အာနန္ဒစန္ဒြမင်းကျောက်စာတိုင်

written by: မောင်ဖြူ (ကြွီတဲကျွန်း)

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရန်အောင်ဇေယျ (ခ) သျှစ်သောင်းပုထိုးတော်ကြီး၌ ရှေးဟောင်း ကျောက်စာတိုင်ကြီး တစ်ခုရှိပါသည်။ အဆိုပါ ကျောက်စာတိုင်သည် လေးမျက်နှာပါသော ကျောက်စာတိုင်ကြီး တစ်တိုင် ဖြစ်သည်။ ထိုကျောက်စာတိုင်ပါ ကျောက်စာများတွင် ရေးထိုးထားသော စာများကို ယနေ့ထိ ကမ္ဘာ့ပညာ ရှင်များသည် အာနန္ဒစန္ဒြမင်းကျောက်စာခေါ် အနောက်ဘက် မျက်နှာစာတစ်ခု မှလွဲ၍ ကျန်သော အရှေ့ ဘက်နှင့် မြောက်ဘက်တို့တွင် ရေးထိုးထားသော ကျောက်စာများကို ပြည့်စုံအောင် ဖတ်ရှုနိုင်သူ မရှိသေးပေ။

အာနန္ဒစန္ဒြမင်းကျောက်စာတိ်ုင် အရှေ့ဘက်စာ

အာနန္ဒစန္ဒြမင်းကျောက်စာတိုင် အရှေ့ဘက်မျက်နှာစာတွင် အေဒီ (၅)ရာစုခန့်က ရေးထိုးထားသော လက်ရေး လက်သားမျိုးဖြင့် စာကြောင်းရေ (၁၀၀)ခန့် ရေးထိုးထားသည်။ အရှေ့ဘက် မျက်နှာစာပါ စာလုံးတို့မှာ နှစ် ကြာညောင်းလာသည်နှင့်အမျှ ရာသီဥတု အလီလီ တိုက်စားခဲ့မှုတို့ကြောင့် အက္ခရာစာလုံးတို့မှာ ပွန်းပဲ့မှုန်ဝါးကာ စာလုံးများဖြစ်သည်ဟု ဆိုရုံလောက် ရေးရေးလေးသာ ကျန်ရှိတော့သည်။ ယင်းကို ယနေ့ ခေတ်နည်း ပညာများဖြင့် လည်း မည့်သည့်ပညာရှင်မှ ဖတ်နိုင်အောင် မစွမ်းဆောင်နိ်ုင်သေးချေ။ မြောက်ဘက်မျက်နှာစာပါ အပေါ်ဆုံးမှ စာ ကြောင်း ရေ ၄-၅ ကြောင်းခန့်သည် ဤအရှေ့ဘက်မျက်နှာစာ၏ အဆက် ဖြစ်ဟန် ရှိပေသည်။ မြောက်ဘက် မျက်နှာစာ အပေါ်ပိုင်းတွင်ပါသော ယင်းစာကြောင်းရေ လေးငါးကြောင်းခန့်သည် အေဒီ (၅ ရာစု)လက်ရေး မျိုးဖြင့် ရေးထိုးထားသော စာလုံးများဖြစ်ပြီး၊ ကျန်သော စာကြောင်းရေ (၆၉)ခန့်သည် အေဒီ (၉-၁၀ ရာစု) တွင်ရေးထိုး လက်ရေးမျိုးဖြင့် ရေးထားသည်ဟု ပညာရှင်များက ဖွင့်ဆိုထားသည်။

အာနန္ဒစန္ဒြမင်းကျောက်စာတိုင် အနောက်ဘက်မျက်နှာစာ

အနောက်ဘက်မျက်နှာတွင် စာကြောင်းရေ (၇၃)ကြောင်း ရေးထိုးပါရှိသည်။ ကျောက်စာ အောက်ခြေ စာကြောင်း ရေ (၇၃)တွင် (ဧကာဒဂါမဗ္ဒေ=၁၁ ခု)ဟု သက္ကရာဇ်ဂဏန်း ရေးထိုးထားသည်။ ထိုသက္ကရာဇ် (၁၁ ခု)ကို အကိုးအ ကား ပြု၍ အာနန္ဒစန္ဒြမင်း အနောက်ဘက် မျက်နှာစာကို (649 A.D) သာသနာသက္ကရာဇ် ၁၁၉၃ ခု၊ တွင် ရေးထိုးခဲ့ သော ကျောက်စာဖြစ်ကြောင်း သိနိုင်ပေသည်။ ဤကျောက်စာတိုင်ကို အာနန္ဒစန္ဒြမင်းကျောက်စာတိုင်ဟု ဟုခေါ်ပြီး သျှစ်သောင်းဘုရား ကျောက်စာ တိုင်ဟုလည်း ခေါ်ဝေါ်ကြပေသည်။ အာနန္ဒစန္ဒြကျောက်စာ အနောက်ဘက် စာမျက် နှာတွင် ဂါထာ အားဖြင့် (၆၅)ဂါထာ နှင့် စကားပြေတစ်ပိုဒ်ပါရှိသည်။ ဂါထာ(၆၅)ပိုဒ် ဆိုသည်မှာ အက္ခရာများဖတ်၍ မရသော အစဦး စာကြောင်း (၁-၂-၃) ကို ထည့်သွင်း ရေတွက်ထားခြင်းမဟုတ်ပေ။ ထို့အပြင် ဂါထာ၆၂ နှင့် ဂါထာ ၆၃ ကြားတွင် ဂါထာလည်းမဟုတ်၊ စကားပြေလည်းမဟုတ်သော “ အပရံစ=ထိုမှတစ်ပါး” စာတိုလေးတစ်ပါဒ ပါရှိ သည်ကိုလည်း တွေ့ရပေသည်။

ထိုအနောက်ဘက်ကျောက်စာတွင် ရခိုင်ဒေသ ဝေသာလီပြည်၌ စိုးစံခဲ့သော မင်းဆက်(၃)ဆက် ကို ရေးထိုးမှတ်တမ်း တင်ထားပေသည်။ စာကြောင်းရေ ၃ မှ ဂါထာ ၁၇ ထိသည် ပထမမင်းဆက်ဖြစ် သည်။ ထိုမင်း ဆက် တွင် မင်း(၁၅)ပါးရှိပြီး ထိုမင်းတို့၏ နန်းစံနှစ်ပေါင်းကို ဂါထာ(၁၈)တွင် (၁၀၆၀)နှစ်ဟု ရေးထိုးထားပေသည်။ ဂါထာ ၁၉ မှ ဂါထာ ၃၁ ထိသည် ဒုတိယမင်းဆက်ဖြစ်သည်။ ထိုဒုတိယမင်းဆက်တွင် မင်း(၁၃)ပါးရှိပြီး ဒုတိယမင်း ဆက်ပါ မင်းတို့၏နန်းစံနှစ်ပေါင်း ကို ဂါထာ၃၂ တွင် နှစ်ပေါင်း(၂၃၀) ဟုရေးထိုးထားသည်တွေ့ရသည်။ ထိုပြီးနောက် ဂါထာ ၃၃ မှ ဂါထာ ဂါထာ ၄၅ ထိသည် တတိယမင်းဆက်ဖြစ်သည်။ တတိယ မင်းဆက်တွင် မင်း (၉) ပါးရှိပြီး နန်းစံနှစ်မှာ (၁၂၈ နှစ် ၉လ) ဖြစ်သည်။

အာနန္ဒစန္ဒြမင်းကျောက်စာတွင် ဂါထာ ၄၅ နှင့် ၄၆ ကြားတွင် ပါရှိသော စကားပြေတစ်ပုဒ်မှ အစပြုကာ ဂါထာ (၆၀) အထိသည် ရခိုင်ဝေသာလီတွင် အာနန္ဒစန္ဒြမင်း သင်္ဂါယနာတင်ခဲ့သည်ကို ရေးထိုးထားသော ဂါထာပိုဒ်များ ဖြစ်ပေ သည်။ ဂါထာ (၆၁ ) မှ ဂါထာ ( ၆၅)အထိသည် နိုင်ငံတကာမှ သမီးကညာလက်ဆက်ပုံ၊ နှစ် နိုင်ငံချစ်ကြည်ရေး မဟာမိတ်လာဖွဲ့ပုံများကို ရေးထိုးထားသည်။ အာနန္ဒစန္ဒြမင်း ကျောက်စာတစ်ခုလုံးတွင် မင်းပေါင်း (၃၇) ပါးရှိပြီး နန်းစံနှစ်စုစုပေါင်းမှာ ကျောက်စာပါ မင်းများ၏ နန်းစံနှစ်များအရ နှစ်ပေါင်းမှာ(၁၄၁၉) နှစ် ဖြစ်သည်။ အဆိုပါ အနောက်ဘက်မျက်နှာ ကျောက်စာကို ဒေဝနာဂရီ အက္ခရာ၊ သက္ကတ ပါဠိရော ဘာသာဖြင့် ရေးထိုးထားသည်။

အာနန္ဒစန္ဒြမင်းကျောက်စာတိုင် မြောက်ဘက်မျက်နှာစာ

မြောက်ဘက် မျက်နှာစာတွင် အပေါ်ပိုင်း စာလေးငါးကြောင်းသည် အေဒီ (၅ ရာစု)ခန့်က အရှေ့ဘက်မျက်နှာစာ မှ အဆက်ဖြစ်ဟန်ရှိပေသည်။ မြောက်ဘက်မျက်နှာစာ အပေါ်ပိုင်း စာလေးငါးကြောင်းခန့်သည် အရှေ့ဘက်တစ်မျက် နှာတွင် ကျောက်စာရေးးထိုးခဲ့သည့်အခါ တစ်မျက်နှာတည်းဖြင့် မဆန့်ဖြစ်ကာ ပြီးဆုံးဟန် မရှိသောလေကြောင့် မြောက်ဘက်မျက်နှာသို့ ဆက်ကာ ရေးထိုးသည့်ဟု ယူဆရပေသည်။ ထိုကြောင့် အေဒီ (၅ ရာစု)ထိုး အရှေ့ဘက် မျက်နှာစာပါ စာလုံးတို့နှင့် မြောက်ဘက်မျက်နှာစာပါ အပေါ်ပိုင်း စာလေးငါးကြောင်းခန့်သည် လက်ရေး လက်သား တထပ်တည်း တူနေခြင်းဖြစ်ပေသည်။
ယင်းအောက်ဘက် စာကြောင်းရေ (၆၉)ကြောင်းခန့်တို့မှာ အေဒီ (၉-၁၀ ရာစု) ရေးထိုးထားသော အက္ခရာများ ဖြစ်သည်ဟု လက်ရေး လက်သား ပညာရှင် များက ခန့်မှန်းထားကြသည်။

မြောက်ဘက်မျက်နှာတွင် ကျောက်စာရေးထိုးမည့်အခါ ကျောက်စာရေးထိုးမည့်သူသည် ကျောက်တိုင်ကို ပထမ သုံးသပ်ကြည့်ခဲ့ပါလိမ့်မည်။ အရှေ့ဘက်တွင် အေဒီ(၅ ရာစု)ခန့် စာကြောင်းရေး (၁၀၀)ခန့် ရေးထိုးထားပြီးသော ကျောက်စာများ ရှိသည်ကို တွေ့မြင်ပါလိမ့်မည်။ အနောက်ဘက်မျက်နှာမှာလည်း အေဒီ (၆၄၉ )ခုနှစ်က အာနန္ဒစန္ဒြ မင်းရေးထိုးသော စာကြောင်းရေ (၇၃)ကြောင်းဖြင့် ပြည့်နေသည်ကိုလည်း တွေ့မြင်လိမ့်မည်ဖြစ်သည်။ အရှေ့ဘက် နှင့် အနောက်ဘက်တွင် စာများပြည့်နေသည်ကို တွေ့ရသောအခါ မြောက်ဘက်ကို ဆက်၍ ကြည့်ပါလိမ့်မည်။ ထို အခါ မြောက်ဘက် အပေါ်ပိုင်းတွင်လည်း အေဒီ (၅)ရာစုခန့်က လက်ရေးမျိုးဖြင့် ရေးသားထားသော စာကြောင်းရေ (၄-၅)ကြောင်းကိုလည်း မြင်တွေ့လိမ့်မည် ဖြစ်သည်။ နောက်ထပ်ကျောက်စာရေးထိုးမည့်သူသည် ကျောက်တိုင် တွင် ရွေးချယ်ရန် တောင်ဘက် တစ်မျက်တစ်ခုသာ နေရာအလွန်ကျန်နေသည်ကို တွေ့ပါလိမ့်မည်။ မြောက်ဘက် တွင် အလွတ်နေရာများကျန်နေသော်လည်း အပေါ်ပိုင်းတွင် စာလေးငါးကြောင်းရှိနေပေသည်။ လုံးဝ ကျောက်စာ ရေးထိုးခြင်းမရှိသော မျက်နှာမှာ တောင်ဘက်မျက်နှာစာ တစ်ခုသာ ရှိနေသည်။

သို့သော်လည်း အာနန္ဒစန္ဒြမင်းကျောက်စာရေးထိုးပြီးနောက်ပိုင်း ကျောက်စာတိုင်တွင် နောက်ထပ် ကျောက်စာ ရေးထိုးသောသူသည် မြောက်ဘက်မျက်နှာ အပေါ်ပိုင်းတွင် စာလေးကြောင်းရှိနေသည်ကို သိသော်လည်း အဘယ်ကြောင့် မြောက်ဘက် ကို ရွေးချယ်ကာ ကျောက်စာရေးထိုးခဲ့သနည်း ၊ ကျောက်စာရေး ထိုးခြင်းလုံးဝ မရှိသော တောင်ဘက်ကို အဘယ် ကြောင့် မရွေးချယ်ခဲ့သနည်း ဟူမူကား ကျောက်တိုင်၏ တောင်ဘက်မျက်နှာ အလယ်တည့်တည့်တွင် အပေါ်မှ အောက်နားထိ ထွင်းရာအစင်း အကြောင်းကြီး တစ်ကြောင်းက ကန့်လန့်ဖြတ် ပါနေသောကြောင့် ကျောက်စာရေး ထိုး ရာတွင် ခက်ခဲ့ မည်ဟု ထင်မြင်ယူဆသောကြောင့် မြောက်ဘက် မျက်နှာတွင် အပေါ်ပိုင်းစာလေး ငါးကြောင်း ခန့်ရှိသော်လည်း ယင်းအောက်တွင် ရေးထိုးမည်ဆိုပါက ရနိုင်ပေသည်ဟု ယူဆခဲ့ဟန်ရှိသည်။ အက္ခရာစာလုံး များသည်လည်း ခေတ်အလိုက်ကွဲပြားနေသောကြောင့် ထိုအေဒီ (၅)ရာစုခန့်က ရေးထိုး ခဲ့သော စာလေးငါးကြောင်း အောက်က မြောက်ဘက်မျက်နှာစာကို ဆက်ကာ ရေးထိုးရခြင်း ဖြစ်မည်ဟု သုံးသပ်နိုင်သည်။

အာနန္ဒစန္ဒြမင်းကျောက်စာတိုင် မြောက်ဘက်မျက်နှာစာတွင် အေဒီ (၉-၁၀)ရာစုခန့် ရေးထိုးထားခဲ့သော ကျောက်စာ (၆၉)ကြောင်းတွင်လည်း အပေါ်ပိုင်းစာလုံးများ ဖျက်ဆီးခံထားရ သည့် သဘော ခြစ်ရာ ဖျက်ရာများဖြင့် ပြည့်နှက်နေ ပေသည်။ မည်သည့်ခေတ်တွင် ဖျက်ဆီးခံခဲ့ရသည်ကို မသိပေ။ တစ်ချို့သောစာလုံးများကိုမူ ကြား ညှပ် ကြားညှပ် ဖတ်၍ ရသော စာလုံးတစ်ချို့ ကျန်နေပေသေးသည်။ သို့သော် အဓိပ္ပါယ် ၀ါကျ ဖြစ်လောက် အောင် ဖေါ်ထုတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ဤမြောက်ဘက်မျက်နှာတွင် အောက်ပိုင်းအက္ခရာများသည် တစ်ခြမ်းလောက်၌ နည်း နည်း ပါးပါး ဖတ်၍ ရနိုင်သော အက္ခရာတစ်ချို့ မင်ကူးဓါတ်ပုံတွင် မြင်တွေ့ရပေသည်။ ဤသည်ပင် ဝမ်းသာစရာ ဟု မှတ်ယူရပေမည်။ ဖတ်တတ်သူများ မြန်မြန်ပေါ်ထွက်ပါစေဟု ဆုတောင်းမိပါသည်။

တောင်ဘက်မျက်နှာစာ

အာနန္ဒစန္ဒြမင်းကျောက်စာတိုင် တောင်ဘက်မျက်နှာတွင် မည်သည့်ကျောက်စာမှ ရေးထိုးထားသည်ကို မတွေ့ရပေ။
အဘယ်ကြောင့် ခေတ်အဆက်ဆက်တွင် ဤနေရာ၌ ကျောက်စာ မရေးထိုးခဲ့ကြသနည်းဟူမူကား တောင်ဘက်မျက် နှာ တွင် အပေါ်ပိုင်းမှ အောက်နားထိ အလယ်တည့်တည့်မှ ကွဲရာ ထွင်းရာ အစင်းကြီးတစ်ခုက ကန်လန့်ဖြတ်ထား သလိုရှိနေသောကြောင့် ဖြစ်မည်ဟု ယူဆရပေသည်။

ကျောက်စာမှတ်တမ်း

အာနန္ဒစန္ဒြမင်းကျောက်စာတိုင်ပါ ကျောက်စာများ၏ မင်ကူး ဓါတ်ပုံများကို ရန်ကုန်တက္ကသိုလ်ဗဟိုစာကြည့် တိုက်ရှိ မြန်မာတိုင်ရင်းကျောက်စာများ စတုတ္ထထုပ် စာအုပ်တွင် ကျောက်စာတစ်ဖက်စီကို ဓါတ်ပုံ(၂)ဖြင့် သုံးမျက်နှာ ကို ဓါတ်ပုံ (၆)ဖြင့် ဖေါ်ပြပြီး ကျောက်တိုင်ထိပ်ရှိ ကျောက်စာကို ဓါတ်ပုံတစ်ပုံဖြင့် ဖေါ်ပြထားသည်ကိုတွေ့ရ၏။ အရှေ့ ဖက်မျက်နှာစာ အပေါ်ပိုင်းနှင့် အောက်ပိုင်းဓါတ်ပုံကို ဓါတ်ပုံနံပါတ် ၃၄၆-၃၄၇ ဖြင့်လည်းကောင်း၊ အနောက်ဖက် မျက်နှာစာရှိ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဓါတ်ပုံကို ၃၄၈-၃၄၉ ဖြင့်လည်းကောင်း၊ မြောက်ဘက်မျက်နှာစာ အပေါ် ပိုင်းနှင့် အောက် ပိုင်း ဓါတ်ပုံကို ၃၅၀-၃၅၁ ဖြင့်လည်းကောင်း၊ ကျောက်တိုင်အပေါ်ထိပ်မှ ကျောက်စာဓါတ်ပုံ ကို ၃၅၂ (က) ဖြင့်လည်း ကောင်း သိမ်းဆည်းမှတ်တမ်းတင်ထားပါသည်။

ဤကျောက်စာတိုင်သည် ရခိုင်ပြည်၌ရှိ သက္ကတ ကျောက်စာ များတွင် စာလုံး ရေအများဆုံး ရေးထိုးထား သော ကျောက်စာတိုင်တစ်ခုလည်း ဖြစ်ပေသည်။

အာနန္ဒစန္ဒြမင်းကျောက်စာအကြောင်းကို ရေးသားခဲ့သူများ

အာနန္ဒစန္ဒြမင်းကျောက်စာကို ဟိရနန္ဒဆပ်စတြိသည် အိန္ဒိယရှေးဟောင်းသုတေသနဌာန၏ 1925-26 ခုနှစ် အတွက် နှစ်ချုပ်အစီရင်ခံစာ စာမျက်နှာ ၁၄၆-၁၄၈ တွင် ဤကျောက်စာနှင့်ပက်သက်၍ မှတ်ချက်အနည်းငယ် ရေးသားခဲ့ပေသည်။ အိန္ဒိယကျောက်စာဝန် ဒေါက်တာပီအင်ချာကရာဝါတီကလည်း အောက်ဆုံးစာကြောင်းရေ ၅၀ မျှကို 1930 ကျော်လေက်က ဖတ်ခဲ့ပြိး စာအုပ်စာတမ်းအဖြစ်် ထုတ်ဝေခြင်းမပြုလုပ်နိုင်ခဲ့ဟု သိရသည်။

ယင်းနောက် အောက်စဖို့တက္ကသိုလ် ဘေလီယောကောလိပ်မှ အင်္ဂလိပ်လူမျိုး ဒေါက်တာ အီးအိပ်ချ် ဂျွန်စတင်သည် ကျောက်စာတစ်ခုလုံးကို 1935-42 အတွင်း အဓိပ္ပါယ်အပြည့်ဆုံး ဖတ်နိုင်ခဲ့သည်။ သူကွယ် လွန်သွား သည့်အခါ သူ၏စာကြမ်းကို ပါမောက္ခဆာရစ်ချပ်ဘန်း နှင့် ပါမောက္ခ ဂျီအိပ်(ခ်ျ) လုပ်(စ်)တို့၏ အကူအညီဖြင့် တည်း ဖြတ်ပြီး Bull.S.O.A.S Vol XI, pt 2, pp 357-385 တွင် Some Sanskrit Inscriptions of Arakan. ခေါင်းစဉ်ဖြင့် ထည့်သွင်းထုတ်ဝေခဲ့သည်။ ယင်းနောက်ပိုင်း ဆရာကြီး မွန်ဘိုကေသည် ယဉ်ကျေးမှု စာ စောင်တွင် “သျှစ် သောင်း ဘုရား မှ သက္ကတကျောက်စာတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးမင်းသုဝဏ် ၁၉၅၁-၅၂ နှစ်ထုတ် ဓည ဝတီ မဂ္ဂဇင်းတွင် “အာနန္ဒစန္ဒရ-ရှစ်ရာစု ခေတ် ရခိုင်မင်းတစ်ပါး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆောင်းပါး ရေး သား ခဲ့ကြသည်။ ဦးအောင်သာဦးလည်း ၁၉၆၆ ခုနှစ် စက်တင်္ဘာလထုတ် ရခိုင်ယဉ်ကျေးမှုစာစောင် အတွဲ(၁) အမှတ် (၁)တွင် “ အာနန္ဒစန္ဒြမင်းကျောက်စာတိုင် ” ဆောင်းပါးရှည် ရေးသားခဲ့သည်ကို တွေ့ရ၏ နောက်ပြီး မန္တလေး ၀ိဇ္ဇာ သိပ္ပံ တက္ကသိုလ် ပါဠိဌာနမှ ဆရာကြီးဦးမြင့် ဆွေ (သက္ကတ)သည် ၁၉၆၈ ခုနှစ် မတ်လ(၂၂) ရက်နေ့ တတိယ အကြိမ်မြောက် သုတေ သနဆွေးနွေးပွဲတွင် ဤအာနန္ဒစန္ဒြမင်းကျောက် စာ အကြောင်းကို စာတမ်း ဖတ် ခဲ့သည်ဟု သိရပြီး အဆိုပါ စာတမ်း ကို ၁၉၆၉ ခုနှစ် စက်တင်္ဘာလတွင်ထုတ်ဝေသော ပြည်ထောင်စုမြန်မာနိုင်ငံ စာပေနှင့် လူမှု ရေး သိပ္ပံ ဂျာနယ်အတွဲ ၂ အမှတ် ၃ တွင် “အာနန္ဒစန္ဒြသက္ကတကျောက်စာ” ခေါင်းစဉ်ဖြင့် ရေးသားထား ခဲ့သည်ကို တွေ့ရပါသည်။ ယင်းနောက် ဒေါက်တာသန်းထွန်း M.A,.B.L.,Ph.D(London) ကထိက မြန်မာရာဇဝင် ဌာ န၊ ရန်ကုန်တက္ကသိုလ်မှလည်း ခေတ် ဟောင်း မြန်မာရာဇဝင်စာအုပ် 1969 ခု စာမျက်နှာ ၆၅ -၈၀ ထိတွင် ရခိုင် ခေတ် ဦး ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ ဆရာကြီး ဦးစံသာအောင် ဘီအက်စီ (ဂုဏ်ထူး-ရူပဗေဒ) မဟာဝိဇ္ဇာ (ရူပဗေဒ) ဟားဗက်တက္ကသိုလ်၊ညွှန်ကြားရေးမှူချုပ် အ ထက်တန်းပညာဦးစီးဌာနသည်လည်း “အာနန္ဒစန္ဒြရှစ်ရာစု ရခိုင်ဝေသာ လီမင်း” စာအုပ်ကို ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့ကြ သည်ကိုတွေ့ရသည်။

နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ ဤအာနန္ဒစန္ဒြကျောက်စာတိုင်သည် မြန်မာနိုင်ငံသမိုင်းအတွက်သာမက ရခိုင်ဒေသနေ ဌာနေလူမျိုးစုများအတွက်သော်လည်းကောင်း၊ ရခိုင်သမိုင်းအ တွက်သော်လည်းကောင်း အဖိုးအနဂ္ဃထိုက်တန်သော ၊ သမိုင်းတန်ဖိုးကြီးမားသော ကျောက်တိုင်ကြီး တစ်တိုင်ဖြစ် ပါကြောင်း ၊ ဤကျောက်စာတိုင်ကြီး ရေရှည်တည်တံ့စေရန်အတွက် အားလုံးဝိုင်းဝန်းထိမ်းသိမ်းကြရန် လိုအပ်ပါ ကြောင်း ရေးသားလိုက်ရပါသည်။

ယခုပုံသည် မြောက်ဦးမြို့ ရှေးဟောင်းပြတိုက်တွင် ပြသထားသော အာနန္ဒစန္ဒြကျောက်စာတိုင် နှင့် ပုံသဏ္ဍာန် အတူတူ ဖန်တီးထားသော ကျောက်စာတိုင် ဖြစ်ပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)
6.11.2018- 9း35 PM


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s