တံတားကိစ္စ

(The Mog Nation Wiki, an archive)


တံတားကိစ္စ

၂၀၁၅ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့
ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ရရှိခဲ့တဲ့ NLDအစိုးရအနေနဲ့
သူ့လက်ထက် ပထမဆုံးနဲ့ အကြီးဆုံး၊ နည်းပညာအမြင့်ဆုံး တည်ဆောက်ဖွင့်လှစ်နိုင်တဲ့ မဟာဗျူဟာမြောက် တံတားတစ်စင်းကို
ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးချင်တာ သဘာဝကျတယ်လို့ မိတ်ဆွေတို့
စဉ်းစားကြည့်စေချင်ပါတယ်။

ဒီတံတားဟာ အရှည် မီတာ၁၅၀၀ ရှိပြီး စင်္ကာပူထက် နယ်မြေပိုကျယ်တဲ့ ဘီလူးကျွန်းဒေသ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးမြော်မြင်ကာ သံလွင်မြစ်ဝမှာ တည်ဆောက်တဲ့ တံတားကြီးလို့ သိရပါတယ်။ပင်လယ်ကဝင်ရင် ပထမဆုံး မြင်တွေ့ရမယ့် တံတားကြီးလည်း ဖြစ်ပါတယ်။

ဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည် ပေးတာဟာ မွန်လူမျိုးတွေကို ထိပါးချင်လို့ မဟုတ်သလို လူမျိုးကြီးဝါဒ လောင်းရိပ်မိုးချင်လို့လည်း မဟုတ်ပါဘူး။ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကို ပြန်လည်ဖော်ဆောင် မြှင့်တင်ချင်ရုံ သက်သက်ပါ။

ကျွန်တော်တို့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်နာမကို သေးသိမ်မှေးမှိန်အောင်
ဖျောက်ဖျက်ခံရတဲ့ ခေတ်ဆိုးကြီးတစ်ခု ရှိခဲ့တယ်ဆိုတာ
မေ့ပစ်လို့ မဖြစ်ပါဘူး။ဒါဟာ ပူပူနွေးနွေးသမိုင်းပါ။

ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနက တံတားကို ဆိုင်းပုဒ်တင်ဖို့ ပြင်ဆင်ချိန်ကျမှ ကန့်ကွက်သူတချို့ပေါ်လာတယ်။ကန့်ကွက်သူတွေထဲမှာ အနည်းဆုံး လူနှစ်မျိုးပါလိမ့်မယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။

တစ်မျိုးက ဗိုလ်ချုပ်ကို ပြည်ထောင်စုခေါင်းဆောင်၊အမျိုးသားခေါင်းဆောင်လို့ မခံယူနိုင်ဘဲ ဗမာခေါင်းဆောင်လို့ပဲ မြင်နေတယ်၊ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားအမည်ပဲ ပေးသင့်တယ်လို့ သူတို့ စဉ်းစားပါလိမ့်မယ်။

တစ်မျိုးကတော့ တိုင်းရင်းသားတွေအပေါ် စာနာသယောင်နဲ့ NLD နဲ့ တိုင်းရင်းသား ရန်တိုက်ပေးချင်တဲ့ အုပ်စုပါ။ ဒီလက်မည်းအုပ်စု ရှိနေတယ်ဆိုတာ ကျွန်တော်တို့ ကြပ်ကြပ် သတိချပ်ဖို့လိုပါတယ်။

ခေတ်အဆက်ဆက်အစိုးရတွေဟာ သူတို့ခေတ် ဆောက်တဲ့တံတား သူတို့ အာရုံကျတဲ့အမည် ပေးလေ့ရှိတာ ထုံးစံပါပဲ။ NLD အစိုးရအနေနဲ့လည်း ဒီထုံးစံကိုလိုက်ပြီး သူအာရုံကျတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးလိုက်ပုံ ရပါတယ်။ ဗိုလ်ချုပ်ဟာ ပြည်ထောင်စုခေါင်းဆောင်မို့ ကန့်ကွက်သူ မရှိလောက်ဘူး ထင်မှတ်တာလည်း ပါလိမ့်မယ်။

ဒါပေမယ့် နိုင်ငံရေးပယောဂဝင်လာပြီး လက်မည်းအုပ်စုရဲ့ ခြေရာလက်ရာတချို့ မြင်တွေနေရလို့ ဒီကိစ္စ လွှတ်တော်တင်တဲ့အထိ ဖြစ်လာတာပါ။NLD အစိုးရဆိုတာ ပြည်သူ့ကိုယ်စားပြုလွှတ်တော်က တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားပြုအစိုးရဖြစ်တယ် ဆိုတာ သတိပေးဖို့ လိုအပ်လာလို့ ဖြစ်ပါတယ်။

လူများစုမဲနဲ့ တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့်ချင်လို့ မဟုတ်တာ သေချာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးလို့ မွန်ဒေသနဲ့ မွန်လူမျိုးတွေအတွက် တစုံတရာ ဂုဏ်ငယ်စရာ မရှိဘူး ထင်ပါတယ်။

နောင်မှာ အလားတူကိစ္စမျိုး ကြုံရင် တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို အရင်ရယူပါလို့ NLDအစိုးရကို တောင်းဆိုလို့ရပါတယ်။NLDအစိုးရနဲ့ လွှတ်တော်ရဲ့ ဒီဆောင်ရွက်ချက်အပေါ် ခါးခါးသည်းသည်း ပြစ်တင်မောင်းမဲနေခြင်းဟာ ဘယ်သူ့အကျိုးမှ မဖြစ်၊ လက်မည်းအုပ်စုအကျိုးသာ ဖြစ်လိမ့်မယ်ဆိုတာတော့ မိတ်ဆွေတို့ အသိပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီ ချီတက်ချင်ရင် NLD နဲ့ တိုင်းရင်းသား သွေးမကွဲဖို့ လိုပါတယ်။

ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ပွဲဦးထွက်တံတားကြီးက်ို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးချင်တဲ့ NLDအစိုးရရဲ့ ပြင်းပြတဲ့ အာသီသအပေါ် နားလည်လိုက်လျောပေးဖို့ မိတ်ဆွေတို့ကို မေတ္တာရပ်ခံချင်ပါတယ်။

မောင်တင်သစ်
၁၅မတ်၂၀၁၇။




The Mog Nation Wiki

Leave a comment