လူရာချီ ပစ်သတ်ခံရသည် ဟု ဆိုကြသည့် စစ်တွေ ဆန်ပြဿနာနေ့ အဖြစ်အပျက်အား ကြားသိရသမျှ မှတ်တမ်းတင်ခြင်း

(The Mog Nation Wiki, an archive)


written by: Kyaw Zaw Oo

စစ်တွေ ၊ ၁၄ သြဂုတ်လ ၂၀၁၃

ယမန်နေ့က ရေတွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း (၄၆) နှစ်တိတိ၊ ၁၉၆၇-ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ နေ့လယ် ဆယ့်နှစ်နာရီခန့်တွင် စစ်တွေမြို့တွင် အာဏာပိုင်အချို့သည် စစ်တွေမြို့ ဆေးရုံတွင် လူနာ အယောက်ငါးဆယ်စာ နေရာ ကြိုတင်ပြင်ဆင် ထားရန် ညွှန်ကြားချက်ကို ဆေးရုံအုပ်ချုပ်သူများအား လာပေးသွားခဲ့သည်။ ထို့နောက် ထိုနေ့မွန်းလွဲပိုင်းတွင် ဆန္ဒပြလူအုပ်အား စစ်တပ်က ပစ်သတ်သည့်အတွက် ဆေးရုံတွင် ကြိုတင်မှာထားသော နေရာများပြည့်လျှံသွားရုံမကဘဲ လူပေါင်းနှစ်ရာကျော် သေဆုံးသွားခဲ့ရသည် ဟု ဆိုကြပါသည်။

ထိုနေ့ထိုရက် ထိုဝမ်းနည်းဖွယ်အဖြစ်အပျက်ကို အောက်မေ့သတိရဝမ်းနည်းသောအားဖြင့် ၂၀၁၃-ခုနှစ် သြဂုတ်လ (၁၃) ရက် ယမန်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ အနည်းဆုံး မြို့ပေါင်း ဆယ်မြို့တို့တွင် အခမ်းအနားများ ကျင်းပခဲ့ကြသည်။

၁၉၆၇-ခုနှစ်၏ ထိုဖြစ်စဉ် ထိုအချိန်က ဆန္ဒပြလူအုပ်ကို ပစ်သတ်ရန် လက်တွေ့မြေပြင်အခြေအနေထဲတွင် အမိန့်ပေးခဲ့သူမှာ ထိုစဉ်က ခလရ (၂၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတင့်လွင် ဖြစ်ပြီး၊ ထိုစဉ်က ၄င်း၏ အထက်အရာရှိမှာ ထိုစဉ်က အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးကြီး တင်ဦး (ဆောင်းပါးရေးသည့်အချိန် – ယနေ့ခတ်တွင် NLD ဦးတင်ဦး) ဖြစ်သည်။

ထိုစဉ်က အရပ်ဘက် အာဏာပိုင်များက ထမင်းငတ်နေကြသော ပြည်သူလူထုအား ဆန်ဝေပေးနိုင်မည့် အစီအစဉ်များကို ချမှတ်လုပ်ဆောင်နိုင်ရန် အားထုတ်နေကြသည့်အချိန်တွင် တပ်ဘက်က ထိပ်ပိုင်းမှလာသောအမိန့်အားဖြင့် ဆန္ဒပြသူများကို ပစ်သတ်ခဲ့ကြောင်း ထိုစဉ်ကဖြစ်ရပ်များတွင် ပါဝင်ဒဏ်ရာရခဲ့ပြီး၊ အသက်မသေဘဲ ကျန်ရစ်ခဲ့ကြသည့်သူများက ယနေ့ စစ်တွေမြို့တွင် ကျင်းပသော အောက်မေ့ဖွယ် အခမ်းအနားများတွင် ပြောကြားခဲ့ကြသည်။

ထို စစ်တွေ ဆန်ပြဿနာကို ပြန်ပြောင်းလှန်လှောကြည့်နိုင်ရန်အလို့ငှာ အောက်ပါ မှတ်စုတိုများကို နံပါတ်စဉ်ထိုး ရေးသားတင်ပြအပ်ပါသည်။ ကိုယ်တွေ့ ကြုံခဲ့ရသူများ၏ ပြောကြားချက်များကို အဓိက အခြေခံ ရေးသားပါသည်။

(၁) ထို ၁၉၆၇-ခုနှစ် သြဂုတ်လ ဖြစ်ရပ် မတိုင်မီက တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းသည် အနောက်နိုင်ငံတစ်နိုင်ငံတွင် ခွေး(ပြိုင်)ပွဲသွားလောင်းရာမှ ဒေါ်လာနှစ်သန်းဖိုး ရှုံးလာခဲ့ရာ ထိုလောင်းကစားကြွေးကို ထေနိုင် ထင့်နိုင်ရန်အတွက် တိုင်းပြည်၏ဆန်စပါးအထွက်ကို စုသိမ်းရောင်းချနိုင်ရန် ကြိုးစားနေသည် ဟု ဆိုသည်။ ဤအချက်ကို အတည်ပြုနိုင်ခြင်းမရှိပါ။ သို့ရာတွင် ဤဆန်ပြဿနာ ဖြစ်ပေါ်လာရခြင်းသည် စျေးကွက်စီးပွားရေးကို ချုပ်ကိုင်ရန်ကြိုးစားသော အစိုးရ၏ လွဲမှားစီမံခန့်ခွဲမှု (mis-management) ကြောင့် ဖြစ်ပွားခဲ့ရသည် ဆိုလျှင်မူကား အငြင်းပွားဖွယ်ရာ မရှိပေ။

(၂) ၁၉၆၇-ခုနှစ် ဇူလိုင် သြဂုတ် အတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဆန်စပါးစျေးနှုန်းသည် ဆယ်ဆခန့် ကြောက်မက်ဖွယ်ရာ ထိုးတက်သွားခဲ့ရာ နယ်ဘက်ကျေးရွာများတွင် ရွာထဲမှ မည်သူ မည်ဝါ ပိုင်သည့် (မိမိကိုယ်တိုင် ပိုင်သည့်) ဆန်စပါးကိုပင်ဖြစ်စေ ရွာပြင်သို့ ရွှေ့ပြောင်းယူသွားခွင့်မပြုသည့် ဂါမပညတ်များကို တုတ်တပြက် ဓါးတပြက်ဖြင့် ကျင့်သုံးလာကြသည်။ ရွှေတစ်ကျပ်သားလျှင် သုံးရာကျပ်သာကျသင့်သည့် ခေတ်ကာလတွင် ဆန်တစ်အိတ်၏ စျေးနှုန်း သည် ၂၀-ကျပ်မှ ၂၀၀-ကျပ်သို့ထိုးတက်သွားရာ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် မြို့ပေါ် ဆင်းရဲသားများမှာ အမှန်တကယ်ပင် ထမင်းငတ်ကြတော့သည်။ ရွှေတစ်ကျပ်သားကို ခြောက်သိန်းပေးရသည့် ခေတ်မှာဆိုလျှင် ဆန်တစ်အိတ်ကို ကျပ်ငွေ လေးသိန်းပေးမှ ဝယ်လို့ရတော့မည့် အခြေအနေမျိုးပင် ဖြစ်လေတော့သည်။

(၃) စစ်တွေမြို့ပေါ်မှ ဆင်းရဲသားမိသားစုများ (အထူးသဖြင့် ကုလားများ) ထမင်းငတ်နေကြသဖြင့် တတ်နိုင်သူအချို့က တစ်နိုင်တပိုင် ဒါနပြုကြသည်။ ထိုသို့သော ပုဂ္ဂလိက အစီအစဉ်များမှာလည်း ရေရှည် ပြုလုပ်နိုင်ခြင်းမရှိပေ။ ဥပမာ စစ်တွေ လူဂုဏ်ထံ အမျိုးသမီးတစ်ဦးသည် မိမိ၏ ငါးမူးသား ရွှေလက်ကောက်များကို တစ်နေ့တစ်ကွင်းရောင်းချကာ ဆန်တစ်အိတ်စီ ဝယ်ယူပြီး ချက်ပြုတ် လှူဒါန်းခဲ့သည် ဟု ဆိုသည်။ သို့ရာတွင် ထိုကဲ့သို့ လှူဒါန်းပြီး ဆယ့်တစ်ရက်မြောက်အကြာ လက်ကောက်ဆယ့်တစ်ကွင်း ကုန်ပြီး သောအခါ ထိုအစီအစဉ်ကို ၄င်းက ရပ်လိုက်သည် ဟု ဆိုသည်။

(၄) အင်္ဂလိပ်ခေတ်တွင် ဆူးအက်တူးမြောင်းကိုဖြတ်ကာ ဥရောပသို့ ဆန်တင်ပို့ ရောင်းချနိုင်သဖြင့် ကြွယ်ဝခဲ့သော ရခိုင်ပြည်နယ်တွင် ဆန်ပြဿနာကာလအတွင်းက မြို့ပေါ်လမ်းမကြီးတွင် နေထိုင်သည့် မိသားစုအချို့ကပင် ဆန်ပြုတ် ပြုတ်စားရသည့် အခြေအနေရောက်လာခဲ့ကြသည်။ သြဂုတ်လ (၁၁) ရက်နေ့ နှင့် (၁၂) ရက်နေ့တို့တွင် မငြိမ်မသက်မှုများ စတင်ဖြစ်ပွားသည်။ စစ်တွေမြို့ပေါ်တွင် လူအများ ထမင်းငတ်နေကြသော်လည်း အစိုးရက ကုန်သွယ်/လယ်ယာဌာန အားဖြင့် ဝယ်ယူသိမ်းဆည်းကာ နိုင်ငံခြားသို့ တင်ပို့မည့် ဆန်များကို တင်ဆောင်ထားသည့် သင်္ဘောကြီးတစ်စီး မြစ်ထဲမှာ ရပ်ထားသည်ကို မြင်နေရသည် ဟုလည်း ဆိုသည်။ ထို့အပြင် ဆန်တင် ဗျတ် (ခေါ်) အင်ဂျင်မဲ့ ကုန်တင် ဆွဲသင်္ဘော နှစ်စီးလည်း စစ်တွေအနီး ရေပြင်တွင် ရှိနေသည်။ သြဂုတ်လ (၁၁) ရက်နေ့တွင် ငတ်ပြတ်နေကြသောမိသားစုများသည် ထိုဆန်တင် ရေယာဉ်နှစ်စီးပေါ်မှ ဆန်များ နှင့် ကုန်းပေါ်ရှိ ဆန်ဂိုဒေါင်တစ်လုံးကို ဖောက်ကာ ဆန်များကို တစ်နိုင်တပိုင် လာရောက်ယူငင်ကြသည်။ ထိုရေယာဉ်များပေါ်မှ ဆန်များလာရောက် ယူငင်ခြင်းကို မပြုနိုင်ကြစေရန် ရေယာဉ်များကို ကမ်းအနီးကပ်ထားရာကနေ အဝေးသို့ မောင်နှင်သွားစေရာ တွင် ဆန်ယူနေသူအမျိုးသမီးများ ရေယာဉ်ပေါ် ပါသွားခဲ့သည် ဆိုသော သတင်းများထွက်ပေါ်လာရာ ပိုမိုမငြိမ်မသက် ဖြစ်လာခဲ့သည်။

(၅) ထိုစဉ်က အရပ်ဘက်ဒေသဆိုင်ရာ အာဏာပိုင်များတွင် လမ်းစဉ်ပါတီ၏ ဒေသပါတီကော်မတီ တိုင်းခွဲ (၁၃) မှာ ရခိုင်ပြည်နယ်၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။ ထိုထိုသော ဒေသအာဏာပိုင်အပေါင်းတို့ကလည်း ဤအကျပ်အတည်းကို မည်ကဲ့သို့ ကျော်လွှားရမည်ဆိုသည်ကို အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ကြသည်။ အဆိုပါဆွေးနွေးပွဲများတွင် နိုင်ငံတော်က စပါးဝယ်ယူကာနိုင်ငံခြားတင်ပို့ခြင်းကို အလေးပေးလိုသည့် လေသံဖြင့် မျက်နှာလို မျက်နှာရ လေသံဖြင့် ဆွေးနွေးခဲ့သည် ဟု (ဆန်အစည်းအဝေး ခေါ်) ဆွေးနွေးပွဲများပြင်ပသို့ သတင်းထွက်လာသည့် အစည်းအဝေးတက်ရောက်သူ သုံးဦးဖြစ်သည့် (မြို့မိမြို့ဖလိုလို လူထုကိုယ်စားလှယ် လိုလို ပုဂ္ဂိုလ်များ ဖြစ်ကြသည့် ) ဦးမောင်ဦးကျော် ၊ ဦးဘခင် နှင့် ဦးကျော်မောင်တို့၏ မိသားစု နေအိမ် အသီးသီးမှာ သြဂုတ်လ (၁၂) ရက်နေ့တွင် လူအုပ်စုများ၏ ခဲဖြင့်ပစ်ပေါက်ခြင်းကို ခံရသည်။ ထိုဖြစ်စဉ်ထဲက သမိုင်းဝင်စကားတစ်ခွန်းမှာ လမ်းစဉ်ပါတီ၏ တိုင်းခွဲ (၁၃)၏ အကြီးအကဲတစ်ဦးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ရွှေဇံအောင် (ရေတပ်) ၏ စကားဖြစ်သည်။ “ဆန်မရှိရင် မုန့်တီစား” သင့်သည် ဟု ၄င်းက ပြောခဲ့သည် ဟု ဆိုရာ ပြည်သူအများက ဒေါသ အကြီးအကျယ် ထွက်ကြသည် ဟု ဆိုသည်။ (၄င်းက ထိုအတိုင်းပြောခဲ့ခြင်း ဟုတ်ချင်မှ ဟုတ်မည် ဟု ယူဆရသည်။ ရခိုင်တွေက မုန့်တီကို အရမ်းကြိုက်တော့ ဒီလိုရှားပါးနေတဲ့ အချိန်မှာ ဆန်အခြေခံ ရိုးရာစားစရာဖြစ်တဲ့ မုန့်တီကိုလည်း အစားထိုးအားပြု စားကြဖို့ ဆိုသည့်သဘော ပြောခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည် ဟု ခန့်မှန်းရကြောင်း ခေတ်ပြိုင်ပုဂ္ဂိုလ်အချို့က ဆိုသည်။ )

(၆) သြဂုတ်လ (၁၃) ရက်နေ့ မွန်းတည့် (၁၂) နာရီတွင် ရာချီသော လူအုပ်စုဖြင့် စစ်တွေမြို့ ဝင်္ကဘာကွင်းအနီး အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး စုရပ်မှ နေ၍ ဆန္ဒပြလူအုပ် စတင်ချီတက်သည်။ ဦးခိုင်အောင်ကျော် ရေးသားသော မှတ်တမ်းများ၏ အဆိုအရ ဘုရားကြီးမှ စတင်စုဝေးထွက်ခွာလာသူ ကျောင်းသားလူငယ် (၁၃) ဦးမှာ ၄င်း နှင့် ၄င်း၏ သူငယ်ချင်း ကျောင်းသား (၁၂) ဦးဖြစ်ပြီး ၄င်းတို့ ကိုင်ဆောင်လာသော ခေါင်းစည်းစာတမ်း “ဆန်ပြသနာဖြေရှင်းပါ ၊ – – – – – ရခိုင့်အရေးတော်ပုံ အောင်ရမည်” ဆိုသည့် ခေါင်းစည်းစာတမ်းကို ၄င်းကိုယ်တိုင် အိမ်က ရေးဆွဲယူလာခဲ့ခြင်းဖြစ်သည် ဟု ၄င်းက ဆိုထားသည်။ ဆန္ဒပြပွဲတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ အဆိုအရ ဆန္ဒပြသူများ ဟစ်ကြွေးကြသည့် ကြွေးကြော်သံများထဲမှ အချို့မှာ – “ပြုတ်ဆန်မစား ရခိုင်သား” “ဆန်ကွဲမစား ရခိုင်သား” တို့ဖြစ်ကြသည် ဟု ဆိုသည်။ ဆန္ဒပြနေသည့်အချိန် ရွေ့လျားကြာမြင့်လာသောအခါ တောင်းဆိုချက်များမှာ လတ်တလော အခြေအနေကို ပြေလည်စေလိုသည့် တောင်းဆိုချက်များသာမက နောက်ကွယ်က နိုင်ငံရေးပြဿနာများအား ထင်ဟပ်သည့် ကြွေးကြော်သံများ ပေါ်ထွက်လာခဲ့သည် ဟု ဆိုသည်။ ထိုအထဲမှ အချို့မှာ “တောပန်ဇင်းအရေး ဒို့အရေး” “ပါတီ ပါတီ လီးပါတီ” တို့ဖြစ်ကြသည် ဟု ဆိုသည်။

(၇) ဆန္ဒပြလူစုလူဝေးသည် မြို့ဆင်ခြေဖုံးရပ်ကွက်များတစ်လျှောက် ရွေ့လျားရင်း လူဦးရေ ကြီးထွားသထက် ကြီးထွားလာသည်။ ဘုရားကြီး၊ ဒိုးဝန်းရွာ (ယခု ရွာကြီးတောင်)၊ ဆင်ကူးလမ်း ၊ အုန်းတပင် ၊ သင်္ဘောဆိပ် ၊ လမ်းမတော် . . . ထို့နောက် လမ်းမကြီးအတိုင်းမြို့ထဲတည့်တည့် မြို့တောင်ဘက်သို့ ဦးတည်သွားကြသည်။ စစ်တွေထောင်ဗူးဝသို့ ရောက်သောအခါ ကိုအေးကျော် နှင့် ကိုရွှေဝင်းတို့အား လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုသည်။ ကိုအေးကျော်မှာ (ဆောင်းပါးရေးသည့်အချိန်) ယခုလက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌဖြစ်သူ ဦးအေးကျော် ဖြစ်သည်။ ကိုအေးကျော်အပါအဝင် မိတ်ဆွေငါးဦးတို့မှာ လွန်ခဲ့သည့် နှစ်လခန့် ၁၉၆၇-ခုနှစ် ဇွန်လခန့်က သဘာဝအားဖြင့် ဆန်ရေစပါးပေါကြွယ်ဝသော ရခိုင်ပြည်နယ်သည် မဆလ အစိုးရလက်ထက်တွင် မတရားသဖြင့် စုတ်ပြတ်နုံချာ ဆင်းရဲငတ်ပြတ်သွားရခြင်းဖြစ်သည် ဆိုသည့် သဘောကို “ဘားဘူဟိယင့် ဆန်ဟိယင့်၊ ဒိုင်းကျီဟိယင့် ရီဟိယင့်” ဆိုသည့်ခေါင်းစည်းဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင်များကို ရေးသား ပုံနှိပ် ဖြန့်ချိခြင်း နံရံကပ်ခြင်း များ ပြုလုပ်သဖြင့် ထောင်ဒဏ်ကျခံနေကြရခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်ငါးဦးမှာ သြဂုတ် ၁၃ ဆန်ပြဿနာ အရေးအခင်းကို ရှေးဦးခင်းကျင်းနှိုးဆွခဲ့သူများ ဖြစ်သည် ဟု ဆိုနိုင်သည်။ ထို ငါးဦးထဲမှ စစ်တွေ ထောင်ထဲတွင် ထောင်ကျနေသူ နှစ်ဦးဖြစ်သည့် ကိုအေးကျော် နှင့် ကိုရွှေဝင်း တို့အား ထောင်မှ လွှတ်ပေးရန် သွားရောက်တောင်းဆိုခဲ့ကြသည်။

(၈) ထို့နောက် ဆန္ဒပြလူအုပ်သည် ထောင်ဗူးဝ က ပြန်လှည့်လာပြီး စစ်တွေ ပုလုပ်တောင် (ယခု ရဲနွယ်စု) ရပ်ကွက်၊ မကျည်းမြိုင် ၊ ထိုမှ မီးစက်ခွဆုံ၊ ထိုမှ ကုန်သည်လမ်းအတိုင်း ပြန်တက်လာကာ ကသည်းရွာထိပ် ကုန်းတံတားငယ် ၊ ယင်းနှင့် ကပ်လျက် မြဆန်စက်ရှေ့သို့ ရောက်ရှိသည်။ မြဆန်စက်ရှေ့သို့ရောက်သောအခါ ဆန္ဒပြလူဦးရေမှာ တစ်မြို့လုံးနီးကပါး (လူဦးရေ သိန်းချီကာ) ဖြစ်နေလေပြီ။ မြဆန်စက်ရှေ့သို့ လူစုလူဝေး၏ ထိပ်ဖျားက ရောက်နေသည့်အချိန်တွင် ပုလုတ်တောင်ရပ်ကွက် ဘုမခွဆုံတွင်မူကား နောက်က လိုက်ပါ လာသည့် လူစီးကြောင်းက ရှိနေသေး သည်။

(၉) မြဆန်စက်ရှေ့တွင် ဟီးနိုးကားကြီး အနည်းဆုံးသုံးစီးကို ရပ်လျက် စစ်တပ်က စောင့်ကြပ်ပိတ်ဆို့ထားသည်။ လူအုပ်စုရှေ့တက်မလာရအောင် သံဆူကြိုးပတ် သစ်သားဘောင်တန်း အဆီးအတားများဖြင့် ပိတ်ထားသည်။ ရှေ့ဆက်မတိုးဘဲ လူအုပ်အနေဖြင့် နောက်ပြန်ဆုတ်ရန် စစ်တပ်က တောင်းဆိုသည်။ ဆွေးနွေးညှိနှိုင်းရန် (သို့မဟုတ်၊ လူငါးဥိီးထက် ပိုမစုရသည့် ပုဒ်မ ၁၄၄ ကိုဖတ်ပြသည်ကိုနားဆင်ရန်) ကိုယ်စားလှယ် ငါးဦးထွက်လာကာ ဆွေးနွေးကြဖို့ အာဏာပိုင်များက ပြောကြားသည်။ လူအုပ်စု၏ ကိုယ်စားလှယ်ငါးဦးက ၄င်းတို့မူလထွက်ခွာလာရာ ဝင်္ကဘာကွင်းမှာ သိပ်မဝေးတော့ပြီဖြစ်ကြောင်း ထိုနေရာတွင် လူစုခွဲရန် ရည်ရွယ်ထားကြောင်းတင်ပြရာ ၄င်းတို့နှင့် ညှိနှိုင်းကြသူများ (ဆိုလိုသည်မှာ လမ်းစဉ်ပါတီ တိုင်းခွဲ ၁၃ အကြီးအကဲ ဗိုလ်မှူးစောဖြူ နှင့် အဖွဲ့) က သဘောတူညီသည်။ သဘောတူညီချက်အရ အတားအဆီးများကို ဟပေးပြီး လေးယောက်တစ်တန်းစီ အားဖြင့် ရှေ့သို့ခရီးဆက်ကြသည်။ သို့ရာတွင် လေးယောက်တစ်တွဲစီ စုစုပေါင်း အယောက်နှစ်ရာခန့် ထွက်ရှိ ရှေ့ဆက်ပြီးသည့်အချိန်တွင် ဗိုလ်မှူးတင့်လွင် ဦးစီးသည့် စစ်တပ်က စတင်ပစ်ခတ်သည်။ ကောက်ပင်များကို ရိတ်လှီးလိုက်သလို လူအများ အတုံးအရုံး လဲကျသွားကြသည်။ သေသူများ နှင့် မသေမရှင် ဒဏ်ရာရနေသူများ အားလုံးကို အသင့်ရပ်ထားသော ဟီးနိုးကားကြီးသုံးစီးအပေါ်ပစ်တင်၍ သွားရောက်မြှုပ်နှံသည်။ အနည်းဆုံး လူနှစ်ရာ သေဆုံး/ပျောက်ဆုံးသည်။ တပ်ဦးမှ ချီတက်သူများ အပစ်ခတ်ခံရပြီးနောက် လူတန်းကြီးမှာ အလျှိုလျှိုပျောက်ကွယ်သွားသည်။ နောက်နေ့များတွင် နေ့ဘက်ရော ညဘက်ပါ အိမ်ပြင်မထွက်ကြရန် အာဏာပိုင်များက တားမြစ်သည်။

(၁၀) သေဆုံးသူဦးရေကို အစိုးရက ဆယ့်ခုနှစ်ဦးရှိသည် ဟု ကြေငြာသည်။ နောက်ထပ် နှစ်ဦးထပ်တိုးရာ ၄င်းတို့အလိုအရ စုစုပေါင်း (၁၉) ဦးဖြစ်သည်။ မေးမြန်းပြောကြားချက်များအရ သေဆုံးသူများနှင့် မသေမရှင်များကို နှစ်နေရာခွဲ၍ မြှုပ်နှံခဲ့သည် ဟု ဆိုရာတွင် မြှုပ်နှသည့်နေရာကို ပြောကြရာတွင် ၀ိ၀ါဒကွဲပြားမှုရှိနေသည်။ သေချာသည့်နေရာတစ်ခုမှာ စစ်တွေ သချႋုင်းကြီးအတွင်းတစ်နေရာတွင် မြှုပ်နှံခဲ့သည် ဆိုသည့်အချက်ဖြစ်သည်။ စစ်သားများ ဟီးနိုးကားများနှင့် လာရောက်မြှုပ်နှံခဲ့သည့်ညက သချႋုင်းကြီးမှ သချႋုင်းစောင့်မှာ မသေမရှင် ဒဏ်ရာရနေသူများ၏ ငြီးတွားသံများ၊ တောင်းပန်သံများ၊ ကျွန်တော်/ကျွန်မ မသေသေးပါဘူး တိုးရှိုးသံများကို ကြားနေခဲ့ရပြီးနောက် ခဏကြာသောအခါ ထိုအသံများ ပျောက်ကွယ် သွားခဲ့သည် ဟု ထိုအချိန်က သချႋုင်းစောင့်က သိမီသူ တော်တော်များများအား ပြောပြချန်ထားရစ်ခဲ့သည်။ သို့ဖြစ်၍ စစ်တွေ သချႋုင်းကြီးတွင် မြှုပ်နှံခဲ့သည် ဆိုသည့်အချက်မှာ ယုံမှားသံသယ ဖြစ်ဖွယ်ရာမရှိ ဟု ဆိုနိုင်သည်။ နောက်ထပ် စုပေါင်းမြှုပ်နှံသည့် နေရာတစ်ခုမှာ စစ်တွေမြို့နယ် အုန်းတောကြီးဖြစ်သည် ဟု တချို့က ဆိုသည်။ တချို့ကလည်း စစ်တွေမြို့နယ် သဲချောင်းတွင်ဖြစ်သည် ဟု ဆိုသည်။ အသေအချာ သိရှိနိုင်ခြင်းမရှိသေးပေ။

(၁၁) ၁၉၆၇-ခုနှစ် သြဂုတ်လ (၁၃) ရက်၊ ထိုနေ့ထိုရက်တွင် မြောက်ဦးမြို့၌လည်း ဆန်ရှားပါးမှုကို အလားတူ အခြေခံသော မငြိမ်မသက်မှုများ တစ်ချိန်တည်း ဖြစ်ပွားခဲ့ရာ စစ်တပ်က မိုးပေါ်ထောင်ပစ်ကာ လူအုပ်ကို တားဆီးနိုင်ခဲ့သည်။ နောက်နေ့ သြဂုတ် (၁၄) ရက်နေ့တွင် လူအများအား ဆန်ဝေငှပေးခြင်းအားဖြင့် ပြဿနာ ကို လျော့ပါးသက်သာစေခဲ့သည် ဟု ဆိုသည်။

(၁၂) မြဆန်စက်ရှေ့တွင် ဆန္ဒပြလူအုပ်စုက ကပိုင်သား ထင်းချောင်းများဖြင့် ပစ်ပေါက်သည့်အတွက် စစ်တပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ရကြောင်း ဆင်ခြေပေးမှုများရှိခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့် ထိုနေ့ ဆန္ဒပြပွဲစသည်နှင့် တစ်ပြိုင်နက် စစ်တွေဆေးရုံကြီးတွင် လူနာအနည်းဆုံးငါးဆယ်လာမည်ဖြစ်သည့်အတွက် နေရာများကို ကြိုတင်ရှင်းလင်းထားပါရန် ဆေးရုံအုပ်ချုပ်သူများအား အာဏာပိုင်များက ကြိုတင်ညွှန်ကြားချက် ပေးခဲ့သည် ဆိုသောအချက်မှာ ဖြစ်ရပ်နောက်ပိုင်း စုံစမ်းရေး ကော်မရှင်၏ မေးမြန်းမှုများအတွင်း ပေါ်ပေါက်ခဲ့သည် ဟု ဆိုသည်။

(၁၃) ယခုဆောင်းပါးသည် ဤသမိုင်းမှတ်စုများအား သည့်ထက်မက ပိုမိုပြည့်စုံတိကျသော သမိုင်းမှတ်တမ်းများအဖြစ် ပြုစုနိုင်ရေးအတွက် အခြေခံ ကျောရိုးချခင်းကြည့်ခြင်းသာဖြစ်ပြီး နှုတ်ပြောမှတ်တမ်းများကိုသာ အဓိက အခြေခံပါသည်။ သိမီသူများ တတ်ပွန်သူများ ပါဝင်ဖြည့်စွက် တည်းဖြတ် ရေးသားခြင်း အားဖြင့် နောင်လာနောက်သားများ သိရှိသင့်သည့် သမိုင်းဖြစ်ရပ်တစ်ခုကို မကွယ်မဝှက် မှတ်တမ်းရေးထိုးနိုင်စေလိုသော စေတနာဖြင့် ရေးသားအပ်ပါသည်။

ကျော်ဇောဦး

August 14, 2013

~ ~ ~ ~ ~



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s