ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၃)

(The Mog Nation Wiki, an archive)


Read the author’s original post

ဒေါက်တာမျိုးမြင့်

နိဒါန်း

သဘာဝသယံဇာတသည် ရွှေ၊ငွေ၊ကျောက်သံပတ္တမြား၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ မှအပ၊ သ ဘာဝပတ်ဝန်းကျင်ကုန်းမြေနှင့်ပင်လယ်တို့ကိုပိုင်ဆိုင်နေခြင်းနှင့်၊ ၎င်းကိုအသုံးပြုနိုင်ခဲ့လျှင် တိုင်းပြည် တစ်ခုအတွက်ကြီးမားသောစီးပါွးရေး ဖွံ့ဖြိုးတိုးတက်မှုတစ်ခု ရရှိမည်ဖြစ်သည့်သယံဇာတ တစ်ခုဖြစ်နေ တော့သည်။ သို့သော်၊ လူမှုစီးပွါးရေးတိုးတက်ထွန်းကားလာသည်နှင်အမျှ၊ လူတို့သည် ကမ္ဘာကြီး၏ လေထု၊ မြေထု နှင့် ရေထုဖြစ်သောသဘာဝပတ်ဝန်းကျင်ကို မဖျက်စီးရ၊ ထိမ်းသိမ်းစောင့်ရှောက်ရ မည်ဆိုသည့်လူသားဆိုင်ရာစီးကမ်းဥပဒေသများလည်းပို၍ထွန်းကားကျယ်ပြန့်လာနေကြသည်။သဘာ ဝပတ်ဝန်းကျင်ကိုစီးပွါးဖြစ်အသုံးပြုလိုလာလျှင်၊သဘာဝပတ်ဝန်းကျင်လည်းမပျက်စီးအောင်လုပ်ဆောင်နိုင်ရန်အလို့ငှာ၊ အတပ်ပညာ၏အခန်းဂဏ္ဏသည်အလွန်အရေးကြီးသောချည်းကပ်မှုတစ်ခုဖြစ် လာ တော့သည်။ အတပ်ပညာမရှိသော၊ မပါသောရင်းနှီးမြုတ်နှံမှုသည်သဘာဝမကျသည့်အပြင်၊ တိုးတက် မှုကိုအလွန်နှေးကွေးစေပြီး၊ အရည်အသွေးနိမ့်သောထွက်ကုန်များသာရရှိမည့်အပြင်၊ ရေရှည်တွင် အောင်မြင်မှုမရရှိနိုင်သည့်အကျိုးဆက်ခံစားရပြီး၊ အထွေထွေပြဿနာများသာတွေ့ကြုံဖြေရှင်းနေရ မည်မှာမလွှဲပါ။ ထို့ကြောင့်၊ အတပ်ပညာအသီးသီး၏ဘက်ပေါင်းစုံရှုဒေါင့်မှချည်းကပ်ကိုင် တွယ်မှသာ အောက်မြင်မှုပန်းတိုင်နှင့်တွေ့ရမည်ဖြစ်သည်။

ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏မြစ်ချောင်းများ၊
Estuaries of Gissapanadi Delta

ရမ်းဗြဲကျွန်း၏မြောက်ဘက်ပိုင်းတွင် မြောက်မှတောင်သို့စီးဆင်းနေသောနတ်မြစ် (Naf river)၊ မယူမြစ် (Mayu river)၊ ကလားတန်မြစ် (Kaladan river) နှင့် လေးမြို့မြစ် (Lamro) တို့သည် အနောက်မှအရှေ့သို့အပြိုင်စီတန်းစီးဆင်းနေကြပြီး၊ ဘင်္ဂလားပင်လယ်ထဲသို့စီးဝင်ကြသည် (ပုံ၁၊၂)။

ပုံ၁။ ၂ဝံ ၄၅’ ဖြတ်ပိုင်းပုံ (အနောက်မှအရှေ့သို့)

ပုံ၂။ ၂ဝံ ၃၀’ ဖြတ်ပိုင်းပုံ (အနောက်မှအရှေ့သို့)

(ခ) မယူမြစ် (Mayu River)

မယူတောင်တန်းကိုအခြေပြု၍နာမည်ပေးထားသည်။ မန်လယူဝတီမြစ် (Manlayuwaddy River) ဟုလည်းခေါ်ဆိုကြသည်။ အရှည်အားဖြင့် ၁၅၄ကီလိုမီတာ (154km) (သို့) ၉၆ မိုင် (96miles) ရှိသည် (Wikipidea)။ ကနဦးအစပိုင်းတွင်မြစ်လက်တက်များပေါင်းစပ်စီးဝင်ကြသော်လည်း၊မြစ်တစ်ခု လုံး၏၉၅%သည်ရခိုင်ပြည်နယ်အထဲတွင်ရှိသည်။
မယူမြစ်ကိုမြောက်ဘက်ပိုင်းတွင် (ဘူးသီးတောင်မြို့၏မြောက်ဘက်) ကလားပန်းဇင်းမြစ် (Kalapanzin River) ဟုခေါ်သည်။ ဘူးသီးတောင်မြို့၏တောင်ဘက်ပိုင်းတွင် အရှေ့ဘက်မှစီးဆင်းလာ သောစိုင်းဒင်ချောင်း (Saingdin Chaung) နှင့်ပူးပေါင်းပြီးကျယ်ဝန်းသောမယူဖြစ်အဖြစ် တောင်ဘက်ရှိ ရသေ့တောင်မြို့သို့စီးဆင်းသည် (ပုံ၂၊၃)။ ၎င်းမြို့၏ပတ်ဝန်းကျင်တွင်၊ အရှေ့နှင့်အနောက်ဘက်ရှိတောင် တန်းများမှ စီးဆင်းလာသော မြစ်လက်တက်တို့သည် မယူမြစ်ထဲသို့စီးဝင်သည် (ဥပမာ။ လောင်းဇင် ချောင်း Laungzin Chaung နှင့် ပြားချောင် Pya Chaung) တို့ဖြစ်ကြသည်။
ထိုမှတဖန်၊ တောင်ဘက်တွင် ရှည်လျားသောကြွေးဒဲချောင်း (Kywede River) နှင့်ပေါင်းဝင်ပြီး၊ ဘင်္ဂလားပင်လယ်ထဲသို့မြစ်ဝကျယ် (Estuary)အဖြစ်စီးဝင်သည် (ပုံ၃၊၄)။ ကြွေးဒဲချောင်းသည် ကြွေးဒဲ တောင်တန်း၏မြောက်ပိုင်းအပေါ်မှစီးဆင်းလာပြီး (မယူမြစ်ကဲ့သို့ရှည်လျားသည်)၊ မယူမြစ်နှင့်မပေါင်း စပ်ခင်တွင် ၎င်းနှင့်အပြိုင် စီးဆင်းလာသောမြင်ဝမြစ် (Myinwa River) သည်ကြွေးဒဲချောင်းထဲ သို့ စီးဝင်သည် (ပုံ၃)။
ဘူးသီးတောင်မြို့နှင့်စိုင်းတင်ချောင်းအဝအကြားထိ၊ မယူမြစ်ကမ်းတလျှောက် (ဝဲနှင့်ယာ)၊ ဒီရေ တောများတွေ့နေရသေးသည်။ ဘူးသီးတောင်မြိုးသည်ရေချိုရေငံစပ် (Brackish water) ဖြစ်နေမည်။ တောင်ပဇာရွာမှအပေါ်ပိုင်းမှစ၍မြစ်အထက်ပိုင်းသဲခုံ (fluvial sand dunes/Bar) များပိုမိုတွေ့ရှိရ ခြင်း ကြောင့် ဒီရေအတက်အကျလွမ်းမိုးမှုမရှိတော့ဘဲ၊ ရေချိုများသာရရှိနီုင်မည်ဖြစ်သည်။ ရေငံ (salt water)၊ ရေချိုရေငံစပ် (brackish water)၊ ရေချို (fresh water) များသည် အကွာအဝေးတစ်ခုအတွင်း (ဥပမာ ၁၀မိုင်အတွင်း) ရရှိနေခြင်းကြောင့်ဂေဟစနစ် ဖြစ်ပေါ်နေမှုသည်လည်းသီးခြားဖြစ် ပေါ် လျှက်ရှိ နေသည်။ ဂေဟစနစ်ကိုအသေးစိတ်လေ့လာခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးအတွက်အခွင့်အလမ်းကောင်း များရရှိနိုင်ဦးမည်ဖြစ်သည်။
ဘူးသီးတောင်မြို့မှစ၍တောင်ဘက်ပင်လယ်ဝအထိရေဝေရေလဲဧရိယာမှာပိုမိုကျယ်ပြန့်လာသည်မှာဘင်္ဂလားပင်လယ်ဝအထိဖြစ်လာသည် (ပုံ၁၊၂၊၃၊၄)။ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏ မယူမြစ်ပေါ် တွင်အခြေခံသောမြစ်ဝကျွန်းပေါ်ဒေသငယ်တစ်ခုဖြစ်သည် (ပုံ၃၊၄)။ နှုံးမြေပို့ချမှုနှုန်းပို၍မြင့်မား လာ ခြင်း၊ မြစ်ဝကျွန်းပေါ်ဒေသပို၍ကျယ်ပြန့်လာနေခြင်းမှာ ဘင်္ဂလားပင်လယ်ပွင့်ဟလာခြင်း (opening bay of bangel) နှင့်အလျားလိုက်ပြတ်ရွေ့များရွေ့လျားခြင်းကြောင့်ဖြစ်နိုင်သည်။ ရေဝေရေလဲဧရိယာမှာပိုမို ကျယ်ပြန့်လာသည်နှင့်အမျှစိုက်ပျိုးမြေဧရိယာမှာလည်းတိုးတက်လာမည်ဖြစ်သည်။ တစ်ချို့သောဒေ သများတွင်နွေစပါးစိုက်ပျိုုးရေးကိုတွေ့နေရသည်။ ရခိုင်ပြည်၏စပါးကျီတစ်ခုဟုခေါ်ဆိုရပေမည်။
၎င်းပြင်၊ မယူမြစ်နှင့်ကြွေဒဲမြစ်တို့ပေါင်းဆုံပြီးဘင်္ဂလားပင်လယ်သို့စီးဝင်ကြပြီး၊ မြစ်ဝရေထွက် ပေါက် (River mouth) သည်အလွန်သေးငယ်သည့်အပြင်၊ သဲသောင်ခုံများ (tidal sand bars) နှင့် spit ပိတ်ဆို့ရှိနေခြင်းကြောင့်အနယ်အနှစ်များသည်ပင်လယ်သို့ထွက်သွားနိုင်ခြင်းမရှိဘဲပိတ်ဆို့နေ ပုံရ သည်။ မြစ်၀ (Estuary) အဖြစ်ပင်လယ်သို့စီးဝင်သည် (ပုံ၃)။
မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အလျှောက်မြစ်ချောင်များ၏မြောက်ဘက်အဖျားပိုင်းတွင်စီးနေသောရေချို (running water) ရရှိနိုင်မည်ဖြစ်သည်။ တောင်ဘက်မြစ်နောက်ပိုင်းတွင်ရေငံများရှိနေခြင်း ကြောင့်ရေချိုုရရှိမှုမှာခက်ခဲလာမည်။ တောင်တန်းများတွင်ရေချိုုကန်များသဘာဝအလျှောက်တွေ့ရှိ နေ ရသည်။ မြေအောက်ရေရှာဖွေရရှိရေးသည်လည်းဖြစ်ဝကျွန်းပေါ်ဒေသ၏စိန်ခေါ်မှုတစ်ခုဖြစ်နေဦးမည်။
မယူမြစ်ထဲသို့စီးဝင်သောမြစ်လက်တက်များ၊ ချောင်းများသည်အရွယ်အမျိုးမျိုးနှင့်အရှည်အမျိုး မျိုးရှိနေကြသည်။ ဒီရေအတက်အကျဖြင့်ထိမ်းချုပ်မှုရှိနေပြီး၊ ရွံ့များ (clay/mud) ကိုသာအဓိကဖို့ချ သည်။ မယူမြစ်တလျှောက် (Mayu River) ဒီရေတောဆားပွင့်မျက်ခင်း (ပြူးတော၊ပျားတော) (Tidal Salt Marsh) မှ လမု၊လမန်တော (Mangrove Forest) သို့ တဖြေးဖြေးပြောင်းလဲသွားနေသည်ကို တွေ့ရသည် (ပုံ၄)။ ၎င်းနေရာ၏အထက်ပိုင်းတွင် ဒီရေတောဆားပွင့်မျက်ခင်း (ပြူးတော၊ပျားတော) များမပေါက်ရောက်တော့ပါ။ လမု၊လမန်တောများသာရှိနေကြသည်။ မယူမြစ်ထဲသို့စီးဝင်သော ချောင်း လက်တက်များတွင်ဒီရေတောဆားပွင့်မျက်ခင်း (ပြူးတော၊ပျားတော) များမရှိဘဲ၊ လမု၊လမန်တော များသာရှိနေကြသည်။ ရေငံနှင့်ရေချိုတို့၏ရာသီပေါ်မူတည်၍ပြောင်းလဲခြင်းဖြစ်မည်။ မယူမြစ် ထဲသို့ စီးဝင်သောချောင်းလက်တက်များတွင် ဒီရေတောဆားပွင့်မျက်ခင်း (ပြူးတော၊ ပျားတော) များမရှိဘဲ၊ လမု၊လမန်တောများသာရှိနေကြသည်။
၎င်းပြင်၊ အိမ်နီးနား ချင်းနိုင် ငံဖြစ်သော ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ဂင်္ဂါမြစ်ဝကျွန်းပေါ်ရှီရေချို၊ ရေငံ ရောက်ရှိမှုကိုလေ့လာသုတေသနပြုမြေပုံရေးဆွဲပြုလုပ်ပြီး၊ရှေးလုပ်ငန်းစဉ်များဆောင်ရွက်မည်ဖြစ်သည် (ပုံ၁၂ ညာ)။
၎င်းပြင်၊ ပင်လယ်လွှမ်းမိုးသော၊ ရေငံလွှမ်းမိုးသော၊ ဒီရေကြောင့်ဖြစ်ပေါ်နေသောချောင်းငယ် (Channel/creek) များ၏ဖြစ်စဉ်ကိုရှင်းလင်းပြထားသည် (ပုံ၅)။ ဒီရေတောဆားပွင့်မျက်ခင်း (ပြူး တော၊ ပျားတော) များသာပေါက်ရောက်နေကြသည်။

ပုံ၃။ မယူမြစ်သည်ပင်လယ်ထဲသို့စီးဝင်ပြီး၊ မြစ်ဝကျယ် (Estuary) အဖြစ်ပုံဆောင်သည်။ မယူမြစ် နှင့်က လားတန်မြစ်အကြားဖြစ်တည်နေသောမြစ်ဝကျွန်းပေါ်ဒေသသည်ရခိုင်ပြည်နယ်၏စပါးကျီတစ်ခုဖြစ်နေသည်။

ပုံ၄။ မယူမြစ်တလျှောက် (Mayu River) ဒီရေတောဆားပွင့်မျက်ခင်း (ပြူးတော၊ပျားတော) (Tidal Salt Marsh) မှ လမု၊လမန်တော (Mangrove Forest) သို့ တဖြေးဖြေးပြောင်းလဲသွားပုံ။

ပုံ၅။ ပင်လယ်ဒီရေရောက်ရှိသော၊ ရေငံလွှမ်းမိုးသောချောင်းတစ်ခု၏ဖြစ်စဉ်များကိုတွေရပုံ။

(ခ – ၁) ပင်လယ်ကမ်းခြေ (Beach)

နတ်မြစ်ထိပ်မှမယူမြစ်ထိ၊ ကီလို၇၀ခန့်အလျားရှိသော၊နောက်မြောက်မှအရှေ့တောင် (NW-SE) သို့သွယ်တန်းနေသော၊ နတ်မြစ်ထိပ်မှမယူမြစ်ထိရှိသောကမ်းခြေကိုတွေ့ရသည် (ပုံ၆)။ မယူတောင် တန်းမှစီးဆင်းကြသောချောင်းငယ်များသည်ပင်လယ်ထဲသို့စီးဝင်ကြသည်။ အချို့သောနေရာ များတွင် မြစ်ဝကျွန်းပေါ်ဒေသငယ်တစ်ခုဖြစ်ပေါ်နေသည်ကိုတွေ့ရသည် (ပုံ၆)။ ဒီရေလွမ်းမြစ်ဝကျွန်းပေါ်ဒေသ (Tidal dominated delta) ဟုခေါ်သည် (ပုံ၆)။
ပင်လယ်ကမ်းခြေ (Beach)၏သဘာဝအရဖြစ်သောအချက်အလက်များကိုဖေါ်ပြထားသည် (ပုံ ၆၊၇)။ ပင်လယ်ကမ်းခြေဆိုလျှင်ကမ်းခြေကိုတိုက်စာခြင်းနှင့်ဖို့ချတိုးတက်စေခြင်းဖြစ်ပေါ်ရန်အလို့ငှာ၊ ကမ်းတက်လှိုင်း (swash) သည်ကမ်းပြန်လှီုင်း (backwash) ထက်အားနည်းနေလျှင်ကမ်းခြေသည် တိုက်စားခြင်းဖြစ်ပေါ်မည်(ပုံ၇) (တချို့သောအင်္ဂလိပ်ဆိုင်ရာအခေါ်အဝေါ်များကိုမြန်မာလိုပြန်ဆိုရန်ခက် ခဲခြင်းကြောင့်မူလအတိုင်းဖတ်ရှုရန်သာဖြစ်သည်)။

ပုံ၆။ ဒီရေလွမ်းမြစ်ဝကျွန်းပေါ်ဒေသဖြစ်တည်နေပုံနှင့်၎င်းတို့၏အခေါ်အဝေါ်များ၊ အလယ်သံကျော်ရွာ၊ မောင်းတောမြို့။

ပုံ၇။ ပင်လယ်ကမ်းခြေ (Beach) ၏ သဘာဝအရဖြစ်စဉ်များ နှင့် တိုက်စားခြင်း သည်ဖို့ချခြင်းထက်ပို အားကောင်းသောကမ်းခြေတစ်ခုတွေ့ရစဉ် (တိုက်စားခြင်း (Erosion) နှင့်ဖို့ချခြင်း (Deposition) တို့၏ (swash wave and backwash wave) မျှခြေပေါ်မူတည်၍ပင်လယ်ကမ်းခြေဖြစ်ပေါ်စေသည်။ အလယ်သံကျော်ရွာ တောင်ဘက်။ မောင်းတောမြို့နယ်။

တချိုု့သောနေရာများတွင် စီးဆင်းကြသောချောင်းငယ်များသည်ပင်လယ်ထဲသို့စီးဝင်ကြ ရာ တွင်ပင်လယ်ကမ်းရိုးတမ်းနှင့်တောင့်မတ်ကျစီးဆင်းလာပြီး၊ပင် လယ်အနီးရောက်မှကမ်းခြေနှင့်အ ပြိုင် စီးဆင်းသွားပြီးမှ၊ပင်လယ်ထဲသို့အရှိန်နှေးကွေးစွာဝင်ရောက်ကြသည် (ပုံ၈)။ ဖြစ်ပေါ်ရခြင်းမှာပင်လယ် မှလာသောလှိုင်းစီးကြောင်း longshore current များအားကောင်းလာမှုကြောင့်၊ spit များပိုမိုပို့ချခြင်း ကြောင့်ဖြစ်သည်။ spit များပိုမိုပိုချမှုသည် ကမ်းခြေနှင့်အပြိုင် တိုးပွါးလာနေခြင်းကိုတွေ့ရသည် (ပုံ၈)။
တချိုု့သောနေရာများတွင်ပင်လယ်ထဲသို့လာရာလမ်းအတိုင်းဖြောင့်တန်းစွာဖြင့်စီးဝင်ကြ သည် (ပုံ၉)။ ထိုကဲ့သို့ဖြစ်နေရခြင်းမှာ longshore current မရှိခြင်းကြောင့် spit များတည်ဆောက်မှုမရှိ ခြင်း တို့ကြောင့်ဖြစ်သည်။ ပင်လယ်နှင့်ချောင်းတို့မျှခြေတွင်တူညီမှုရှိနေုကြသည်။ သို့မဟုတ်ချောင်းတို့၏ စီး ဆင်းလာသောရေအားသည် ပင်လယ်တို့၏ ရေလှိုင်းအားတွန်းအားထက်သာလွန်မှုကြောင့်ဖြစ်မည်။
ထိုပုံသဏ္ဌာန်သုံးခုသည် ချောင်းတို့၏ စီးဆင်းလာသောရေအား၊ ပင်လယ်တို့၏ ရေလှိုင်းအား တို့ပေါ်တွင်မူတည်နေကြသည်။
ရခိုင်ကမ်းခြေ၏ကျယ်ပြန့်သော၊ သဲများဖုံးလွမ်းထား သောကမ်းခြေ (Backshore) ဖြစ်နေသော ကမ်းခြေကိုတွေ့ရသည် (ပုံ၁၀ ဘယ်)။ ၎င်းပြင်၊ကမ်းခြေတိုင်းတွင် သဲများဖုံးလွမ်းထားခြင်းမရှိ သော ကမ်းခြေဖြစ်ပေါ်နေသည်ကိုလည်းတွေ့ရသည် (ပုံ၁၀ ညာ)။

ပုံ၈။ ချောင်းသည်ပင်လယ်အနီးရောက်မှကမ်းခြေနှင့်အပြိုင်စီးဆင်းသွားပြီးမှ၊ပင်လယ်ထဲစီးဝင်ရခြင်းမှာ spit များကြောင့်ဖြစ်သည်။

ပုံ၉။ ပင်လယ်ထဲသို့လာရာလမ်းအတိုင်းဖြောင့်တန်းစွာဖြင့်စီးဝင်ကြသည် ချောင်းတို့၏စီးဆင်းလာ သော ရေအား သည် ပင်လယ်တို့၏ရေလှိုင်းအားတို့ထက်ပိုအားကောင်းနေမည်ဖြစ်သည် (spit များမရှိပါ)။

ပုံ၁၀။ ကျယ်ပြန့်သော၊ သဲများဖုံးလွမ်းထားသော Backshore ဖြစ်နေသောပင်လယ်ကမ်းခြေ၊ အင်းဒင် ရွာ၊ မောင်းတောမြို့နယ် (ဘယ်)။ တိုက်စားမှုကြောင့်၊ သဲများမရှိဘဲ၊ ကျောက်များပေါ်ထွက်နေသော ကမ်းခြေ (Rocky Beach)၊ သဝန်ချောင်း၊ မောင်းတောမြို့ (ညာ)။

ကျွန်တော်ရောက်ဘူးသောအရှေ့တောင်အာရှရှိပင်လယ်ကမ်းခြေများထဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိပင်လယ်ကမ်းခြေ (Beach) သည်အလွန်ကောင်းသော စီးပွါးရေးကမ်းခြေတစ်ခုဖြစ် သည် (ပုံ၁၁)။ ဘာလီကျွန်းရှိပင်လယ်ကမ်းခြေသည်ငပလီကဲ့သို့သဲဖြူများ (coral sands) ဖြင့်တည် ဆောက်မရှိသော်လည်း၊ လှပသောကမ်းခြေကွေ့ရှိခြင်း၊ ကမ်းခြေဆင်ခြေလျောနည်းခြင်း (less slope angle)နှင့် လှိုင်း စီးနိုင်ခြင်း (surf-wave) ကြောင့်လူကြိုက်များသောကမ်းခြေတစ်ခုဖြစ်သည်။
ကမ်းခြေရေအတိမ်အနက်ပေါ်မုတည်၍အလွန်အသုံးချနိုင်သည်။ တချို့သောရေတိမ်ပိုင်းကမ်း ခြေတို့ကိုလေအားသုံးလျှပ်စစ်ထုတ်လုပ်ရေးကိုတွင်ကျယ်စွာအသုံးပြုနေကြသည် (ပုံ၁၂ ဘယ်)။ လျှပ် စစ်ပေါကြွယ်ဝမှုသည်တိုင်းပြည်တစ်ခု၏အခြေခံအဆောက်အဦးအတွက်အလွန်အရေးကြီးပြီး၊ စီးပါွး ရေးတိုးတက်မှုအတွက်အဓိကသော့ချက်ဖြစ်သည်။ ၂၀၁၀ခုနှစ်လောက်ကထင်ပါသည်။ ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး၊ ပြည်မှတောင်ကုတ်နှင့် ကျောက်ဖြူသို့ဓါတ်အားလိုင်းကြိုးများတည်ဆောက်မှုကိုတွေ့ရ သည်။ ကျောက်ဖြူတွင်လည်းသဘာဝဓာတ်ငွေ့မှလျှပ်စစ်ထုတ်လုပ်နိုင်ရန်စီမံကိန်းဆောင်ရွက်လျှက် ရှိသည်။ ၎င်းပြင်၊ အိမ်နီးနားခြင်းနိုင်ငံဖြစ်သောဘင်္ဂလားဒေ့ချ်နိုင်ငံတွင်နျူကလီးယားလောင်စာမှ လျှပ် စစ်ထုတ်လုပ်ရန်စီမံကိန်းဆောင်ရွက်လျှက်ရှိရာ ၂၀၂၃ခုနှစ်တွင်ပြီးစီးမည်ဟုသိရသည်။

ပုံ၁၁။ ဘာလီပင်လယ်ကမ်းခြေ (Beach)၊ ဘာလီကျွန်း၊ အင်ဒိုနီးရှားနိုင်ငံ၊ Shoaling zone wave ကို မြင်တွေ့ရစဉ်။

ပုံ၁၂။ ပင်လယ်ကမ်းခြေ (Beach) တစ်ခုတွင်လေစွမ်းအင်မှလျှပ်စစ်ထုတ်လုပ်နေစဉ်။ ဥရောပတိုင်း ပြည် (ဘယ်) နှင့် ဘင်္ဂလားဒေ့ချ်ျနိုင်ငံ၊ ဂင်္ဂါမြစ်ဝကျွန်းပေါ်ရှီရေချို၊ရေငံရောက်ရှိမှုပြမြေပုံ (ညာ)။

(ခ – ၂) ဂုံးရှိန်ကျွန်းမီးပြ (Oyster Island Lighthouse)

မယူမြစ်ဝမှ၁၀ကီလိုမီတာခန့်ကွာဝေးသောနေရာတွင်၊ စိန့်မာတင်ကျွန်း (အုန်းကျွန်း)၏ တောင် ဘက်၊ ပင်လယ်ကမ်းခြေနှင့်အပြိုင် တွင်ကျွန်းတန်းတစ်ခုရှိနေသည်။ မီးပြအဖြစ်သုံးထားသည် (ပုံ၁၃)။ ပင်လယ်သဲခုံး (Shoaling/Longshore sand bar) ဖြစ်မည်ဟုခန်းမှန်းရပါသည်။ လေအားအသုံးပြုပြီး၊ လျှပ်စစ်ထုတ်လုပ်ရေးတွင်အသုံးပြုပါကပိုအကျိုးရှိမည်ဖြစ်သည်။

ပုံ၁၃။ ဂုံးရှိန်ကျွန်းမီးပြ (Oyster Island Lighthouse) ကိုအဝေးမှမြင်ရပုံ (ဒီရေတက်ချိန်။ဖျားပြည့်)။ နှင့် ဒီရေကျချိန်။ဖျားကျချိန်တွင် ပင်လယ်သဲခုံး (Longshore sand bar) ကိုတွေ့ရစဉ်။

ဆက်လက်ဖေါ်ပြပါဦးမည်။

ဒေါက်တာမျိုးမြင့်

(4th October 2020)

Myo Myint | on Facebook



The Mog Nation Wiki

Leave a comment