(The Mog Nation Wiki, an archive)
ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၂)
ဒေါက်တာမျိုးမြင့်
နိဒါန်း
ကမ်းရိုးတမ်းဒေသသည် တောင်တန်းများ၊ မြစ်ချောင်းများ၊ရေကန်များ၊ကမ်းခြေများ၊ ပင်လယ် ကွေ့များ၊ ကျွန်းများ နှင်တခြားသောပထဝီဆိုင်ရာအမှတ်အသားများသည် ပင်လယ်၊ သမုဓ္ဒရာ နှင့် ဆက်စပ်ဖွဲ့စည်းဖြစ်ပေါ်တည်ရှီနေကြသည်။ ကမ်းရိုးတမ်းဒေသနှင့်ပင်လယ်၊သမုဓ္ဒရာအဖွဲ့အစီးသည် မြေပေါ်မြေအောက် ၊ရေပေါ်ရေအောက်သယံဇာတများပေါကြွယ်လှသည်။
ကမ်းရိုးတမ်းပုံသဏ္ဌာန်ဖြစ်တည်နေမှုသည်မြေအောက်ကျောက်လွှာများနှင်၎င်းတို့၏အနေအ ထားများ၊ နှင့်ပစ္စုပ္ပန်ကာလ၏ကုန်းမြေမြင့်တက်နိမ့်ဆင်းခြင်းနှင့် တိုက်စား။သယ်ဆောင်၊ပို့ချခြင်း၊ တို့၏ မျှခြေတစ်ခုပေါ်တွင်တီမီနေသည်။ ရခိုင်ကမ်းရိုးတမ်းကိုနှစ်ပိုင်းခွဲခြားနီုင်သည်။ မြောက်ဘက်ပိုင်း တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့်တောင်ဘက်ပိုင်းတွင်ကမ်းခြေနှင့်ပင်လယ်အော်ဒေသတို့ဖြစ်သည်။
ရခိုင်ကမ်းရိုးတမ်းသည် ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသ နှင့်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့ကိုဆက် စပ်ပေးထားသောကမ်းရိုးတမ်းဒေသတစ်ခုဖြစ်နေခြင်းသည်၊ ပထဝီနိုင်ငံရေး နှင့်သယံဇာတဆိုင်ရာအ ချက်အလက်များရှိနေခြင်းကြောင့်အလွန်အရေးပါသောဒေသတစ်ခုဖြစ်လာနေသည်။
ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသအမည်သတ်မှတ်ခြင်း
Introduction to A New Name as Gissapanadi Delta
ရခိုင်ကမ်းရိုးတမ်း၏မြစ်ဝကျွန်းပေါ်ဒေသသည်ဘင်္ဂလားပင်လယ်နှင့်ရခိုင်ရိုးမတောင်တန်းများအကြားအများဆုံး ကီလိုမီတာ၁၀၀ခန့်ရကျယ်ဝန်းသည်။ အဓိကမြစ်ကြောင်းများသည် မြောက်ဘက် ပိုင်းတွင် မြောက်ဘက်မှတောင်ဘက်သို့သွယ်တန်းပြီး၊ တောင်ဘက်ပိုင်းတွင် အရှေ့မှအနောက်သို့သွယ် တန်းပြီးဘင်္ဂလားပင်လယ်ထဲသို့ ပုံအမျိုးမျိုးဖွဲ့၍စီးဝင်ကြသည်။ ကမ်းရိုးတန်း၏မြောက်ဘက်တွင်ဂင်္ဂါမြစ် ဝကျွန်းပေါ် (Gange Delta) နှင့် တောင်ဘက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ် (Ayeyarwady Delta) ဒေ သများတို့ဖြင့်ဆက်သွယ်တည်ရှိနေကြသည် (ပုံ၁)။

ပုံ၁။ ဘင်္ဂလားပင်လယ်၏အရှေ့ဘက်ကမ်းရိုးတမ်းဒေသရှိ ဒေသကိုမြစ်ဝကျွန်းပေါ်ဒေသများတည်ရှိနေ မှုကိုကောင်းကင်ဓာတ်ပုံတွင်မြင်တွေ့ရစဉ်။ ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီမြစ်၀ ကျွန်းပေါ်ဒေသ နှင့် ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ။
ရခိုင်ကမ်းရိုးတမ်း၏မြောက်ဘက်ပိုင်းတွင်ဖြစ်ပေါ်နေသောမြစ်ဝကျွန်းပေါ်ဒေသကိုဂစ္ဆပနဒီမြစ်၀ ကျွန်းပေါ်ဒေသဟုအမည်အသစ်ပေးရမည်။ ကလားတန်မြစ်ကိုအခြေပြုထားခြင်းကြောင့်ဖြစ်သည်။ ရ ခိုင်တို့သည်ကုလားတန်မြစ်ကိုဂစ္ဆပနဒီမြစ်ဟုခေါ်သည်။ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသသည်လည်းဂစ္ဆပန ဒီမြစ်နှင့်တခြားသောမြစ်တို့ကိုအခြေခံ၍ဖြစ်လာသောကြောင့်ဂစ္စပနဒီမြစ်ဝကျွန်းပေါ်ဒေသဟုနာမည် ပေးလိုခြင်းဖြစ်သည်။ ၎င်းပြင်သမိုင်းအထောက်အထားများအရ၊ ရှေးနှစ်ပေါ်င်းများစွာပင်လူ့အဖွဲ့အ စီးတစ်ခုကောင်းမွန်စွာအခြေချနေထိုင်ခဲ့ကြကြောင်းနှင့်လူယဉ်ကျေးမှုထွန်းကားခဲ့ကြောင်းကိုဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏မြောက်ဘက်ပိုင်းတွင်ရှိသောမြောက်ဦးယဉ်ကျေးမှုဒေသရှိဘုရား၊ပုထိုး၊စေတီ များ မှသက်သေပြနေလျှက်ရှိသည်။
ဂစ္ဆပနဒီမြစ်နာမည်နှင့်ပတ်သက်၍ကျွန်တော်၏သူငယ်ချင်းဖြစ်သူတေးရေးဆရာကိုမောင်မောင်ဈာန်က ”ဂစ္ဆပနဒီလှိုင်းပုတ်သံ“ သီချင်းကိုရေးသားဖွဲ့ဆိုခဲ့ပြီးတင်ပြပြီးဖြစ်သည်။ သီချင်းကိုအဆိုတော် ကိုင်ဇာမှသီဆိုခဲ့သည်။ ၁၉၈၀ခုနှစ်ကာလခန့်ကအောင်မြင်ခဲ့သောသီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
မြစ်ချောင်းများပေါများလှသောရခိုင်ကမ်းခြေ၏မြစ်ဝကျွန်းပေါ်ဒေသဖြစ်တည်နေခြင်းကြောင့်၊လူ့ သမိုင်းဆိုင်ရာအချက်အလက်များ၊ လူ့မှုဖွံဖြိုးတိုးတက်မှုများ၊ကမ်းရိုတမ်းအသုံးချမှုများ၊သတ္တဝါတို့၏ ဂေ ဟစနစ်များ၊ဘူမိပထဝီဝင်များ၊ဘူမီရုပ်သွင်များ၊မြေပေါ်မြေအောက်ဘူမီဗေဒနှင့်သယံဇာတများ၊လူသား ပထဝီဝင် (လူမှုဗေဒနှင့်လူသမိုင်းဆိုင်ရာများ)၊ လယ်ယာမြေ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ခရီးသွားလုပ် ငန်းများ၊ နှင့်တခြားသောစီးပွါးရေးလုပ်ငန်းကိုဆွေးနွေးမည်ဖြစ်သည်။
မြစ်ဝကျွန်းပေါ်ဒေသ
(Delta)
Delta ကိုမြန်မာလို “မြစ်ဝကျွန်းပေါ်ဒေသ“ ဟုပြန်ဆိုသည်။ မြစ်ဝ၊ပင်လယ်ဝရှိကျွန်းများ နှင့်ရှိ နေသောအရပ်ဒေသဟုနားလည်ရမည်ဖြစ်သည်။ သိပ္ပံပညာရှင်များအဓိပ္ပါယ်ဖွင့်ဆိုသည်မှာမြစ်ဝကျွန်း ပေါ်ဒေသ (deltas) သည်စိမ့်မြေအရပ် (wetlands) ဖြစ်ပြီး၊ မြစ်ချောင်းများတို့သည်ရေ နှင့်အနည်မှုံ များဖြင့်ဖုန်းလွှမ်းရောက်ရှိနေပြီးလျှင်တခြားသောရေရှိရာအရပ်ဒေသဖြစ်သောသမုဒ္ဓရာ၊ မြစ်ဝ၊ ရေကန် နှင့်တခြားသောမြစ်များကိုပါဖုန်းလွှမ်းနိုင်သောဒေသများကိုခေါ်သည်။ ထိုအရပ်ဒေသရှိမြစ်တို့သည်နှေး ကွေးစွာစီးဆင်းကြပြီး၊ပင်လယ်၀ (သို့) မြစ်ဝဖြစ်တည်၍အဆုံးသတ်ကြသည်။ (Deltas are wetlands that form as rivers empty their water and sediment into another body of water, such as an ocean, lake, or another river. Although very uncommon, deltas can also empty into land. A river moves more slowly as it nears its mouth, or end).
အရွယ်အစားနှင့်ပုံသဏ္ဌာန်သည် ရေဝေကုန်းတန်းများ၏ဖြစ်စဉ်များ (watershed processes) မှရရှီသောအနည်များ၊ ၎င်းကိုလက်ခံရရှိခြင်း (receiving)၊ ဖြန့်ဝေခြင်း (redistribution)၊ ထိန်းသိမ်း ထားခြင်း (sequester) နှင့် ထုတ်လွှတ်ခြင်း (export) တို့၏မျှချေရှိနေမှုပေါ်တွင်မူတည်နေသည်။ ထိုအ ချက်လက်များသည် “မြစ်ဝကျွန်းပေါ်ဒေသ“ ဖွံဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေသည်။
ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏မြစ်ချောင်းများနှင့်ကမ်းရိုးတမ်းရေအရင်းအမြစ်များ
Gissapanadi Delta of Estuaries and Coastal Waterways)
ကမ်းရိုးတမ်းတစ်ခု၏မြစ်ဝကျွန်းပေါ်ဒေသကိုလေ့လာမည်ဆိုလျှင်(၁)မြစ်ဝများ (Estuaries) နှင့် (၂) ကမ်းရိုးတမ်းရေအရင်းအမြစ်များ (Coastal waterways) ပေါ်တွင်အခြေခံရမည်။ မြစ်ဝများ (Estuary) ဆိုသည်မှာရေချို (fresh water)၊ ရေချိုရေငံစပ် (brackish water) နှင့် ရေငံများ (ပင်လယ်ရေ sea water/saline water) များရောထွေးနေသောမြစ် (River) ကိုခေါ်ဆိုသည် (Estuary, partly enclosed coastal body of water in which river water is mixed with seawater). ကမ်း ရိုးတမ်းရေအရင်းအမြစ်များ (coastal waterways) ဆိုသည်မှာကမ်းရိုးတမ်းတလျှောက်ရှိရေထုကို ဆို လိုသည် (A waterway is any navigable body of water)။ ၎င်းနှစ်ခုတို့၏ပြောင်းလဲမှုကိုထိမ်း ချုပ်ထားခြင်းသုံးခုမှာ (က)မြစ်ကြောင်းများ rivers (ခ)ရေလှိုင်းများ waves နှင့် (ဂ)ဒီရေများ tides တို့ဖြစ်ကြသည်။
ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏ဘူမိဖြစ်စဉ်များ
Gissapanadi Delta and Its Processes
နောက်နောက်မြောက်-တောင်တောင်ရှေ့ (NNW-SSE) ရှိရှည်လျားသောဝင်ရိုးရှိသည့်လွှာ တွန့် ခုန်းနှင့်လွှာတွန့်ချိုင့် (anticline and syncline) များစီရီလျှက်ရှိနေသည် (ပုံ၂)။ ဘေးတိုက် အ ညှပ်ခံရသည့်သဘောဖြစ်သည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာအိန္ဒိယမြေထုချပ်နှင့်ရခိုင်ရိုးမတောင်တန်းများ အ ကြားဘေးတိုက်အညှပ်ခံရသည့်ပြင်၊ပြတ်ရွေ့များကြောင့်မြောက်ဘက်သို့ဒ ရွတ် တိုက်ဆွဲခံရပြီး မြေပြင် ပေါ်သို့ပေါ်ထွက်လာကြသည်ဟုပညာရှင် များကလက်ခံထားကြသည်။ စိုင်းဒင် ချောင်းထိပ် တွင်ပေါ်ထွက်နေသောစိုင်းဒင်ရေတခွန်မှာလွှာတွန် ခုံး၏အလယ်ထိပ် (anticline nose) ဖြစ်ပြီး၊ ဘူးသီးတောင်အရှေ့ဘက်ရှိကန့်လန့်ဖြတ်ပြတ်ရွေ့ (cross fault) (ပုံ၂ကိုကြည့်ပါ) ကြောင့်မြေပြင် သို့ ပေါ်ထွက်နေပုံဖြစ်ဟန်ရှိသည် (ပုံ၃၊၅)။

ပုံ၂။ လွှာတွန့်ခုံး (တောင်တန်းများ) နှင့်လွှာတွန်ချိုင့် (မြေနိမ့်ပိုင်းများ) တလှည့်စီဖြစ်ပေါ်နေပုံ။ ကမ်းရိုးတမ်းဒေသ၏ကျောက်လွှာများသည် ရခိုင်ရိုးမဒေသ၏ကျောက်လွှာများသည် ကလားတန်ပြတ် ရွေ့ (Kaladan Fault) နှင့်ထိတွေ့နေကြသည် (ကြည်ခင်၊ အောင်မိုး နှင့် မျိုးမြင့် (၂၀၂၀) တို့ပူးပေါင်း ရေးဆွဲပြီး၊ ပြုပြင်ထားသည်)။

ပုံ၃၊ စိုင်းဒင်ရေတခွန်ပေါ်ထွက်ပိုင်း၊ လွှာတွန်ခုံး၏အလယ်ထိပ် (anticline nose) စိုင်းဒင်ချောင်း၊ ဘူး သီးတောင်မြို့။
Cliff and Carter (2016) ရေးဆွဲထားသော မြန်မာနိုင်ငံ၏အရှေ့အနောက်ဖြတ်ပိုင်း ပုံတွင် သိမြင် နိုင်သည် (ပုံ၄)။ အိန္ဒိယသမုဒ္ဓယာမြေထုချပ်သည်ယူရေးရှားကုန်းမြေထုချပ်အောက်သို့ တိုး ဝင်နေမှုကြောင့်မြန်မာနိုင်ငံ၏ဘူမိဖြစ်စဉ်များဖြစ်ပေါ်လာရသည်ဟုပညာရှင်များကလက်ခံထားသည်။
ပုံ၄။မြန်မာနိုင်ငံ၏ဘူမိဗေဒဖြတ်ပိုင်ပုံ (ရခိုင်ကမ်းရိုးတမ်း၊ရခိုင်ရိုးမ၊ အလယ်ပိုင်းပုပ္ပါးဒေသ နှင့် ရှမ်းရိုးမ တို့ဖြစ်သည် (Cliff and Carter (2016) ရေးဆွဲထားသည်)။
ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏မြစ်ချောင်းများ၊
Estuaries of Gissapanadi Delta
ရမ်းဗြဲကျွန်း၏မြောက်ဘက်ပိုင်းတွင် မြောက်မှတောင်သို့စီးဆင်းနေသောနတ်မြစ် (Naf river)၊ မယူမြစ် (Mayu river)၊ ကလားတန်မြစ် (Kaladan river) နှင့် လေးမြို့မြစ် (Lamro) တို့သည် အနောက်မှအ ရှေ့သို့ အပြိုင်စီတန်းစီးဆင်းနေကြပြီး၊ ဘင်္ဂလားပင်လယ်ထဲသို့စီးဝင်ကြသည် (ပုံ၅)။

ပုံ၅။ ၂ဝံ ၄၅’ ဖြတ်ပိုင်းပုံ (အနောက်မှအရှေ့သို့)
(က) နတ်မြစ် (Naf River)
နတ်မြစ်သည် အနောက်ဘက်အဆုံးမြစ်တစ်ခုဖြစ်ပြီ၊ မြန်မာနှင့်ဘင်္ဂလားဒေ့ချ်တိူ့၏ နယ်စပ်မြစ် အဖြစ်သတ်မှတ်ထားသည်။ ဘင်္ဂလားဒေ့ချ်နိုင်ငံတောင်ဘက်ပိုင်းနှစ်နေရာမှစီးဆင်းလာပြီး၊မောင်တော မြို့အဖြစ်အနောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည်။ ဘင်္ဂလားပင်လယ်နှင့်မြစ်၀ (Estuary) ကျယ်အဖြစ် ပေါင်းစပ်စီးဝင်သည် (ပုံ ၅၊၆)။ ဖျှမ်းမျအနက်ပေ၁၅၀ထိရှိသည်။ အများဆုံး၄၀၀ပေအထိရှိကြသည် (Wikipedia)။ မြစ်ဝဖြစ်သည့်အလျှောက်မြောက်ဘက်သို့ရောက်သွားသော်ရေချိုရေငံစပ်မှ (brackish water) မှတဆင့်ရေချိုရှိရာသို့ရောက်ရှိမည်ဖြစ်သည်။ တောင်ပြိုလက်ဝဲတောင်ဘက်အနီးအထိဒီရေ တောများကိုတွေ့နေရခြင်းကြောင့်ရေငံသာရှိနေဦးမည်။
နတ်မြစ်ဝသည် ဘင်္ဂလားပင်လယ်နှင့်မြစ်၀ (Estuary) ကျယ်အဖြစ်ရှိနေခြင်းကြောင့် လှိုင်း ကြောင့်ဖြစ်ပေါ်လာသောကမ်းခြေနှင့်ဒီရေတောများကိုတွေ့ရသည်။
ပုံ၆။ နတ်မြစ်ဝကျယ် (Naf Estuary) ၏ဘင်္ဂလားပင်လယ်တို့ထိတွေ့စီးဝင်ပုံ။

ပုံ၇။ နတ်မြစ် (Naf River) ၏တည်ရှိနေပုံ။
နယ်ခြားမျဉ်း (Border between Myanmar and Bangladesh)
၁၉၇၁ခုနှစ်တွင်၊ဘင်္ဂလားဒေချ်နိုင်ငံသည် အနောက်ပါကစ္စတန်မှကွဲထွက်လာသောနိုင်ငံ တစ်ခု ဖြစ်သည်။ St. Martin Island စိန့်မာတင်ကျွန်းသည်ပါကစ္စတန်ပိုင်ဆိုင်ထားသည်ကို၂၅၀၀၀၀ စကေး ရှိ ၁၉၅၅ခုနှစ်ထုတ်မြေပုံတွင်တွေ့ရသည် (ပုံ၈)။

ပုံ၈။ ၁၉၅၅ခုနှစ် US Army မှရိုက်ကူးထုတ်ဝေသော၂၅၀၀၀၀ စကေးရှိမြေမျက်နှာသွင်မြင်ပြမြေပုံ။
တိုင်းပြည်တစ်ခုနှင့်တစ်ခုနယ်ခြားမျဉ်းပိုင်းခြားသတ်မှတ်ကြရာတွင်ကုန်းမြေတွင်ပထဝီဆိုင်ရာအမှတ်အသားပေါ်မူတည်သတ်မှတ်ကြသည်။ ဥပမာအားဖြင့်၊ မြစ်၊ ချောင်း၊ တောင်ကြောတို့ဖြစ်သော ထင်ရှားသောပထဝီအမှတ်အသားများပေါ်တွင်မူတည်သတ်မှတ်သည်။ သို့သော်ပင်လယ်ပြင်ဆိုင်ရာခွဲ ခြားမှုတွင်ပိုမိုရှုတ်ထွေးလာသည်။ ၂၀၁၂ တွင်မြန်မာနှင့်ဘင်္ဂလား ဒေချ်ရေပိုင်နက်ပြသနာကိုအ ပြည် ပြည်တိုင်ရာတရားရုံးမှဆုံးဖြတ်ထားသည် (ပုံ၉)။

ပုံ၉။ မြန်မာနှင့်ဘင်္ဂလားဒေချ်ရေပိုင်နက်နယ်မြေပြမြေပုံ (AMTI: Asia Maritime Transparency Initiative မှရယူသည်)။
၎င်းသတ်မှတ်နယ်ခြားမျဉ်းသည်မြေပေါ်ရေပေါ်သာဖြစ်သည်။ မြန်မာနှင့်ဘင်္ဂလား ဒေချ်ရေ ပိုင် နက်ခွဲခြားပြီးနောက်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖေါ်ရှာဖွေရေးလုပ်ကွက်အသစ်ရယူမှုကို ဖေါ်ပြထား သည် (ပုံ၁၀)။ မူလရယူထားသောလုပ်ကွက်များထက် အရေအတွက်နည်းပါးသွားသည်။ မြေအောက် သယံဇာတခွဲဝေမှုအတွက်သက်ရောက်မှုမရှိပါ။ အကယ်၍သာ၊ပင်လယ်ပြင်မြေအောက်ရေနံသိုက် တစ် ခုကိုရေပေါ်နယ်ခြားမျဉ်းပေါ်တွင်နိုင်ငံတစ်ခုမှရှာဖွေတွေ့ရှိမှုရပြီဆိုပါကမည်ကဲ့သို့ထုတ်ယူ မည်နည်း။ သ ယံဇာတခွဲဝေမှုသည်ကြီးစွာသောပြသနာဖြစ်လာတော့မည်။
ပြသနာလျှော့နည်းနိုင်အောင်အလို့ငှာဥပမာတစခုတင်ပြလိုသည်။ ယိုးဒယားပင်လယ်ကွေ့ရှိ ယိုးဒယားနှင့်မလေးရှားနှစ် နိုင်ငံ၏ရေပိုင်နက်မျဉ်းမှဆယ်ကီလိုမီတာတစ်ဘက်စီဧရိယာအတွင်းတွင် ဖက်စပ်အတူပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်အောင်မြင်မှုပိုမိုရရှိမည်ဖြစ်သည်။

ပုံ၁၀။ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖေါ်ဆိုင်ရာလုပ်ကွက် (နယ်မြေပိုင်းခြား မှုအသစ်တွင်အ ခြေ ခံသည်) (မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE: Myanmar Oil and Gas Enterprise)။
၁၆= ရခိုင်ပင်လယ်ပြင်၊ A Arakan=ရခိုင်ပင်လယ်ပြင်ရေတိမ်ပိုင်း၊ AD Arakan Deep=ရခိုင်ပင် လယ် ပြင်ရေနက်ပိုင်း။ ၁၀=ရခိုင်ကမ်းမြောင် (ONGC: Oil and Natural Gas Corporation?)၊ ရမ်းဗြဲကျွန်း (CNOOC China National Offshore Oil Company?)
ဆက်လက်ဖေါ်ပြပါဦးမည်။
ဒေါက်တာမျိုးမြင့်
2020 September 28

Myo Myint | on Facebook
End Notes and External links
- On Facebook | “ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၂)“
- Last updated on 18th April 2022
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter