(The Mog Nation Wiki, an archive)

ဆမာကန်မှာ လှေနံနှစ်ဖက်နင်းကြသူများ …
ရုရှား ‘အခက်’၊ တရုတ်နှင့်အိန္ဒိယတို့ ’အချက်’ —
ဆမာကန် Samarkand သည် အာရှတိုက်အလယ်ပိုင်း၊ ဥဇဘက်ကစ္စတန် သမ္မတနိုင်ငံအရှေ့တောင်ပိုင်းရှိ မြို့ကြီးတမြို့ဖြစ်ပြီး အာရှတိုက်အလယ်ပိုင်းဒေသကြီးတွင်ရှေးအကျဆုံး ရှေးဟောင်းမြို့တမြို့လည်းဖြစ်သည်။ ဥဇဘက်ကစ္စတန်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ကြီး Shanghai Cooperation Organization –SCO ၏ အဖွဲ့ဝင် တနိုင်ငံဖြစ်သည်။
စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် SCO အဖွဲ့ကြီး၏နှစ်စဥ် အစည်းအဝေးကို ဆမာကန်မြို့တော်တွင် ကျင်းပခဲ့ရာ SCO ၏ စူပါပါဝါ များဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်း၊ အိန္ဒိယသမ္မတနိုင်ငံတို့အပါအဝင် အဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံမှ နိုင်ငံ့အကြီးအကဲများ တက်ရောက်ခဲ့ကြသည့်အတွင်း ရုရှား၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံအကြီးအကဲများအကြားတွေ့ဆုံကြမှုသည် ယူကရိန်းအရေးနှင့်ပတ်သက်ဆက်စပ်ပြီး ကမ္ဘာက စိတ်ဝင်တစား စောင့်
ကြည့်ခံခဲ့ရသည်။
.
.
.
.
■■ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့
Shanghai Cooperation Organization — SCO
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ( SCO) ကို ၁၉၉၄ ခုနှစ် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း၊ ကာဇက်စတန်သမ္မတနိုင်ငံ၊ ကာဂျစ်စတန်သမ္မတနိုင်ငံနှင့် တာဂျစ်ကစ္စတန်သမ္မတနိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးကြခြင်းဖြင့် စတင်ခဲ့သည်။ ဤ ငါးနိုင်ငံကို Shanghai 5 ဟု ခေါ်ကြသည်။ ၂၀၀၁ ခုနှစ်တွင် ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံကပါ Shanhai 5 သဘောတူ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် အဖွဲ့၏ အမည်ကို ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့
Shanghai Cooperation Organization — SCO ဟု တရားဝင် သတ်မှတ်ခဲ့သည်။
SCO အဖွဲ့၏ မူလ အဖွဲ့ဝင်နိုင်ငံများအားလုံးသည် အာရှတိုက်နိုင်ငံများဖြစ်ကြပြီး အဖွဲ့ဝင် နိုင်ငံအများစုသည် အာရှတိုက်အလယ်ပိုင်းရှိ ဆိုဗီယက် ပြည်ထောင်စုဟောင်းဝင် ပြည်နယ်များဖြစ်ကြသည်။ SCO အဖွဲ့သို့ အိန္ဒိယသမ္မတနိုင်ငံသည် ၂၀၁၇ခုနှစ်၊ ပါကစ္စတန်အစ္စလာမ်မစ် သမ္မတနိုင်ငံသည် ၂၀၁၇ခုနှစ် တွင် အသီးသီးဝင်ရောက်ခဲ့ကြပြီး နောက်ဆုံးဝင်ရောက်လာသည့် အဖွဲ့ဝင် နိုင်ငံမှာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဖြစ်ပြီး ၂၀၂၂ ၊စက်တင် ဘာလတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ကာ ယခုအခါ အဖွဲ့ဝင် နိုင်ငံ ၉ နိုင်ငံရှိလာခဲ့ပြီဖြစ်ပါသည်။
အဖွဲ့ဝင်နိုင်ငံများအပြင် လေ့လာစောင့်ကြည့်သူ Observer Countries များအဖြစ် အာဖဂန်နစ္စတန်၊ ဘဲလားရုစ်၊ မွန်ဂိုလီယားနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ Dialogue Partners အဖြစ် အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ နီပေါ၊ ကာတာ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေဗျ၊ တူရကီ စသည့်နိုင်ငံများ ၊ ဧည့်သည်တော်နိုင်ငံများ၊ အဖွဲ့အစည်းများ Guest Attendences အဖြစ် တာ့ခမန်နစ္စတန်၊ဆိုဗီယက် ပြည်ထောင်စုဟောင်းမှနိုင်ငံများ ဖွဲ့စည်းထားသည့် စီအိုင်အက်စ် Commonwealth of Independent States CIS ၊ ကုလသမဂ္ဂအဖွဲ့ကြီး၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ( အာဆီယံ) တို့ပါ ရှိနေပြီဖြစ်သည်။
မကြာမှီကာလတွင် ဆွေးနွေးဖက် နိုင်ငံများအဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ကူဝိတ်၊ ဘာရိန်း၊ မော်လ်ဒိုက်နှင့် မြန်မာနိုင်ငံများကိုပါ တိုးချဲ့လက်ခံသွားမည်ဖြစ်သည်ဟု ရုရှား တက်စ် သတင်းဌာနက ရုရှားအစိုးရ ၏ အ ကြံပေး ယူရီ အူရှာကော့ဗ် ကို ကိုးကားပြီး ဖော်ပြထားသည်။
SCO အဖွဲ့ကြီးတွင် ကမ္ဘာ့ဧရိယာအကျယ်ဆုံးနိုင်ငံ ( ရုရှားဖက်ဒရေးရှင်း) ၊ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ( တရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၊ ကမ္ဘာ့အကြီးဆုံး ပါလီမန်ဒီမိုကရေစီနိုင်ငံ ( အိန္ဒိယသမ္မတနိုင်ငံ) တို့ပါဝင်နေကြပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး၏ဧရိယာစုစုပေါင်းသည် စတုရန်းမိုင် ၁၂.၇ သန်း ( ကမ္ဘာ့မြေပြင်ဧရိယာ၏ ၂၅ %) ၊ လူဦးရေစုစုပေါင်းသည် ၃.၂ ဘီလျှံ ( ၂၀၂၁ ခုနှစ်ခန့်မှန်းခြေဖြစ်ပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်း) ၊ ပြည်တွင်းထုတ်ကုန်စုစုပေါင်း ( ဂျီဒီပီ) ၏ ပမာဏသည် အမေရိကန်ဒေါ်လာ ၂၃.၃ ထရီလီယံ ( ကမ္ဘာ့ ဂျီဒီပီ ၏ ၂၄ ရာခိုင်နှုန်း) ရှိနေသည်။
.
.
SCO အဖွဲ့ကြီးတွင် နိုင်ငံ့အကြီးအကဲများပါဝင်ဖွဲ့စည်းထား
သည့် ကောင်စီ Heads of State Council HSC သည် အ
မြင့်ဆုံး ဖြစ်သည်။ ဤကောင်စီသည် နှစ်စဥ် ပုံမှန်အစည်းအဝေးများ ကျင်းပပြီး အဖွဲ့ဝင်နိုင်ငံများအားလုံးက လိုက်နာရ
သည့် မူဝါဒများ၊ ညွှန်ကြားချက်များကို ချမှတ်ပေးသည်။
နိုင်ငံအစိုးရများကောင်စီ Heads of Government Council သည် နှစ်စဥ် ပုံမှန် အစည်းအဝေးကျင်းပပြီး အဖွဲ့ကြီး၏ မူဘောင်များအတွင်းမှ အဖွဲ့ဝင်နိုင်ငံများအချင်းချင်းစီးပွားရေးအပါအဝင် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ဆောင်ရန်ဖြစ်သည်။ အဖွဲ့ကြီး၏နှစ်စဥ် အသုံးစရိတ်ကိုလည်း သတ်မှတ်ပေးရသည်။
အတွင်းရေးမှုးရုံးအဖွဲ့ Secretariat ကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် ထားရှိပြီး အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့ရုံးကို ဥဇဘက်ကစ္စတန်နိုင်ငံ၊ တပ်ရှ်ကင့် မြို့တော်တွင်ထားရှိသည်။ လက်ရှိတွင် SCO အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Secretary General သည် တရုတ်နိုင်ငံသား ကျန်မင်း Zhang Ming ဖြစ်ပြီး သုံးနှစ် သက်တမ်း ( ၂၀၂၂—၂၀၂၄) အဖြစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။
.
.
SCO အဖွဲ့ကြီးကို စတင်ဖွဲ့စည်းစဥ်က အဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်း နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်၊ နယ်စပ်အငြင်းပွားမှုကိစ္စရပ်များကို ဖြေရှင်းရန်၊ ဒေသတွင်းရှိ အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ဖျက်ရန်၊ ဘာသာရေးအစွန်းရောက်မှုများ/ အဖွဲ့အစည်းများကို တိုက်ဖျက်ရန် စသည့် ရည်မှန်းချက်များ ထားရှိခဲ့သည်။
.
.
.
■ လှေနံနှစ်ဖက် နင်းကြရာဝယ်
ဆမာကန် ဆွေးနွေးပွဲအတွင်း ရုရှားနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရန်ကြိုးစားခဲ့သည့် သမ္မတ ပူတင် အဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ သမ္မတ ပူတင်သည် ယူကရိန်းနိုင်ငံအပေါ် “အထူးစစ်ဆင်ရေး”ဆင်နွှဲခြင်းကြောင့် နိုင်ငံ တကာ၏ဝိုင်းဝန်း ရှုတ်ချမှုကို ခံနေရသည့် အတွက် ၎င်းတွင်လည်း အားကိုးရသည့် အင်အားကြီး မိတ်ဆွေနိုင်ငံများရှိနေကြောင်း ယခု ဆွေးနွေးပွဲဖြင့် ကမ္ဘာကို ပြသရန် ကြိုးစားနေခဲ့တာဖြစ်သည်။
သမ္မတ ပူတင် ၏အားအထားရဆုံးမိတ်ဆွေနိုင်ငံကြီးဖြစ်
သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သမ္မတ ရှီကျင်းပင်က ယူကရိန်းအရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ရခြင်းများရှိနေကြောင်း သံတမန်နည်းအရ ပြောကြားသွားခဲ့သည်။ ရှီကျင်းပင်က စက်တင်ဘာလဆန်းတွင် စတင်ခဲ့သည့် ယူကရိန်းတို့၏တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်ဖွဲ့များ ကစင့်ကရဲဖြင့်ဆုတ်ခွာနေကြရခြင်းနှင့် ဖြစ်ပေါ်လာန်ိုင်သည့် အကျိုးဆက်များကို ရည်ညွှန်းပြောကြားခြင်းဖြစ်နိုင်သည်ဟု လေ့လာ
စောင့်ကြည့်သူများက သုံးသပ်နေကြသည်။
အိန္ဒိယသမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကလည်း ယနေ့ခေတ်သည် စစ်ခင်းရမည့်ကာလမျိုးမဟုတ်တော့ကြောင်း သမ္မတပူတင်အား ပြောကြားခဲ့သည်။ အိန္ဒိယသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများအနက် ရုရှား ၏အရင်းနှီးဆုံးမိတ်ဆွေနိုင်ငံဖြစ်ပြီး ၁၉၆၀ ပြည့်လွန်ဆယ်စုနှစ်များကာလကတည်းက နှစ်နိုင်ငံအကြား အလွန်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ထားရှိခဲ့ကြသည်။
.
.
●● တရုတ်ပြည်သူ့သမ္မတနိုင်ငံ
တရုတ်နိုင်ငံသည် ယူကရိန်း ပဋိပက္ခတွင် ရုရှားနိုင်ငံ၏စိုးရိမ်ပူပင်မှုများကို စာနာ နားလည်ကြောင်း အစဥ်တစိုက် ထုတ်ပြန်ကြေညာခဲ့ သည်။ တဖက်တွင်လည်း နိုင်ငံအခြင်းခြင်းအကြား အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို လေးစားလိုက်နာကြရန်လိုအပ်သည်ဟုလည်း ပြောဆိုနေသည်။
တရုတ်တို့အနေနှင့် တိုင်ဝမ်ကျွန်းအရေးတွင် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနိုင်ငံများ၊ အမေရိကန်၏ မဟာ မိတ်နှင့် တရုတ်၏ပြိုင်ဖက်များဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား စသည့် နိုင်ငံများနှင့် ထိပ်တိုက်တွေ့နေသည်ဖြစ်ရာ အနောက်အုပ်စုနှင့် ဆက်ဆံရေးတင်းမာနေသည့် ရုရှားသည် အရေးပါသည့် မဟာမိတ်နိုင်ငံဖြစ်၍နေသည်။
သို့သော် တရုတ်နိုင်ငံသည် ယူကရိန်းနိုင်ငံမှ မိမိဖာသာခွဲထွက်ကာ လွတ်လပ်ရေးကြေညာသည့် လူဟန့်စ်ခ်နှင့် ဒိုးညက်စ် ပြည်သူ့သမ္မတနိုင်ငံများအား အသိအမှတ်မပြုချေ။.ဤသည် မှာလည်းအကြောင်းရှိသည်။ တရုတ်ကသာ ထို ခွဲထွက် နှစ်နိုင်ငံကို အသိအမှတ်ပြုလိုက်လျှင် တိုင်ဝမ်၊ တိဘက် ၊ အနောက်မြောက် ဒေသ၊ ဟောင်ကောင် နယ်မြေ များ ရှိ ပြည်သူများ လှုပ်လှုပ်ရွရွဖြစ်လာကြမှာဖြစ်သည်။
လက်ရှိတွင် တရုတ်တို့သည် ယူကရိန်းအရေးအခင်းကြောင့် ရုရှားထံမှ ရေနံများ၊ သဘာဝဓါတ်ငွေ့များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနေနိုင်ကြသည်။ ရုရှားနိုင်ငံ၏ အဓိကပြည်ပပို့ကုန်နှင့် ဝင်ငွေရလမ်းဖြစ်သည့် ရေနံ၊ သဘာဝဓါတ်ငွေ့များကို ဥရောပတိုက်နှင့် အနောက်အုပ်စု နိုင်ငံများက သပိတ်မှောက် ထားရာ တရုတ်၊ အိန္ဒိယ တို့က အဓိက အများဆုံး ဝယ်ယူလာနေကြသည်။ ဖေဖော်ဝါရီ လကုန်မှယခုအချိန်အထိ အမေရိကန်ဒေါ်လာ ၃၅ ဘီလျှံ နှင့်ညီမျှသော ရေနံနှင့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံက ရုရှားထံမှ ဝယ်ယူခဲ့ပြီးဖြစ်သည်ဟုဆိုသည်။
လေ့လာသူအချို့က တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှစျေးနှုန်းချိုသာစွာဖြင့်ဝယ်ယူရရှိသည့် ရေနံ နှင့် သဘာဝဓါတ်ငွေ့များကို လောင်စာစွမ်းအင် လိုအပ်နေသည့် အခြားနိုင်ငံများ— ဥပမာ ဥရောပတိုက် နိုင်ငံများ— ဆီသို့ တဆင့် ပြန်လည်တင်ပို့ရောင်းချလေမည်လားဟု မေးခွန်းထုတ်နေကြသည်။ ရုရှားရေနံစျေးသည် တစည်လျှင် ဒေါ်လာ ၇၅ ဒေါ်လာနီးပါး ( သြဂုတ်လစျေးနှုန်း) ရှိသဖြင့် အခြားရေနံစျေးနှုန်းများထက် သက်သာနေသည်။ ရေနံရောင်းချသည့် နိုင်ငံများအဖွဲ့ ကြီး ( Oil and Petroleum Exporting Countries – OPEC) ၏စျေးနှုန်းမှာ ရေနံတစည်လျှင် အမေရိကန်ဒေါ်လာ ၉၇.၃ ( စက်တင်ဘာလ) ဖြစ်သည်။
တဖက်တွင်လည်း တရုတ်နိုင်ငံသည် အမေရိကန်အပါအဝင်အနောက်အုပ်စုနိုင်ငံများ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံကြီးဖြစ်နေသည်။ အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် တွင် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဒေါ်လာ ၉၇.၇၁ ဘီလျှံရှိသည်။ သို့သော် တရုတ်နိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်များမှာ အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၅၂၁ ဘီလျှံရှိခဲ့ကာ တရုတ်နိုင်ငံပြည်ပပို့ကုန်များ၏ ၁၇ ရာခိုင်နှုန်းကျော်သည် အမေရိကန်ဆီသို့ ပို့ကုန်များဖြစ်ကြသည်။ ဒုတိယအများဆုံးသည် ဟောင်ကောင် နယ်မြေဖြစ်ပြီး ဒေါ်လာ ၃၁၃ ဘီလျှံကျော်၊ တတိယအများဆုံးသည် ဂျပန်နိုင်ငံဖြစ်ပြီး ဒေါ်လာ ၁၅၁.၃ ဘီလျှံ၊ တောင်ကိုရီးယားနှင့် ဒေါ်လာ ၁၃၅ ဘီလျှံ၊ ဥရောပနိုင်ငံများဖြစ်သည့် ဂျာမဏီ၊ဗြိတိန်၊ နယ်သာလန်နိုင်ငံများနှင့် ဒေါ်လာ ၂၈၀ ဘီလျှံဖိုးရှိပြီး ရုရှား နိုင်ငံသည် အဆင့် ၁၅ တွင်ရှိနေကာ ဒေါ်လာ ၅၉.၅ ဘီလျှံရှိနေသည်။ အထက်ဖော်ပြပါ နိုင်ငံများအားလုံးသည် အမေရိကန်နိုင်ငံ၏အရေးကြီးမဟာမိတ်၊ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြကာ ယူကရိန်းနိုင်ငံအား စိတ်ဓါတ်ရေးရာ၊ ရုပ်ဝတ္ထု ကူညီမှုများကို အကြီး အကျယ်ပြုလုပ်နေကြသည့်နိုင်ငံများဖြစ်သည်။အဓိက ကုန်သွယ်ဖက်နိုင်ငံများနှင့် အလှမ်းကွာဝေးနေ၍မရ၊
ထို့ကြောင့် တရုတ်နိုင်ငံသည် မြွေမသေ၊ တုတ်မကျိုး နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကာ အဓိက စီးပွားဖက်နိုင်ငံများနှင့် အငြင်းပွားမှု အနည်းဆုံးဖြစ်အောင်နေသကဲ့သို့ တဖက်တွင်လည်း ကမ္ဘာပေါ်တွင်အနုမြူလက်နက်များ အများဆုံးပိုင်ဆိုင်ထားသည့် ရုရှားလိုနိုင်ငံမျိုးကိုလည်း မဟာမိတ်အဖြစ် ထားရှိကာလက်လွှတ်လို့မဖြစ်ပေ။
တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခကို အမြန်ဆုံးပြီးပြတ်စေလိုသည်။ အကြောင်းမှာ စစ်ရှိန်မလျှော့သမျှ ကာလပတ်လုံး ယခုထက်ပို၍ပြင်းထန်သည့် ပိတ်ဆို့မှုများ ထပ်မံချမှတ်လာကြမည်ကို စိုးရိမ်သဖြင့် ဖြစ်သည်။ ဒီအခါ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့်အရှိန်နှေးကွေးလာနေသည့် တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းသွားနိုင်သည်။
ရုရှားနိုင်ငံက၎င်း၏ စွမ်းအင်လောင်စာ များကို ဥရောပနိုင်ငံများ အား မရောင်းချပဲတန်ပြန်ပိတ်ဆို့ထားသည်ကို တုန့်ပြန်သည့်အနေဖြင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၇ နိုင်ငံ G7 အဖွဲ့က ရုရှားရေနံကို စျေးနှုန်းကန့်သတ်ရန်စီစဥ်လာနေပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံများကိုပါ အစီအစဥ်တွင်ပါဝင်ကြရန်တောင်းဆိုထားသည်။ ဥရောပ သမဂ္ဂ ( အီးယူ) ကလည်း အဆိုပါ အစီအစဥ်ကို ထောက်ခံကြရန်ဆော်သြနေသည်။ အစီအစဥ်တွင် ရုရှားနိုင်ငံမှ လောင်စာစွမ်းအင် တင်ပို့ရာတွင်အသုံးပြုသည့် ရေယာဥ်များကို အီးယူ အဖွဲ့ဝင်နိုင်ငံများ၏ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်မပြုရေး ပါ ပါဝင်နေသည်ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ပင်လယ်ရေကြောင်းခရီးလမ်းများကို အဓိက အားထားနေရသည့် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် အကြီး အကျယ် အကျိုးသက်ရောက်မှုရှိလာနိုင်မည်ဖြစ်သည်။
တရုတ်သည် ခါးပတ်တကွင်း လမ်းတစင်း Belt and Road Initiative – BRI ခေါ် တရုတ်နိုင်ငံကို ဗဟိုပြုသည့် ကုန်သွယ်ရေးစီမံကိန်းကြီးကိုအကောင်အထည်ဖော်နေသည်ဖြစ်ရာ စစ်မက်ဖြစ်ပွားမည်ကို၊ နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းများ ဟန့်တားနှေးကွေးသွားမည်ကို မလိုလား။ ထို့အပြင် ကိုဗစ် ၁၉ ကပ်ဘေးကြောင့် စက်ရုံအလုပ်ရုံများ တည်ရှိသည့် မြို့ပြများကို လော့ခ်ဒေါင်း ချရခြင်း၊ ကမ္ဘာတလွှား ကုန်စည်များ ဝယ်လိုအားကျဆင်း၍ တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးလာနိုင်နေခြင်း စသည်တို့အပြင် ယူကရိန်းပဋိပက္ခကြောင့် နိုင်ငံတကာ ဆက်ဆံရေးတွင် အုပ်စုများကွဲသွားပြီး ကုန်သွယ်ရေးကဏ္ဍတွင်နှောင့်နှေးမည်ကို တရုတ်အစိုးရက စိုးရိမ်မကင်းဖြစ်လာနေသည်။
.
.
.
●● အိန္ဒိယသမ္မတနိုင်ငံ
အိန္ဒိယနိုင်ငံသည် ၁၉၆၀ပြည့်လွန် ဆယ်စုနှစ်များအတွင်း ဆိုဗီယက် ပြည်ထောင်စု ( ယခု ရုရှား ဖက်ဒရေးရှင်း) နှင့်ဆက်ဆံရေး အလွန်ကောင်းမွန်လာခဲ့သည်။ အထူးသဖြင့် ၁၉၆၂ ခုနှစ်၊ တရုတ်နိုင်ငံနှင့် နယ်စပ်စစ်ပွဲဖြစ်ပွားပြီးသည်နောက် စစ်လက်နက်များ ရောင်းချရန် ငြင်းဆန်ခဲ့သည့် အနောက်န်ုင်ငံများအစား လိုသမျှ လက်နက်များကို ရောင်းချပေးသည့် ဆိုဗီယက်တို့နှင့် မဟာဗျုဟာ မဟာမိတ်ဆက်ဆံရေးထားရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု ( Non- Aligned Moement — NAM) ကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်သဖြင့် အနောက်အုပ်စုနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးထားရှိသည်။ ယဥ်ကျေးမှုအစဥ်အလာ အလွန်ကြီးမားပြီး အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သည့် အိန္ဒိယ နိုင်ငံသည် ဗြိတိသျှ ဓနသဟာယ အဖွဲ့ကြီးတွင် အဖွဲ့ဝင်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် အိန္ဒိယ နိုင်ငံသား ၁.၄ သန်းကျော်နေထိုင်နေပြီး ဗြိတိန် လူမှု အသိုင်းအဝိုင်းအတွင်း ဦးရေ အများဆုံးသော ပြည်ပမှလာရောက်အခြေချနေထိုင်သူမျိုးနွယ်စု ဖြစ်သည်။
စစ်အေးခေတ်အဆုံးသတ်သွားသည့်အခါ အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် မဟာဗျုဟာ မဟာမိတ် ဖြစ်လာသည်။ သို့သော် ရုရှားနှင့် ရင်းနှီးသောဆက်ဆံရေးပျက်မသွားခဲ့ပါ။
ယူကရိန်းပဋိပက္ခ ဖြစ်ပွားသည့်အခါ အိန္ဒိယနိုင်ငံသည် နိုင်ငံအကျိုးစီးပွားအတွက် အတတ်နိုင်ဆုံးကြားနေခဲ့သည်။ ရုရှားနိုင်ငံကို ရှုတ်ချသည့် ကုလသမဂ္ဂအဆိုကို မဲပေးရန် ပျက်ကွက်ခဲ့ ပြီး ( မဲခွဲသည့်အစည်းအဝေးသို့ မတက်ရောက်ခြင်း) နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်တည်တံ့မှုကို အခြားနိုင်ငံများကလေးစားလိုက်နာရမည်ဟူ၍သာ သံတမန်နည်းလမ်းအရ ရုရှားနိုင်ငံအား သတိပေးပြောကြားသွားခဲ့သည်။
ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ အခက်ကြုံချိန်တွင် မားမားမတ်မတ် ရပ်တည်ပေးခဲ့သည့် မိတ်ဆွေစစ်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသားအများအပြားကလက်ခံထားကြသည်။ ၁၉၇၁ ခုနှစ် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) လွတ်မြောက်ရေးစစ်ပွဲကာလက ပါကစ္စတန်ကို ထောက်ခံ
သည့် အမေရိကန်ရေတပ်ဖွဲ့များ ဘင်္ဂလားပင်လယ်အော်အတွင်း ဝင်ရောက်လာပြီး အိန္ဒိယနိုင်ငံအား ခြိမ်းချောက်နေမှုကို ဆိုဗီယက်အစိုးရက ရေငုတ်သင်္ဘောတပ်ဖွဲ့များစေလွှတ်ပေးပြီး တန်ပြန်အင်အားထိန်းညှိစေမှုရှိခဲ့သည်ဟု အိန္ဒိယနိုင်ငံသားအများအပြားက ယုံကြည်နေကြသည်။
လက်တွေ့တွင် အိန္ဒိယသည် ကာကွယ်ရေးကဏ္ဍနှင့် လောင် စာစွမ်းအင်ကဏ္ဍများတွင် ရုရှားနိုင်ငံအပေါ် အကြီးအကျယ်မှီခိုနေရဆဲဖြစ်သည်။ အိန္ဒိယ တပ်မတော်၏စစ်လက်နက် အများစုသည် ယခင် ဆိုဗီယက် ပြည်ထောင်စုနှင့် ယခု ရုရှားနိုင်ငံများမှဝယ်ယူထားခြင်းဖြစ်သည်။ ထို့ကြောင့် အရေးကြီးသည့် စစ်လက်နက်အပိုပစ္စည်းများအတွက် အိန္ဒိယသည် ရုရှားအပေါ် လုံးဝနီးပါးမှီခိုအားထားနေရသည်။
လောင်စာစွမ်းအင် ကဏ္ဍ တွင်လည်း စွမ်းအင်လိုအပ်ချက်များပြားသည့် အိန္ဒိယသည် ရုရှား၏ “မိတ်ဖြစ်ဆွေဖြစ်” စျေးနှုန်းဖြင့် ရောင်းချပေးနေသည့် ရေနံစိမ်းများကို ရနိုင်သမျှဝယ်ယူနေသည်။ ၂၀၂၂ ဧပြီနှင့် မေလများအတွင်းမှာပင် အမေရိကန် ဒေါ်လာ ၃.၂ ဘီလျှံဖိုးမျှ ဝယ်ယူတင်သွင်းခဲ့သည်ဟု ဆိုသည်။ ရုရှားနိုင်ငံမှတင်သွင်းမှုများသည် အိန္ဒိယလောင်စာစွမ်းအင်လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းအထိ ရှိနေသည်။ အိန္ဒိယ၏အကြွေးပတ်လည်ဝိုင်းနေသည့် စက်မှုလုပ်ငန်းကြီးများအတွက် လောင်စာ စွမ်းအင်သည် မရှိမဖြစ် လိုအပ်သည်။
အခြားတဖက်တွင်လည်း အိန္ဒိယသည် တရုတ်နိုင်ငံ အတွင်းမှ အနောက်တိုင်းစက်မှုလုပ်ငန်းကြီးများ အိန္ဒိယနိုင်ငံအတွင်းသို့ရွှေ့ပြောင်းလာမည့်အခွင့်အရေးကို လက်လွတ်ခံ၍မဖြစ်။တရုတ်နိုင်ငံရှိ နိုင်ငံတကာ ကုမ္ပဏီကြီးများ၊ စက်မှုလုပ်ငန်းကြီးများသာ အိန္ဒိယ နိုင်ငံသို့ ပြောင်းရွှေ့လာပါက ပြိုင်ဖက် တရုတ်နိုင်ငံကို အသာစီးရသလိုဖြစ်မည်ဟူ၍ ယူဆနေသည်။
ထို့ ကြောင့် ဝန်ကြီးချုပ် မိုဒီက သမ္မတ ပူတင်အား ယနေ့ခေတ်သည် စစ်မက်ဖြစ်ပွားရမည့်အခါသမယမဟုတ်ကြောင်း၊ အငြင်းပွားမှုများကို ဒီမိုကရေစီ၊ သံတမန်ရေး၊ ညှိနှိုင်းဆွေးနွေးမှုတို့ဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း ဆမာကန် ဆွေးနွေးပွဲအတွင်း နှစ်ဦးချင်းတွေ့ဆုံစဥ် ပြောကြားသွားသည်။ အိန္ဒိယ သည် အကြောင်းကြောင်းကြောင့် ယူကရိန်းပဋိပက္ခရှည်ကြာနေမည်ကို မလိုလား။
ယူကရိန်း ပဋိပက္ခ ကြာရှည်နေပါက အပြန်အလှန်အရေးယူပိတ်ဆို့မှုများကြောင့် လောင်စာစွမ်းအင်စျေးနှုန်းများခေါင်ခိုက်သွားမည်ကို အိန္ဒိယက အလွန်စိုးရိမ်နေသည်။ ထို့အပြင် ရုရှားတပ်ဖွဲ့များ အရေးမလှမှုကြောင့် သမ္မတ ပူတင်အနေဖြင့် သမားရိုးကျ မဟုတ်သည့်စစ်ရေးနည်းလမ်းများကို အသုံးပြုလာနိုင်သည်ဟူ၍လည်း အိန္ဒိယက ကြောင့်ကျနေသည်။
( မှတ်ချက်။ ။ ရုရှားအနေနှင့် ယူကရိန်းတွင် စစ်ရေးအခြေမလှသည့်အပေါ် လက်တုန့်ပြန်ကာ ဖျက်အားပြင်း လက်နက်များ ( ညူကလီယာ၊ ဓါတု၊ဇီဝ လက်နက်များ) အသုံးမပြုရန် အမေရိကန် သမ္မတ ဘိုင်ဒင်က စက်တင်ဘာ ၁၆ ရက်နေ့တွင် လူသိရှင်ကြား သတိပေးပြောကြားသွားသည်။.ယူကရိန်းပဋိပက္ခအတွင်း အမေရိကန်တို့၏ ကြိုတင်သတိပေးချက်အများစုသည် မှန်ကန်နေခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ပူတင်၏ စိတ်ခံစားချက်နှင့် အကြံအစည်ကို အမေရိကန်တို့ သတင်းရယူနိုင်နေသည်ဟု ယူဆနေကြသည်)
.
.
.
●● SCO အဖွဲ့အတွင်းက ကိုယ်ကျိုးစီးပွားများ
နိုင်ငံတကာ မီဒီယာများတွင် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ကြီး SCO အား အာရှနိုင်ငံများ၏ နေတိုးဟူ၍ အမေရိကန်၊ ကနေဒါ နှင့်ဥရောပ နိုင်ငံ ၂၈ နိုင်ငံတို့စုပေါင်းဖွဲ့စည်းထားသည့် မြောက်အတ္တလန်တိတ်မဟာမိတ်စာချုပ်အဖွဲ့ကြီးနှင့်ခိုင်းနှိုင်းလေ့ရှိကြသည်။
သို့ရာတွင် လေ့လာသူများက နေတိုးအဖွဲ့သည် ဘုံရန်သူကို ရင်ဆိုင်ရန်ဟူသည့်တူညီသောရည်မှန်းချက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ အမြင်ဖြင့် မူဝါဒချမှတ်လုပ်ဆောင်တတ်သော်လည်း SCO အဖွဲ့သည် ဒေသဆိုင်ရာအဖွဲ့ သာဖြစ်နေသေးကြောင်း ထောက်ပြကြသည်။ထို့အပြင် နေတိုးသည် စစ်ရေးမဟာမိတ်စာချုပ်ဖြစ်ပြီး SCO သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ကြောင်းတွေ့ရသည်။
နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများသည် ရှေးပဝေသဏီကာလများကတည်းက နိုင်ငံအချင်းချင်းကူးလူးဆက်ဆံမှုများပြားပြီးဘာသာရေးနှင့် ယဥ်ကျေးမှု ဓလေ့စရိုက်ခြင်းလည်း ကွာခြားမှုမကြီးမားလှ။ နိုင်ငံရေးစနစ်များလည်း တူညီကြသည်။ နေတိုးအဖွဲ့၏ ဦးဆောင် သဖွယ်ရှိနေသော အမေရိကန်ပြည်ထောင်စုသည်လည်း ဥရောပတိုက်တလွှားမှ ပြောင်းရွှေ့နေထိုင်လာကြသူများဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။
SCO အဖွဲ့ကြီးတွင် ဘုံရန်သူမရှိ။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှအပ တူညီသောရည်မှန်းချက် မရှိ။ ထို့အပြင် အာရှတိုက်၏မြေမျက်နှာသွင်ပြင်နှင့် သမိုင်းကြောင်းတို့
ကြောင့် နိုင်ငံအချင်းချင်း၊ လူမျိုးနွယ်စုအချင်းချင်း အကြား ကူးလူး ဆက်ဆံမှု အလွန်နည်းပါးသည်။ ဘာသာရေးကဏ္ဍတွင်လည်း အမျိုးစုံသည်။ ထို့အပြင် နိုင်ငံရေးစနစ်ချင်းလည်း မတူညီကြပေ။ ဥရောပ ပါလီမန်ကဲ့သို့ သော အင်စတီကျုးရှင်း မျိုးလည်းမရှိ။
ထို့အပြင် SCO ၏အဓိက အင်အားကြီး ၃ နိုင်ငံတို့သည်လည်း နိုင်ငံရေးစနစ်လည်းမတူ၊ မျှော်မှန်းချက်ခြင်းလည်းမတူကြချေ။
++ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
SCO အဖွဲ့ကို ဖွဲ့စည်းဖို့ စတင်အဆိုပြုခဲ့သည့် တရုတ်နိုင်ငံသည် အာရှတိုက်အလယ်ပိုင်းရှိ ဆိုဗီယက်ပြည်ထောင်စု၏ပြည်နယ်ဟောင်းများမှနေ၍ လွတ်လပ်သောနိုင်ငံများအဖြစ်ထူထောင်ကြသည့် “စတန်” နိုင်ငံများ — ကာဇက်၊ ဥဇဘက်၊ တာဂျစ်၊ တာ့ခမန်၊ ကာဂျက်ဇ်— အား စီးပွားရေးအရှိန်အဝါကို သုံး၍ ၎င်း၏သြဇာစက်ဝန်းအတွင်းသိမ်းသွင်းထားလိုသည်။ အာရှတိုက်အလယ်ပိုင်းသည် အေဒီ ၁ရာစုမှ ၁၃ ရာစု အထိ တရုတ်နှင့် ဥရောပအကြား ကုန်သွယ်ရေးလမ်းမကြီး Silk Road တည်ရှိရာ ဒေသကြီးလည်းဖြစ်သည်။
☆☆☆မှတ်ချက်
“စတန်” နိုင်ငံ ၈ နိုင်ငံရှိရာ အထက်တွင်ဖော်ပြခဲ့ပြီးသည့် ၅ နိုင်ငံအပြင် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရန် တို့လည်း ပါဝင်ပါသည်။ ပါရှင်း (အီရန်) ဘာသာစကားအရ စတန် ဟူသည့် ဝေါဟာရသည် နိုင်ငံ ဟု အဓိပ္ပါယ်ရသည်။ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ အတွင်း လာရက်စတန် ဟူသည့် ဒေသကြီး ရှိပါသည်။
ယူကရိန်းပဋိပက္ခကြောင့် ရုရှားနိုင်ငံသည် အင်အားနည်းသွားပါက တရုတ်နိုင်ငံသည် SCO ၏ပြိုင်ဖက်မရှိ သော ခေါင်းဆောင် နိုင်ငံဖြစ်လာမည်ဖြစ်သည်။ ယခုကတည်းက ပင်လတရုတ် နိုင်ငံသည် အလိမ္မာသုံး၍ အာရှတိုက်အလယ်ပိုင်းနိုင်ငံများအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဆိုင်ရာအကူအညီများပေးအပ်လာနေသည်။ ဆမာကန် ထိပ်သီး ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံသည် ဥဇဘက်ကစ္စတန်နှင့် ကာဇက်စတန်နိုင်ငံများနှင့် အကူအညီပေးရေးစာချုပ်များကိုချုပ်ဆိုသွားခဲ့သည်။ စာချုပ်များအရ ကာဇက်စတန်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးစသည့် ကဏ္ဍများ အတွက် တရုတ်တို့က အကူအညီများပေးအပ်သွားမည်ဖြစ်ပြီး ဥဇဘက်ကစ္စတန်နိုင်ငံအတွင်း ဒေါ်လာ ၁၅ ဘီလျှံဖိုးမျှ ရင်းနှီးမြှုပ်နှံသွားရန်ရှိနေသည်။
ယခု အကူအညီပေးရေးစီမံကိန်းများအား တရုတ်နိုင်ငံက အဆိုပြုထားသည်မှာကြာပြီဖြစ်ပြီး ရုရှား၏သဘောမတူညီမှုကြောင့် ကြန့်ကြာနေခဲ့ရခြင်းဖြစ်သည်။ ရုရှားသည် အာရှတိုက်အလယ်ပိုင်းနိုင်ငံများကို ၎င်း၏ အိမ်နောက်ဖေးသဖွယ်သဘောထားပြီး ၎င်း ၏သြဇာသက်ရောက်ရာဒေသကြီးအဖြစ် သတ်မှတ်ထားခဲ့သည်။ တရုတ်နိုင်ငံက အာရှအလယ်ပိုင်းတွင် ဝင်ရောက်နေရာယူလာခြင်းသည် ရုရှား နိုင်ငံအားနည်းသွားခြင်း၏သင်္ကေတပေလောဟူ၍ နိုင်ငံတကာရေးရာ လေ့လာသုံးသပ်သူများက ထောက်ပြနေကြသည်။
တရုတ်နိုင်ငံသည် ကက်စပီယံကုန်းတွင်းပင်လယ်ဒေသကိုဖြတ်၍ ထရန်စ် ကက်စပီယံနိုင်ငံတကာ သယ်ယူပို့ဆောင်ရေးစနစ်ကြီးတခုကိုတည်ထောင်ကာ နိုင်ငံအနောက်ပိုင်း ရှင်းကျန်းပြည်နယ်နှင့် ကာဂျစ်စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများအားဆက်သွယ်ရေး စီမံကိန်းကြီးတခုကို အကောင်အထည်ဖော်သွားရန်ရှိနေသည်ဟုဆိုသည်။
.
.
++ ရုရှားဖက်ဒရေးရှင်း
ရုရှားဖက်ဒရေးရှင်းသည် တရုတ်နိုင်ငံအား အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စု ကို ဆန့်ကျင်ရာတွင် မဟာမိတ်နိုင်ငံအဖြစ် ရှုမြင်ထားသည်။ ထို့ကြောင့် SCO အဖွဲ့ကြီးဖွဲ့စည်းကာ အစဥ်အဆက် ရုရှားတို့ သြဇာညောင်းရာ အာရှအလယ်ပိုင်းဒေသ နိုင်ငံများကို တရုတ်နိုင်ငံက စည်းရုံးရန်ကြိုးစားခြင်းကို အတိုင်းအတာတခုအထိ မသိကျိုးကျွန်ပြုခဲ့တာဖြစ်သည်။
ယူကရိန်း ပဋိပက္ခနွံအတွင်း ရုရှားတို့နှုတ်ရခက်အောင် ခြေကျွံလာနေသည့်အခါ ရုရှားသမ္မတ ပူတင်က တရုတ်နိုင်ငံအား လိုအပ်ချက်အရ အထူးအရေးပေး၍ ဆက်ဆံလာသည်ကိုတွေ့ရသည်။ ဆမာကန်ဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောကြားရာတွင် တရုတ်သမ္မတ အား “ရဲဘော်ကြီး ရှီ” ဟူ၍ ခေါ်ဝေါ်သုံးနှုန်းသွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ တရုတ်နိုင်ငံက အထူးလိုအပ်နေသည့် စွမ်းအင်လောင်စာများကို ရုရှားက Power of Siberia ပိုက်လိုင်းကြီးဖြင့် တင်ပို့နေပြီး ယခုအခါ မွန်ဂိုလီယားနိုင်ငံကို ဖြတ်သန်းသွားမည်ဖြစ်သော ဒုတိယပိုက်လိုင်းကြီး Power of Siberia -2 (POS -2) ကိုပါ အမြန်တည်ဆောက်သွားရန် ရုရှား၏အကြီးဆုံးရေနံကုမ္ပဏီ ကြီး Gasprom နှင့် တရုတ်၏ China National Petroleum Corporation CNPC တို့သဘောတူညီထားပြီးဖြစ်သည်။ ပထမပိုက်လိုင်းကြီးကို ၂၀၁၉ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယပိုက်လိုင်းကြီးကို ၂၀၂၄ ခုနှစ်တွင် စတင်တည်ဆောက်သွားမည်ဖြစ်သည်။ ရုရှားတို့က POS-2 သည် အနောက်ဥရောပသို့ သဘာဝဓါတ်ငွေ့များပို့ဆောင်ပေးရန် စီစဥ်ထားသည့် Nord Stream 2 ပိုက်လိုင်းကြီးကို အစားထိုးသွားမည်ဖြစ်သည်ဟု ဆိုနေကြသည်။ POS -2 ပိုက်လိုင်းကြီးပြီးစီးသွားပါက နှစ်စဥ် သဘာဝဓါတ်ငွေ့ ကုဗပေ ၅၀ ဘီလျှံမျှ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
ရုရှားတို့အား တရုတ်တို့က မိတ်ဆွေနိုင်ငံလေးအဖြစ် တစတစ သတ်မှတ်ဆက်ဆံသွားမည်လားဆိုသည်ကိုတော့ စောင့်
ကြည့်ရမည်ဖြစ်သည်။ ဆမာကန် အာရှထိပ်သီးဆွေးနွေးပွဲအတွင်း ရုရှား၏အင်အားလျော့နည်းလာမှုကို တွေ့မြင်နေရသည်ဟု နိုင်ငံတကာရေးရာလေ့လာသူတို့က တူရကီနှင့် ရုရှားဆက်ဆံရေးကိုထောက်ပြကြသည်။
ဆမာကန် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တူရကီနိုင်ငံက ရုရှားနိုင်ငံအပေါ် ခပ်ရင့်ရင့် ဆက်ဆံပုံကို
ကြည့်ခြင်းအားဖြင့်တွေ့နိုင်သည်။ သမ္မတ ပူတင်ခမျာ တူရကီသမ္မတ နှင့် တွေ့ဆုံမည့်နေရာသို့ ကြိုတင်ရောက်ရှိနေပြီး တူရကီသမ္မတ က အချိန်အတော်နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ ရုရှားက ၎င်းထံမှရေနံဝယ်ယူသူများအနေဖြင့် ရွှေ၊ သို့မဟုတ် ရူဘယ်ငွေကြေးဖြင့်သာပေးချေရမည်ဟု သတ်မှတ်ထားသည်ကို တူရကီက ဝယ်ယူသမျှ၏လေးပုံတပုံကိုသာ ရူဘယ်ဖြင့်ပေးချေမည်ဟု ခပ်တင်းတင်းတုန့်ပြန်ခဲ့သည်။
ရုရှားသည် တူရကီက ယူကရိန်းနိုင်ငံအား စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ပေးနေသည်ကို သိရှိသော်လည်း တူရကီမှတဆင့် ရုရှားကုန်ပစ္စည်းများကို နိုင်ငံတကာစျေးကွက်အတွင်း တင်ပို့လိုသည်ကတကြောင်း၊ ရုရှားပင်လယ်နက်ရေတပ်နှင့် ကုန်သွယ်ရေကြောင်းလမ်းများသည် တူရကီက ချုပ်ကိုင်ထားသည့် ဘော့စပေါရပ်စ် ရေလက်ကြားမှတ
ဆင့် ဖြတ်သန်းသွားရသည်ကတကြောင်း အကြောင်းကြောင်းကြောင့် တူရကီအားမာမာထန်ထန်မဆက်ဆံရဲပေ။
.
.
.
++ အိန္ဒိယသမ္မတနိုင်ငံ
၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရစဥ်ကတည်းက ပါလီမန်ဒီမိုကရေစီစနစ်ကို အစဥ်တစိုက် ကျင့်သုံးခဲ့သော အိန္ဒိယနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးတွင် ဝင်ရိုးစွန်းတခုတည်း ရှိသည်ထက် ဝင်ရိုးစွန်းများစွာ ရှိခြင်း Unipolar vs. Multipolar ကို အားပေးသည်ဟုဆိုကာ SCO အဖွဲ့ကြီးထဲသို့ဝင်ရောက်ခဲ့သည်ဟု ဆိုသော်လည်း အမှန်တကယ်အားဖြင့် ပြိုင်ဖက် ပါကစ္စတန်နိုင်ငံက အဖွဲ့ကြီးထဲဝင်ရောက်ရန် လျှောက်ထားသ
ဖြင့် လိုက်လံလျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။
အိန္ဒိယနှင့် စစ်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ဖူးသည့် ပါကစ္စတန်နိုင်ငံကို တရုတ်နိုင်ငံက မဟာဗျုဟာ မြောက် မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး ဖွံ့ဖြိုးရေးအကူအညီ၊ စစ်ရေးအကူအညီများကို ၁၉၆၀ ပြည့်လွန်ဆယ်စုနှစ်များ အလယ်ကာလကတည်းက ပေးအပ်လာနေခဲ့သည်။ အိန္ဒိယကို ဘုံ ပြိုင်ဖက်နိုင်ငံအဖြစ် ပါကစ္စတန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက သတ်မှတ်ထားကြသည်။
ထို့ကြောင့် အိန္ဒိယသည် SCO အဖွဲ့ကြီးထဲသို့ဝင်ရောက်ရခြင်းဖြစ်သည်။ နောက်ထပ်အကြောင်းရင်းတခုမှာ SCO အဖွဲ့ဝင်နိုင်ငံများ၏ စျေးကွက်ကြီးဖြစ်သည်။ အာရှတိုက်အလယ်ပိုင်းနိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအဆင့်မှာသာရှိသေးသဖြင့် အိန္ဒိယ၏ထုတ်ကုန်များကို တင်ပို့ရောင်းချရန် သင့်လျှော်သည်ဟု အိန္ဒိယက ယူဆထားသည်။
သို့သော် SCO အဖွဲ့ကြီးအတွင်းသို့ အိန္ဒိယ ဝင်ရောက်ရခြင်း၏ရေးကြီးဆုံးအကြောင်းရင်းမှာ စွမ်းအင်အရင်းအမြစ်များဖြစ်သည်။ ရုရှားနိုင်ငံ၏ အရှေ့ဖက်ခြမ်းရှိ ဧရိယာ စတုရန်းမိုင် ၅.၀၈ သန်းရှိသည့် ဆိုက်ဘေးရီးယားဒေသကြီးသည် သဘာဝအရင်းအမြစ်များ အလွန်ပေါကြွယ်ဝသည်။ အမေရိကန် ဘူမိဗေဒအသင်းကြီး၏ခန့်မှန်းချက်များအရ ဧရိယာ စတုရန်းမိုင် ၉၇၀,၀၀၀ ရှိသည့် ဆိုက်ဘေးရီးယားအနောက်ခြမ်းဒေသတခုတည်းတွင်ပင် ရေနံစည် ၂၃၂ ဘီလျှံနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၁၃၀၀ ထရီလီယံ မျှ ရှိနေသည်ဟုဆိုသည်။ ဆိုက်ဘေးရီးယား၏အခြားဒေသများတွင် စူးစမ်းရှာထွေမှုများ ပြုလုပ်နေကြဆဲဖြစ်သည်။
ဆမာကန် ဆွေးနွေးပွဲအတွင်း ဥဇဘက် ကစ္စတန်နိုင်ငံက SCO ၏ ဥက္ကဌ နေရာကို အိန္ဒိယ နိုင်ငံအားလွှဲပြောင်းပေးခဲ့သည်။ အိန္ဒိယသည် SCO ၏ ဥက္ကဌအဖြစ် တနှစ် တာဝန်ယူသွားမည် လည်းဖြစ်သည်။၂၀၂၃ ခုနှစ်အတွက် SCO အစည်းအဝေးကို အိန္ဒိယနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်၊
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လောင်စာစွမ်းအင် တတိယအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ပြီး စွမ်းအင်လိုအပ်ချက် ၏ ၈၅ ရာခိုင်နှုန်း ကို ပြည်ပမှ တင်သွင်းနေရသည်။
.
.
အိန္ဒိယသည် အမေရိကန်တို့ ဦးဆောင်ဖွဲ့စည်းထားသည့် Inter Pacific Economic Framework ‐ IPEF ပစိဖိတ်ဒေသ အတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲမှ နှုတ်ထွက်ကြောင်း စက်တင်ဘာအလယ်တွင်ရုတ်တရက်ကြေညာခဲ့သည်။ လေ့လာသူများက အိန္ဒိယနိုင်ငံသည် လွတ်လပ်၍တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကိုအစဥ်ကျင့်သုံးလာသည်ဖြစ်ရာ ယခု IPEF ဆွေးနွေးပွဲများသည် တရုတ်နှင့်ရုရှားကို ချောင်မှာ ပိတ်ထားရန်ပြင်ဆင်နေသည်ဟု ယုံကြည်နေ၍ဖြစ်နိုင်ကြောင်း ၊ အိန္ဒိယနိုင်ငံသည် တရုတ်တို့ ဦးဆောင်သည့် Regional Comprehensive Economic Partnership ဆွေးနွေး ပွဲမှလည်း ၂၀၁၉ ခုနှစ်တွင် နှုတ်ထွက်ခဲ့ဖူးသည်။
တဖက်တွင်လည်း အိန္ဒိယနိုင်ငံသည် အမေရိကန်ဦးဆောင်
သည့် အနောက်အုပ်စုဝင်နိုင်ငံများနှင့် စစ်ရေးအရ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်လာသည်။ အိန္ဒိယသည် အမေရိကန်၊ ဂျပန်၊ သြစတေးလျှနိုင်ငံတို့ပါဝင်သည့် Quadrilaterial Security Dialogue QUAD လေးနိုင်ငံလုံခြုံရေးရာကိစ္စရပ်များ ပူးပေါင်းဆွေးနွေးရေးအဖွဲ့ကြီး၏အဖွဲ့ဝင်ဖြစ်သည်။ QUAD အဖွဲ့၏စစ်ရေးလေ့ကျင့်မှုများကို အိန္ဒိယ သမုဒ္ဒရာအတွင်း ပြုလုပ်လေ့ရှိသည်။
အိန္ဒိယနိုင်ငံသည် ရုရှားလုပ်စစ်လက်နက်ပစ္စည်းများကို အစားထိုးရန် အမေရိကန်နှင့်ပြင်သစ်တို့ထံမှစစ်လက်နက်များကို တိုးမြှင့်ဝယ်ယူလာနေသည်။ အထင်ရှားဆုံးမှာ အမေရိကန်လုပ် ပီ ၈ ရေငုတ်သင်္ဘော တိုက်ဖျက်ရေးနှင့် ပင်လယ်ပြင် ကင်းလှည့်လေယာဥ်ကြီးများ ဝယ်ယူခြင်းနှင့် ပြင်သစ်နိုင်ငံမှ ရာဖေးလ် တိုက်လေယာဥ်များဝယ်ယူခြင်းဖြစ်သည်။
အိန္ဒိယနှင့် အမေရိကန်တို့သည် ဟိမဝန္တာတောင်တန်းဒေသတွင်စစ်ရေးလေ့ကျင့်မှုများပြုလုပ်လေ့ရှိပြီး ထိုဒေသကြီးအတွင်း တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများကို ပူးပေါင်းထောက်လှမ်းစောင့်ကြည့်သွားရန် သဘောတူညီထားကြသည်။
.
.
.
●● SCO သည် အာရှ၏ဝါဆောပက် ဖြစ်လာမည်လား
ဝါဆောပက် Warsaw Pact ဟု ခေါ်ကြသည့် စစ်ရေးမဟာမိတ်စာချုပ်သည် ၁၉၅၅ ခုနှစ်၊ ပိုလန်နိုင်ငံ၊ဝါဆောမြို့တော်တွင် ထိုစဥ်က ဆိုဗီယက်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ် အလယ်ပိုင်းနှင့် အရှေ့ဥရောပ ဒေသရှိ ကွန်မြူနစ်နိုင်ငံများအကြား ချုပ်ဆိုခဲ့သည့် စစ်မဟာမိတ်စာချုပ်ဖြစ်သည်။ ဝါဆောအဖွဲ့၏ ဘုံရည်မှန်းချက်သည် အနောက်အုပ်စု နေတိုးအဖွဲ့၏ကျုးကျော်ရန်စတိုက်ခိုက်လာမှုများကို ကာကွယ်ရင်ဆိုင်ရန်ဖြစ်သည်။
SCO အဖွဲ့ကြီးသည် အာရှ၏ ဝါဆောပက် ဖြစ်လာမည်လားဟုသုံးသပ် ရန်မှာ စောလွန်းနေသေးသည်ဟု ဆိုရပါမည်။
SCO အဖွဲ့ကြီးအတွင်း အနောက်အုပ်စုနှင့် တဇောင်းစေးနှင့် မျက်ချေး ဖြစ်နေရသည့် အီရန်နိုင်ငံပါဝင်လာခြင်းက အဖွဲ့၏ ပုံရိပ်ကိုအနည်းငယ်ပြောင်းလဲသွားစေမည်မှန်သော်လည်း အဖွဲ့ဝင်နိုင်ငံများအကြား စစ်လက်နက်များရောင်းချခြင်းမှအပ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများမရှိပါ။ နေတိုးအဖွဲ့ကြီးမှာကဲ့သို့ အဖွဲ့ဝင် တနိုင်ငံကို ပြင်ပတနိုင်ငံ သို့မဟုတ် နိုင်ငံအများက စစ်ရေးအရ တိုက်ခိုက်လာလျှင် အဖွဲ့ဝင်နိုင်ငံများက အကူအညီပေးရမည် ဟူသည့် စည်းမျဥ်းစည်းကမ်းများမရှိပါ။ အကယ် ၍ ရှိခဲ့လျှင် ဘက်မလိုက်ဝါဒကို ကျင့်သုံးသည့် အိန္ဒိယနိုင်ငံသည် တင်းပြည့်အဖွဲ့ဝင်ဖြစ်လာမည်မဟုတ်။
တူရကီနိုင်ငံသည် ဆယ်စုနှစ်များစွာ နေတိုးအဖွဲ့ကြီး၏အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း SCO အဖွဲ့ကြီးအပေါ် စိတ်ဝင်စားမှုပြရခြင်းမှာ စီးပွားရေးအခွင့်အလမ်းများ၊ စွမ်းအင်အရင်းအမြစ်များ စသည်တို့ကြောင့်အပြင် ကမ္ဘာ့နိုင်ငံရေးဇတ်ခုံတွင် အင် အားကြီးနိုင်ငံတခုအဖြစ် ဖာသာရပ်တည်လိုသောကြောင့် ဖြစ်သည်။
ရေနံရောင်းချမှုကြောင့်ကြွယ်ဝချမ်းသာလာကြသော ပင်လယ်ကွေ့နိုင်ငံများက SCO အဖွဲ့ကြီးကို စိတ်ဝင်စားကြခြင်းမှာ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေးစနစ်ပုံစံ ဆင်တူညီနေခြင်းနှင့် စီးပွားရေးအရရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကြောင့် ဖြစ်ပါသည်။ ပင်လယ်ကွေ့နိုင်ငံများရှိ အုပ်ချုပ်သူအစိုးရများသည် အနောက်အုပ်စုနှင့် နီးကပ်ရင်းနှီးစွာ ဆက်ဆံကြသော်လည်း အနောက်အုပ်စု၏ နိုင်ငံရေး၊လူမှုရေး စံနှုန်း များအပေါ် အစဥ်အမြဲပင် စိတ်မသက်မသာဖြစ်ကြရသည်။ အထင်ရှားဆုံးသာဓကမှာ ဆော်ဒီအာရေဗျ ၏အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆဲလ်မန် ( MBS ဟုနံမည်၏အရှေ့စာလုံးများကိုအစွဲပြုကာ လူသိများပါသည်) ဖြစ်သည်။
ပင်လယ်ကွေ့နိုင်ငံများသည် အမေရိကန်အပါအဝင် အနောက်နိုင်ငံများတွင် စီးပွားရေးအရ ကြီးမားစွာရင်းနှီးမြှုပ်နှံထားကြသည်။ အနာဂတ်တွင် ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် SCO အဖွဲ့ဝင်နိုင်ငံများတွင် ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာကြမည်လော ဟု မေးခွန်းထုတ်စရာရှိနေသည်။ သို့သော် ဤကဲ့သို့ဖြစ်လာရန်မှာ SCO အဖွဲ့ကြီးမှာသော်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများမှာသော်လည်းကောင်း ခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် စိတ်ချရသည့် အရပ်ဖက် အင်စတီကျုးရှင်းများရှိထားပြီးဖြစ်ရမှာဖြစ်သည်။ SCO နိုင်ငံအများစုတွင် ထိုအချက်များမပြည့်စုံကြသေးပါ။
.
.
ရုရှားနိုင်ငံသည် SCO အဖွဲ့ကြီးအား ၎င်းနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးကို ထင်ဟပ်စေသည့် လစ်တမတ်စမ်းသပ်ချက် အဖြစ် ထားရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ သမ္မတ ပူတင်၏ အမျိုးသားရေး ဦးစားပေး မူဝါဒနှင့် ယူကရိန်း ပဋိပက္ခကြောင့် ရုရှား၏ နိုင်ငံခြားရေးပေါ်လစီသည် ၁၈၀ ဒီဂရီ ပြောင်းလဲသွားရသည်ဟု လေ့လာသူများက ဆက်လက်သုံးသပ်ကြသည်။
၁၉၉၀ ပြည့်လွန်ဆယ်စုနှစ်များအစပိုင်း ဆိုဗီယက်ပြည်ထောင်စု ကြီး ပြိုကွဲအပြီး အမွေဆက်ခံသည့် ရုရှား ဖက်ဒရေးရှင်း၏ နိုင်ငံခြားရေးမူဝါဒသည် ရှိရင်းစွဲ စူပါပါဝါ အမေရိကန်နှင့် အင်အားတစတစ ကြီးထွားလာနေသည့် တရုတ်နိုင်ငံတို့အကြား မျှခြေကို တတ်နိုင်သမျှ ထိန်းထားပြီး ရုရှား၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရန်ဖြစ်သည်။ ထိုမူဝါဒသည် လတ်တလော အခြေအနေများ၊ အဖြစ်အပျက်များအကြားဝယ် ချောင် ထိုးခံလိုက်ရလေပြီလား။
၂၀၂၃ ခုနှစ် SCO အာရှ ထိပ်သီးဆွေးနွေးပွဲမကျင်းပမှီ မည်သည့်ဖြစ်ပေါ်တိုးတက်မှုများရှိလာနိုင်သည်ကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။
ကိုးကား
— The Moscow Times
— The South China Morning Post
— The Business Times
— Sganghai Cooperation Organization – An Overview by Foreign & Commonwealth Office
— သက်ဆိုင်ရာဝက်ဘ်ဆိုက်များ
End Notes and External links
- source: “ဆမာကန်မှာ လှေနံနှစ်ဖက်နင်းကြသူများ” | Si Thu Soe Moe
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


