(The Mog Nation Wiki, an archive)

ဝံလက်ငှက်
(အင်္ဂလိပ်: Osprey)
Pandion haliaetus
(လင်းနီးယပ်, ၁၇၅၈)
ဝံလက်ငှက်သည် ‘အဂ်စစ်ပစ်တြီဖောမ်းစ်‘ မျိုးစဉ်၏ ပန်ဒီအွန်နီဒီး‘ မျိုးရင်းဝင်ဖြစ်ပြီး ယင်းကို ပါဏဗေဒအလိုအားဖြင့် “ပန်ဒီအွန် ဟယ်လီအေးတပ်” ဟုခေါ်သည်။ ဝံလက်သည် သိမ်းငှက်၊ ဝံလို၊ လင်းတတို့နှင့် မျိုးစဉ်တစ်ခုတည်းမှ ဖြစ်သည်။
ပုံသဏ္ဌာန်နှင့် သွင်ပြင်လက္ခဏာများ
ဝံလက်ငှက်၏ အရွယ်အစားမှာ အလျားလက်မ ၂ဝ မှ ၂၃ လက်မအထိရှိသည်။ ကျောဘက်မှာ အညိုရင့်ရောင်ဖြစ်ပြီးလျှင် ကိုယ်ထည်အောက်ပိုင်းမှာဖြူသည်။ ဦးခေါင်း၏အရောင်မှာ ဖြူဖတ်ဖြူရော်ဖြစ်၍ ကိုယ်ထည်နံဘေးတွင်မည်း၍ ကျယ်ပြန့်သော ကန့်လန့်ဖြတ်အစင်းကြောင်း တစ်ခုရှိသည်။ ရင်အုပ်တွင် အညိုနုရောင် ကန့်လန့်ဖြတ်အစင်းကြောင်း တစ်ခုရှိသည်။ ဦးခေါင်းနောက်ပိုင်းတွင် အမောက်နှင့်တူသော အမွှေးများရှိသည်။ အတောင်ရှည်၍ အနံတိုသည်။ ဝံလက်အော်သံသည် စူးရှသော်လည်း သာယာ၏။ ဆက်ကာဆက်ကာအော်မြည်တတ်၍ နောက်ဆုံးတွင် အသံတိမ်သွား၏။
အပြုအမူနှင့် ဓလေ့စရိုက်
ဝံလက်သည် ရေနှင့် နီးနီးနားနားတွင် အမြဲကျက်စားသော ငှက်ဖြစ်၍ မြစ်များ၊ ရေကန်၊ ထုံးအိုင်၊ ဒီရေအတက်အကျရှိသည့် မြစ်ဝများတွင် အမြဲတွေ့ရသည်။ အဓိကအစာမှာ ငါးဖြစ်သည်။ ငါးဖမ်းရာတွင် ကျင်လျင်ဖျတ်လတ်၍ အတော်ကြီးသော ငါးကိုပင် ဖမ်းယူနိုင်လေသည်။ ငါးဖမ်းစဉ် တွင် ဝံလက်သည် ရေပြင်မှအမြင့်ပေ ၃ဝ မှ ပေ ၁ဝဝ အထိ ပျံဝဲနေတတ် ၏။ ငါးကိုမြင်လျှင် ခြေကိုတွဲလျားချကာ အချိန်အနည်းငယ် ပျံဝဲနေပြီးလျှင် တောင်ပံကိုသိမ်း၍ ရေသို့ထိုးဆင်းတတ်၏။ တစ်ခါတစ်ရံ တစ်စက္ကန့်၊ သို့မဟုတ် နှစ်စက္ကန့်အထိ ရေထဲသို့ ငုပ်လျှိုးနေတတ်၏။ ရေမှထွက်ပေါ်လာသောအခါ ကိုယ်မှရေကို ခါချတတ်၏။ တစ်ခါတစ်ရံ ဝံလက်သည် ရေပြင်ပေါ်သို့ ဝဲခြင်း၊ ရေထဲသို့ ငုပ်လျှိုးခြင်းတို့ကိုမပြုလုပ်ဘဲ ငါးဖမ်းယူတတ်၏။ အရွယ်ကြီးသော ငါးကိုမိလျှင် ငါး၏ခေါင်းပိုင်းကို မြဲမြံစွာဆုပ်ကိုင်ထားပြီးလျှင် နားနေကျသစ်ပင်ခြောက်၊ ရေထဲတွင် စိုက်ထားသည့်တိုင် သို့မဟုတ် ကျောက်ဆောင်များသို့ ယူဆောင်သွားတတ်၏။ ငါးကိုစားပြီးသည့်နောက် ခြေချောင်းနှင့် ခြေသည်းတွင် ပေကျံနေသော အကျိအချွဲကိုသုတ်သင်ရန် ခြေထောက်များကို ရေတွင် မြုပ်သည့်တိုင်အောင် ရေပြင်သို့ ဆင်းလာတတ်၏။ တစ်ခါတစ်ရံ ဦးခေါင်းကိုပင် ရေစိုသည့်တိုင်အောင် ရေထဲသို့မြုပ်သွားစေ၏။ ဝံလက်၏ခြေထောက်မှာ သန်စွမ်းသည့်ပြင် ခြေချောင်းများ၏ အောက်ပိုင်း တွင်ရှိသော အကြေးခွံများကြောင့်လည်း ငါးကို မြဲမြံစွာဖမ်းထားနိုင်သည်။ အလေးချိန် လေးပေါင်ရှိသောငါးကိုပင် ဖမ်းနိုင်သည်။ မိမိအားနှင့်မမျှသော ငါးကြီးကိုဖမ်းရန် အားထုတ်ခိုက်တွင် ရံဖန်ရံခါ ဝံလက်များ ရေနစ်၍သေဆုံးကြသည်။ အဓိကအစမှာ ငါးဖြစ်သော်လည်း ငတ်မွတ်သောအခါတွင်မူ ကြက်ငယ်ကလေး၊ ပိုးတောင်မာ၊ ဖား၊ ငှက်ငယ်များနှင့် နို့တိုက်တိရစ္ဆာန်ငယ်များကိုပင် ဖမ်းယူစားသောက်တတ်သည်။
တွေ့ရှိရသည့် ဒေသများ
မြန်မာနိုင်ငံတွင် ဝံလက်များ မည်သို့ ပေါက်ပွားသည်ကို တတ်အပ်သေချာမသိရချေ။ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လများတွင် မြစ်ကြီးနားခရိုင်၊ မေမြို့ရှိရေကန်၊ ရန်ကုန်မြို့အနီးရှိ လှော်ကားကန်တွင် ဝံလက်ကို တစ်ကောင်ချင်း တွေ့ရတတ်သည်။ ဆောင်းရာသီတွင်မူ ဝံလက်ကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ သင့်လျော်သောရေပြင်များတွင်တွေ့နိုင်လေသည်။[၂]

📸 @mark.smith.photography
https://www.instagram.com/p/CVQr8sFP_5h/

Osprey swoops down on to a river to catch his prey by River Spey in the Scottish Cairngorms. / 📷 Wildlife photographer Bill Doherty

📸: Eric Wolff | Discover Colorado Through Your Photos
ကိုးကား
- BirdLife International (2013). “Pandion haliaetus“. IUCN Red List of Threatened Species 2013. IUCN.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
- Source: ဝံလက်ငှက် | ဝီကီပီးဒီးယား

The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter
