ်ပေါ်စေသည်။
ကြိုတင်ကာကွယ်မှုများ (မြေငလျင်လှုပ်ခြင်းကိုခံနိုင်သော၊ ကောင်းမွန်သောအ ဆောက်အဦး ဆောက်လုပ်ခြင်း (better construction)၊ အန္တရာယ်ကာကွယ်ခြင်းဆိုင်ရာအစီအစဉ်များ (Safety systems)၊ ကြိုတင်သတိပေးဆိုင်ရာအစီအစဉ်များ (early warning and planning) ကိုစီစဉ် ဆောင် ရွက်ခြင်းဖြင့်ကာကွယ်တားဆီးပြီး၊ အန္တရာယ်ကိုလျှော့ပါးနီုင်မည်ဖြစ်သည်။
မြေငလျင်မရှိသောနေရာဟူ၍မရှိပါ။ ရခိုင်ဒေသတွင်လည်းရှိသည်။ ၁၇၆၂ခုနှစ် ဧပြီလ ၂ရက် နေ့ ၁၇.၀၀နာရီ တွင်ဖြစ်ခဲ့သည့် မြေငလျင်လှုပ်ခြင်းသည် 8.8Mw ပြင်းအားရှိခြင်းကြောင့် ရခိုင်ကမ်းရိုး တမ်းမြင့့်တက်ခြင်းနှင့်စူနားမီဖြစ် ခဲ့သည်ဟုသိပ္ပံပညာရှင်များကသက်သေပြခဲ့ကြသည် (ပုံ၇)။
ရခိုင်ဒေသနှင့်မြန်မာပြည်တွင်ဖြစ်ပေါ်နေသောငလျှင်များကိုပြထားသည် (ပုံ၆)။ ရခိုင်ဒေသ၏ င လျင်များ၊ ပြတ်ရွေ့များတည်ရှိနေမှု၊ ဘူမီဗေဒမြေထုလှုပ်လျားမှုဆိုင်ရာထိမ်းချုပ်မှုများ၊ ရခိုင်ကမ်းရိုး တမ်းမြင့်တက်မှုများ၊ စူနားမီများ၊ ရေလွမ်းခြင်း နှင့်တခြားသောအကျိုးသက်ရောက်မှုများကိုနောက် အ ခန်းများတွင်ဆက်လက်ဆွေးနွေးတင်ပြပါမည်။

ပုံ၅။ မြေငလျင်၏မြေပေါ်၊ မြေအောက်ဖြစ်ပေါ်သည့်နေရာများ (Forcus=မြေအောက်ဗဟိုပြု (ချက်) နေ ရာနှင့် Epicentre= မြေပေါ်ဗဟိုပြုနေရာ) (ဘယ်) နှင့် ပြတ်ရွေ့ကြောင့် ငလျင်ဖြစ်ပေါ်ပုံ (ညာ)

ပုံ၆။ မြေငလျင်လှုပ်ခြင်း၏ မြေပြင်ပေါ်ရှိဗဟို(ချက်) နေရာ (epicenter) (အမဲစက်များ) နှင့် အဓိကပြတ် ရွေ့ကြောင်းများ (Major Faults) (အမဲမျဉ်းကြောင်းများ) (1) Shweli Fault (2) Mogok Fault (3) Kyuakkyan Fault (4) Shanscarp Fault (5) Sagaing Fault (6) Kabaw Fault (7) Mrauk U Fault (8) Kaladan Fault

ပုံ၇။ ၁၇၆၂ခုနှစ် စစ်တကောင်းဗဟိုပြုမြေငလျင်ဖြစ်ပေါ်နေပုံ (Epocenter=အနီရောင်အဝိုင်း) (ဘယ်) နှင့် ၁၇၆၂ခုနှစ် ငလျင်ကြောင့်ဘင်္ဂလားပင်လယ်နှင့် ရခိုင်ကမ်းခြေတွင်စူနားမီဖြစ်နေပုံ (အနီရောင်) (ကျမ်းကိုး Cummins, P.R 2007 The Potential for giant Tsunamigenic Earthquakes in the northern Bay of Bengal: Nature v.449) (ညာ)။

(ဂ) မြေတွင်းပေါက် (Sinkholes)

ရခိုင်ဒေသတွင်ဖြစ်လေ့မရှိပါ။

(ဃ) မီးတောင်ပေါက်ကွဲခြင်း (Volcanic eruptions)

မီးတောင်ပေါက်ကွဲခြင်းကြောင့် ကြီးမားသောပျက်စီးမှုနှင့်နောက်ဆက်တွဲအဖြစ်အမျိုးမျိုး သော သဘာဝဘေးအန္တရာယ်များကိုဖြစ်ပေါ်စေသည် (ပုံ၁၀)။ မီးတောင်ပေါက်ကွဲခြင်းသည် ကြီးမားသော ပေါက်ကွဲအားဖြစ်ပေါ်ခြင်းကြောင့်ကျောက်ခဲများ၊ ရွံ့ရည်များမြေပြင်ပေါ်သို့ရောက်ရှိလာသည်။ ရွံ့စီး ကြောင်းများ (lava flows) များဖြစ်ပေါ်စီးဆင်းလာခြင်းကြောင့် အဆောက်အဦးများပျက်စီးခြင်း။ အပူ ချိန်ကြောင့် အပင်နှင့်တိရိစ္ဆာန်များသေကြေခြင်း တို့ကိုသေကြေပျက်စီးစေသည်။ ၎င်းပြင်၊ မီး တောင်ပြာ (Volcanic ash) ထွက်ပေါ်လာမှုကြောင့်၊ အပူချိန်လျော့ကျလာသည်နှင့် မိုးတိမ်အဖြစ်တည်ရှိနေသည်။
ရခိုင်ကမ်းရိုးတမ်းတွင်ရွံ့မီးတောင်များပေါက်ကွဲမှုများကိုသမိုင်းတလျှောက်လုံးနှင့် လက်ရှိခေတ် ကာလများတွင်တွေ့ရှိနေရပြီးဖြစ်သည်။

(၂ခ) ရေပိုင်းဆိုင်ရာဘေးအန္တရာယ်များ hydrological disasters

(က) ရေလွမ်း (ကြီး) ခြင်း (Floods)

ကုန်းမြေပေါ်သို့ရေတက်ခြင်းကိုခေါ်သည်။ ယာယီအားဖြင့်ရေလွမ်းလာပြီး၊ခြောက်သွေ့နေသော ကုန်းမြေကိုစွတ်စိုမှုဖြစ်ပေါ်စေသည်။ ရေထုတည်သည်မူလရှိရင်းစွဲထက်မြင့်တက်လာမှုကိုလည်းခေါ် သည်။ သို့သော်၊ ရာသီအလိုက်ရေထုတည်ပြောင်းလဲ မြင့်တက်နိမ့်ဆင်းခြင်းကို ရေလွမ်းခြင်းဟုမခေါ် ဆိုပါ။ စူနားမီကြောင့်ပင်လယ်ကမ်းခြေများရေလွမ်းမိုးမှုဖြစ်နိုင်သကဲ့သို့၊ မြစ်ချောင်းများတွင်လည်းရေ လွမ်းမိုးမှုဖြစ်နိုင်သည်။ ရခိုင်ဒေသရှိမြို့၊ ရွာများသည် မြစ်ချောင်းကမ်းနားနီးဒေသတွင် တည်ရှိနေခြင်း ကြောင့်၊ ရေလွမ်းခြင်းသဘဝဘေးအန္တရာယ်ကိုနှစ်စဉ်ခံစားနေကြရသည်။ ဖြစ်ပေါ်လာရခြင်းမှာ၊ မြစ် ချောင်းများ၏ဖြစ်စဉ်များ (မြစ်ကြောင်းပြောင်းလဲသွားခြင်း၊ မိုးကောင်း၍ရေပိုတိုးဝင်ခြင်း၊ မြစ်များတိမ် ကောသွားခြင်း နှင့် မြစ်ကမ်းခြေနိမ့်ဆင်းသွားခြင်း) တို့ကြောင့်ဖြစ်သည် (ပုံ )။

ပုံ ၈။ မြစ်ချောင်းတို့၏သဘာဝဖြစ်စဉ်များ (A) မြစ်ကြောင်းများပြောင်းလဲသွားခြင်း၊ မြစ်ကျိုးအင်းဖြစ်ပေါ် ပုံ။ (B) တိုက်စား၊ဖို့ချခြင်းဘေးတိုက်ဖြစ်ပေါ်ခြင်း။ (C) အပေါ်အောက်တိုက်စား၊ဖို့ချ၊ရေလွမ်းခြင်း။ (D) ရုတ္တရက်လမ်းကြောင်းပြောင်းလဲတိုက်စားခြင်း (ဘယ်)။ ဇူလိုင်လ၊ ၂၀၁၆ခုနှစ် ရခိုင်ပြည်နယ်၊ ကျောက် တော်မြို့တွင်ရေလွမ်းခြင်းတွေ့ရစဉ် (ညာ)။

လွန်ခဲ့သောနှစ်နှစ်ခန့်၊ ဒီဇင်ဘာလတွင်မွေးရပ်မြေမြို့သို့သုံးညအိပ်ခရီးအဖြစ်ရောက်ရှိခဲ့သည်။၊ သတိထားမိသည်မှာမြို့ပေါ်တွင်သိသာသောဖုန်ပြန့်လွင်မှုရှိနေခြင်းနှင့် ဖုံထူနေခြင်းကြောင့်၊ အိမ်တွင် ခဏခဏဖုံသိမ်းဆည်နေရခြင်းကိုတွေရသည်။ လမ်းသို့ထွက်သည်နှင့် ဖုံများနှင့်ပြန့်လွင်နေပြီး၊ အတော် ပင်ရှုရှိက်ခဲ့ကြရသည်။ မြို့ပေါ်ရှိလူများကိုမေးကြည့်သော်လည်းအဖြေမှန်မရခဲ့ပါ။ မိုးတွင်းပြီးသည် နှင့် ခြောက်သွေ့ရာသီဥတုတလျောက်လုံးဖုံထူနေတတ်သည်ဟုဆိုသည်။ဖုံမှုံကိုရှုရှိက်ရခြင်းကြောင့်အဆုတ် ရောဂါဖြစ်စေခြင်း၊ မျက်လုံးတိမ်စွဲကပ်စေခြင်းနှင့် တစ်ခြားသောနာတာရှည်ရောဂါများဖြစ်ပေါ်စေနိုင် သည်။
အဓိကဖြစ်ပေါ်ရခြင်းမှာချောင်းများ၏ရေလွမ်းခြင်း (overbank flooding) ကြောင့်ဖြစ်သည်။ ရေလွမ်းခြင်းကြောင့် ရေသည်ကုန်းပေါ်သို့ (လမ်းပေါ်သို့) ရေနှင့်မြေမုန်များ အတူတဂွရောက်ရှိလာ ခြင်း ဖြစ်သည်။ ထို့နောက်ရေများစီးဆင်းစိမ့်ဝင်သွားပြီးနောက် သေးငယ်သောမြေမှုံ (fine mud) များ သာ အနည်ကျကျန်ခဲ့သည် (ပုံ ၈၊c)။ ထိုလမ်းပေါ်သို့ရောက်ရှိကျန်ခဲ့သောမြေမှုံများသည်လူတို့ကြောင့် ဖုံမှုံ အဖြစ်ရောက်ရှိပြန့်လွင်းခြင်းဖြစ်ပေါ်ခဲ့သည်။ လမ်းပေါ်သို့မကျရောက်ဘဲ၊ တခြားနေရာတစ်ခု ဖြစ်ခဲ့ လျှင် မြေသြဇာအဖြစ်အသုံးပြုနိုင်မည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင်နှစ်စဉ်အဓိကဖြစ်ရန်ရှိသောသဘာဝဘေးအန္တရာယ်သည်ရေလွမ်းမိုးခြင်းဖြစ် သည်။ ရေလွမ်းမိုးခြင်းကြောင့် အဆောက်အဦးများ၊ လယ်မြေများ၊ လမ်းများပျက်စီးခြင်းနှင့် ဆည်များ ပျက်စီးခြင်းကြောင့်၊ နှစ်စဉ်ငွေကြေးမြောက်များစွာဆုံးရံှုးမှနှင့်တွေ့ကြုံနေကြရသည်။ ကာကွယ်တားဆီး နိုင်ရန်အလို့ငှာ၊နိုင်ငံတော်အစိုးရအနေဖြင့်ရေတို၊ရေရှည်စီမံကိန်းများဖြစ်သော“သဘာဝဘေးအန္တရာယ် စီစဉ်ညွှန်ကြားမှုနှင့်သီတင်းအချက်အလက်များဆိုင်ရာစနစ်” (Disaster Management Information SystemးDMIS or Emergencies and Disaster Management Syatem) များကိုချမှတ်ပြီး၊ ရပ် ကွက်ကျေးရွာအဆင့်မှ ပြည်နယ်၊နိုင်ငံတော်အဆင့်ထိချမှတ်လုပ်ဆောင်သင့်သည် (ပုံ ၁၄)။

(ခ) စူနားမိ (Tsunami)

ဂျပန်စကားဖြစ်သည်၊ စူနား=ကမ်းရိုးတမ်း၊ မိ=လှိုင်း (Harbour Waves) တုန်ခါပင်လယ်လှိုင်း သို့မဟုတ် ဒီရေလှီုင်း seismic sea wave or tidal wave) ဟုလည်းခေါ်ဆိုကြသည်။ ဆက်တိုက်၊ စဉ် ဆက်ဖြစ်ပေါ်သောရေထုတည်လှိုင်းများ၏ကြီးမားသောထုတည်သည်နေရာရွေ့လျားသွားခြင်းဖြစ်သည်(ပုံ၉)။ ထိုဖြစ်ပေါ်မှုသည် သမုဒ္ဓယာနှင့်ကြီးမားသောရေကန်များတွင်ဖြစ်ပေါ်သည်။ သမုဒ္ဓယာမြေထုချပ် (oceanic plate) နှင့် ကုန်းမြေထုချပ် (continental plate) တို့၏တိုးဝင် တိုက်ခိုက်မှုကြောင့် ပင်လယ် အောက်မြေငလျှင်လှုပ်လျားမှုကြောင့် စူနားမိဖြစ်ပေါ်ရခြင်းဖြစ်သည် (ပုံ၁၁)။ ကမ္ဘာပေါ်တွင်ဖြစ်ပေါ် သော စူနားမိများကိုလေ့လာသုံးသတ်လျင်၊ ၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလ၊ အင်ဒိုနီးရှား၊ အာချေးဒေသ ၏ ရေအောက်မြေ ပြိုမှုကြောင့်ဖြစ်ခဲ့သည် (ပုံ၉)။ ၁၉၅၈ခုနှစ် USA, Alaska, Lituya Bay ရှိဆန်တိုရီနီမီး တောင်ဟောင်းပေါက်ကွဲမှုကြောင့်မြေပြိုမှုဖြစ်ပေါ်ပြီး၊နောက်ဆက်တွဲတွင်၊စူနားမိဖြစ်ပေါ်ခဲ့သည်(ပုံ၁၀)။ ၂၀၁၁ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ဖူကူးရှိးမားတွင်၊ ပစိပိတ်သမုဒ္ဓရာအောက်ကျောက်ထုချပ် ကွဲထွက်ခြင်း (seafloor spreading of pacific ocean) ကြောင့်မြေငလျင်ဖြစ်ပေါ်ပြီး၊ စူနားမိဖြစ် ပေါ်ခဲ့သည် (ပုံ ၁၀)။

ပုံ ၉။စူနားမီသည်ပင်လယ်ရေလှီုင်း၏ထုတည်ကို နေရာပြောင်းရွေ့ခြင်းဖြစ်ပြီး၊ ရေလှိုင်းသည်ကမ်းခြေ သို့ရောက်ရှိပြီးကမ်းခြေကိုရေလွမ်းသွားခြင်းဖြစ်ပေါ်လာပုံ (ဘယ်) နှင့်ရေအောက်ပြတ်ရွေ့ကြောင့်ငလျင် ဖြစ်ပေါ်မှု (Fault) နှင့် (Landsliding) မြေပြိုကျမှုတို့ကြောင့်စူနားမီဖြစ်ပေါ်လာပုံ (ညာ)။

ပုံ ၁၀။မီးတောင်ပေါက်ကွဲမှု (volcanic eruption) ကြောင့်စူနားမီဖြစ်ပေါ်လာပုံ (ဘယ်) နှင့် သမုဒ္ဓရာ အောက်ကြမ်းပြင်ကွဲထွက်ရွေ့လျားသွားခြင်း(seafloor spreading) ကြောင့်စူနားမီဖြစ်ပေါ်လာပုံ (ညာ)။

ပုံ ၁၁။ရေအောက်မြေထုချပ်ရွေ့လျားပွတ်တိုက်တိုးဝင်မှု (subduction) ကြောင့်စူနားမီဖြစ်ပေါ်လာပုံ

(ဂ) ဓာတ်ငွေ့ပေါက်ထွက်ခြင်း (Limnic eruptions)

ရေနက်ကန်များမှဓာတ်ငွေ့များစိမ့်ထွက်ခြင်းကြောင့်တိရိစ္ဆာန်များကိုအသက်ရှုရခက်ခဲစေသည်။ စူနားမီ၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ခြင်း တို့ဖြင့်တွဲ၍ဖြစ်ပေါ်စေသည်။

(၂ ၈) ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ (Meteorological disasters)

(က) အပူပိုင်းဆိုင်ကလုံမုန်းတိုင်းများ (Tropical cyclone)

မုန်တိုင်းဟုခေါ်သော တိုင်ဖုန်း (typhoon)၊ ဆိုင်ကလုံ (cyclone) နှင့် ဟာယီကိန်း (hurricane) တို့သည်နေရာဒေသ အရအခေါ်အဝေါ်ကွာဟမှုရှိသော်လည်းဖြစ်စဉ်မှာအတူတူဖြစ်သည်။ အပူပိုင်းလေ မုန်းတိုင်း (tropical storm) သည်ပြင်းထန်သောလေ (storm winds)၊ ကြီးမားသောမိုး (heavy rainfall) နှင့် မိုးကြိုးပစ်ခြင်း (thunderstorms) များပါဝင်ပြီးဖြစ်ပေါ်စေသည်။
ရခိုင်ကမ်းရိုးတမ်းနှင့်ရခိုင်သားများအတွက်၊ ဆိုင်ကလုံမုန်းတိုင်းများသည် မထူးဆန်းလှပါ၊ နှစ်စဉ်ကြုံမြဲဖြစ်သည်။ အကြီးအသေးနှင့်အရေအတွက်သာပြောရမည်သာဖြစ်သည်။ ကမ်းရိုးတမ်း နေသူတွေရဲ့ကြံကြံခံနိုင်သောဇွဲသတ္တိကတော့အံ့မခန်းပါ။

ပုံ ၁၂။ ဂီရိမုန်းတိုင်းတိုက်ခတ်သွားရာလမ်းကြောင်း။ အောက်တိုဘာလ ၁၉-၂၀၊ ၂၀၁၀ (ဘယ်) နှင့် နာ ဂစ်မုန်းတိုင်းတိုက်ခတ်သွားရာလမ်းကြောင်း။ မေလ ၈၊ ၂၀၀၈ (ညာ)။

(ခ) ဆောင်းလေပြင်းတိုက်ခတ်ခြင်း (Blizzards)၊ ရေခဲကျခြင်း (Hailstorms) နှင့် ရေခဲမိုး (Ice storms)

ဆောင်းဥတုရာသီတွင်ဖြစ်ပေါ်ခြင်းကြောင့်၊ ကမ်းရိုးတမ်းဒေသများမှာတော့မရှိပါ။

(ဂ) လေအေးလှိုင်း (Cold waves)

ဟိမဝန္တာတောင်တန်းပေါ်မှဖြတ်သန်းလာသောလေအေးသည်ရခိုင်ကမ်းရိုးတမ်းသို့ဝင်ရောက်လေ့ရှိသည်။

(ဃ) လေပူလှိုင်း (Heat waves)

ပူပြင်းသောလေပူလှိုင်းဖြစ်သည်။ကမ္ဘာရာသီဥတုပြောင်းလဲမှုအပေါ်မူတည်၍ဖြစ်ပေါ်လာတတ် သည်။

(င) မိုးခေါင်ခြင်း (Droughts)

မြေကြီးမှာပုံမှန်မဟုတ်သောခြောက်သွေ့မှုဖြစ်ပေါ်ရခြင်းမှာမိုးရွာမှုနှုန်းနည်းနေခြင်းသည် ရေ ရှည်ဖြစ်တည်နေခြင်းကြောင့် မိုးခေါင်ခြင်း (Droughts) ဖြစ်သည်ဟုဆိုသည်။ ပူပြင်းခြောက်သွေ့သော လေတိုက်ခြင်းများ၊ ရေများခမ်းခြောက်ခြင်းကြောင့်ရေထုနည်းလာခြင်း၊ အပူချိန်မြင့်မားခြင်း နှင့် ရေငွေ့ အဖြစ်ပြောင်းလဲသွားသောမြေကြီးများ တို့သည် မိုးခေါင်ခြင်း (Droughts) ကိုဖြစ်စေသည်။
မိုးခေါင်ခြင်း (Droughts) ကြောင့်ကောက်ပဲသီးနှံများပျက်စီးစေခြင်း နှင့်သောက်သုံးရေရှားပါး မှုကိုဖြစ်ပေါ်စေသည်။

(စ) မိုးကြိုးပစ်ခြင်း (Thunderstorms)

လေပြင်းတိုက်ခြင်း၊ တိမ်တောင်များ၊ မီးတောင်ပေါက်ခြင်းကြောင့်လျှပ်စီးလစ်ခြင်းကိုဖြစ်ပေါ်စေ သည်။ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလစ်ခြင်းကြောင့် အဆောက်အဦးပျက်စီးစေခြင်း၊ မီးလောင်စေခြင်း နှင့် လူကိုသေစေနိုင်သည်။

(ဆ) တိုးနာဒိုး (Tornadoes)

ပြင်းထန်ပြီးအန္တရာယ်ရှိသော လည်ပတ်နေသောဒေါင်လိုက်လေတစ်ခုဖြစ်သည်။ ပုံသဏ္ဌာန် အမျိုးမျိုးနှင့်အရွယ်အမျိုးမျိုးရှိနိုင်သည်။ ကတော့ပုံမြင်ရသည်။ မြေပြင်သို့သေးသွယ်သွားပြီး၊ ပြီးဆုံး သွားသည် (ပုံ ၁၃)။

(ဇ) တောမီးလောင်ခြင်း (wildfires)

တောတောင်များကြီးမားစွာလောင်ကျွမ်းခြင်းဖြစ်သည်။ မိုးခေါင်ခြင်းကြောင့်ဖြစ်ပေါ်စေသည်။ တောမီးလောင်ခြင်းကြောင့်မြို့ပြဒေသအထိကူးစက်နိုင်ပြီးဒုက္ခပေးနိုင်သည်။

(၂ ဃ) လေဟာနယ်ဆိုင်ရာဘေးအန္တရာယ်များ space disasters

(က) ဥက္ကာခဲကျရောက်ခြင်း (Impact events and airburst)

စြင်္ကာဝဠာမှ ကမ္ဘာမြေပြင်ပေါ်သို့ဥက္ကာခဲကျရောက်ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်သန်း၆၃နှစ်က ဥက္ကာခဲကျရောက်ခြင်းကြောင့် Chicxulub crater ဖြစ်ပေါ်စေပြီး၊ ဒိုင်နိုဆော့များမျိုးတုန်းပျောက်ကွယ် သွားခဲ့သည်။ ၎င်းပြင်၊ ၁၄၉၀ခုနှစ်၊ Ch’ing-yang event တွင် ဥက္ကာခဲကျရောက်ခြင်းကြောင့် လူဦးရေ ၁၀၀၀၀ ခန့် သေဆုံးခဲ့သည်ဟုသိရသည်။

(ခ) စြင်္ကာဝဠာလေလှိုင်းများ (solar waves)

နေမှကမ္ဘာမြေပြင်ပေါ်သို့ တောက်ပသောဓာတ်ရောင်ခြည် (ဂမ်မာရောင်ခြည်) များကျရောက် ခြင်းကိုခေါ်ဆိုသည်။ ဓာတ်ရောင်ခြည်များပြင်းထန်လာပါကလူကိုအန္တရာယ်ဖြစ်စေနိုင်သည် (ပုံ၁၃)။

ပုံ ၁၃။ တိုးနာဒိုး (Tornadoes) ဖြစ်ပေါ်နေစဉ် (ကွမ်းခြံကုန်း၊ ဖေဝေါရီလ၊၂၀၂၀) (ဘယ်) နှင့် နေမှ တောက်ပသောစြင်္ကာဝဠာလေလှိုင်းများထွက်ရှိလာပုံ (၂၉ နိုဝင်ဘာလ၊ ၂၀၂၀) (ညာ)။

(၃) အရေးပေါ်အခြေအနေနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ
(Emergencies and Disaster Management Systemး EDMS)

အရေးပေါ်အခြေအနေဆိုင်ရာစီမံခန့်ခွဲမှု (Emergency management) ဆိုသည်မှာ လူသား ဆိုင်ရာသွင်ပြင်လက္ခဏာများ၏အရေးပေါ်အခြေအနေများ (အရန်အသင့်ဖြစ်မှု preparedness၊ ဖြေ ရှင်းပြန်ကြားတုံ့ပြန်မှု response၊ လျော့နည်းအောင်ပြုလုပ်ခြင်း mitigation၊ ပြန်လည်ကောင်းမွန်လာ ခြင်း recovery) ကို အင်အားအရင်းအနှီး နှင့် တာဝန်ဝတ္တရားများ ဖြင့်အဖွဲ့အစည်းနှင့် စီမံခန့်ခွဲခြင်း ဖြစ် သည်။ အဓိကရည်ရွယ်ချက်သည်ဘေးအန္တရာယ်များ (ဘေးဒုက္ခများ) ၏ထိခိုက်နစ်နာစေသော ဖြစ် ပေါ်မှုကိုလျှော့နည်းအောင်ပြုလုပ်ခြင်းဖြစ်သည် (ပုံ ၁၄)။
Emergency management is the organization and management of the resources and responsibilities for dealing with all humanitarian aspects of emergencies (preparedness, response, mitigation, and recovery).

ပုံ ၁၄။ ဘေးအန္တရာယ်များ၏အနေအထားနှင့် လုပ်ငန်ဆိုင်ရာဆက်စပ်မှုများ (ဘယ်) အရေးပေါ်အ ခြေ အနေနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ (ညာ)

အရေးပေါ်အခြေအနေဆိုင်ရာစီမံခန့်ခွဲမှုတွင် ကြိုတင်အစီအစဉ် (စီမံချက်) များပါရှိရမည်။ အ ရေးပေါ်အခြေအနေကြိုတင်အစီအစဉ်ဆိုသည်မှာ မြို့ပြကြိုတင်အစီအစဉ်များ နှင့်ပုံစံများ၏ စည်းမျဉ်း (ကမ်း) များကိုခေါ်ဆိုသည်။ အဓိကရည်ရွယ်ချက်သည်အရေးပေါ်အခြေအနေများလျှော့နည်းအောင် ပြုလုပ်သည့် စည်းမျဉ်း (ကမ်း) များဖြစ်သည်။
Emergency planning is a discipline of urban planning and design; it aims to prevent emergencies from occurring, and failing that, initiates an efficient action plan to mitigate the results and effects of any emergencies.
အရေးပေါ်အခြေအနေကြိုတင်အစီအစဉ်များတိုးတက်စေရန်သည် ကြိမ်ဖန်များစွာလုပ်ရသည့် လုပ်ငန်းဖြစ်ပြီး၊ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစည်းကမ်းများပါဝင်သည်။ ဥပမာအားဖြင့် (၁) အန္တရာယ် များကိုခွဲခြားခြင်း (သို့) သတ်မှတ်ခြင်း (Recognition or identification of risks)၊ အန္တရာယ်များကို အရည်အသွေး (အဆင့်အတန်း) သတ်မှတ်ခြင်း (Ranking or evaluation of risks)၊ သိသာ မြင်သာသောအန္တရာယ်များကိုဖြေရှင်းပြန်ကြားတုံ့ပြန်ခြင်း (Responding to significant risks)၊ လက် သင့်ခံနိုင်သောကွာဟချက်များ (Tolerating)၊ သုံးသတ်ဝေဖန်တင်ပြဆွေးနွေးခြင်း (Treating)၊ ပြောင်း လဲသတ်မှတ်ပေးခြင်း (Transferring)၊ အဆုံးသတ်ခြင်း (Terminating)၊ အင်အားအရင်းအနှီးများကို ထိမ်းချုပ်ခြင်းနှင့် စီမံချက်များ (Resourcing controls and planning)၊ တုံ့ပြန်ဖြစ်ပေါ်မှုစီမံချက်များ (Reaction planning)၊ အန္တရာယ်များ၏ပြုလုပ်ဆောင်ရွက်မှုကိုမှတ်တမ်းတင်ခြင်းနှင့်လေ့လာစောင့် ကြည့်ခြင်း (Reporting and monitoring risk performance) နှင့် အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဘောင် မူဆိုင်ရာကန့်သတ်ချက်များကိုပြန်လည်သုံးသတ်ဆန်းစစ်ခြင်း (Reviewing the risk management framework) တို့ပါဝင်သည် (အခြေအနေပေါ်မူတည်၍ပြောင်းလဲနိုင်သည်)။

(၄) မြန်မာနိုင်ငံနှင့် အရေးပေါ်အခြေအနေနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ တည် ဆောက်ထားမှု

ကုလသမဂ္ဂ (UN) မှဦးစီးလမ်းပြပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန် ကြီးဌာန။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့်ပူးပေါင်းလုပ်ဆောင်နေသည်ကိုတွေ့ရသည်။ သီအိုရီပိုင်း နှင့် စီမံခန့်ခွဲမှု ဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းများကိုအားကောင်းစွာတွေ့နေရသည်။ သို့သော်၊ လူအင်အား၊ ငွေ ကြေးအင်အား၊ သီတင်းဆိုင်ရာကွန်ယက်ထိမ်းချုပ်မှု၊ အောက်ခြေထိလုပ်ငန်းစီးဆင်းမှု နှင့် ကွင်းဆင်း ဆောင်ရွက်မှုများမှာ အလွန်မှအားနည်းနေကြောင်းမြင်တွေ့ရသည်။ အကျိုးဆက်အားဖြင့်၊ ၂၀၀၈ ခုနှစ် နာဂစ်လေမုန်းတိုင်း၊၂၀၁၅ခုနှစ်ချင်းတောင်မြေပြိုမှု၊၂၀၁၇ခုနှစ်ရေးမြေပြိုမှုနှင့်ရေလွမ်းမှုတို့ကိုလေ့လာ ကြည့်လျှင်၊ အဘက်ဘက်တွင်လုပ်ဆောင်မှုအားနည်းနေသည်ကိုတွေ့နေရသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အဆင့်မှသည်ကျေးရွာ၊ရပ်ကွက်အဆင့်အထိ၊ ပိုမိုကျယ်ပြန့်စွာ၊ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရင်းနှီးမှုပြုသင့်ပါသည်။

ကျမ်းကိုးအညွှန်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန။ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၂၀၁၀) မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ရေးဆွဲရေးလမ်းညွှန်။
၂။ Centre For Excellence In Disaster Management and Humanitarian Assistance (2020) Myanmar : Disater Management Reference Handbook.
၃။ The Republic of the Union of Myanmar, The Union Government, The Ministry of Social Welfare, Relief and Resettlement (7th April, 2015) Notification No. 22 / 2014.
၄။ United Nations Office for the Coordination of Humanitarian affairs (OCHA) (2014), Emergency Response Preparedness Plan (ERPP) MYANMAR Version 1.0 (Updated in June 2014)
၅။ Linda Vega Orozco (2017), Case Study: Disaster Risk Reduction and Disaster Management in Myanmar: The Roles of Employer and Business Membership Organization (ILO: International Labour Organization).
၆။ United Nation Office for the Coordination of Humanitarian Affairs (OCHA) (2017) Disaster Response Preparedness.
၇။ MIMU Disaster Risk Reduction Sector: The Disaster Risk Reduction Working Group (DRR WG).

ဆက်လက်ဖေါ်ပြပါမည်

နောက်အပတ်တွင်

ရခိုင်ကမ်းရိုးတမ်း၏ မြေငလျင်၊စူနားမီ နှင် ကမ်းခြေမြင့်တက်ခြင်း/ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း

ကျေးဇူးတင်ပါသည်။

~ ဒေါက်တာမျိုးမြင့်

(21st December 2020)

Myo Myint | on Facebook



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s