ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၁၂)

(The Mog Nation Wiki, an archive)


Read the author’s original post

ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်းအပိုင်း (၁၂)

ဒေါက်တာမျိုးမြင့်

ဂစ္ဆပနဒီ မြစ်ဝကျွန်းပေါ် ဒေသ ကို အမည်ပေးသတ်မှတ်ခြင်း

အနောက်မြောက် မှ အရှေ့တောင် (NW-SE) အတိုင်း သွယ်တန်းပြီး၊ လဝန်းပုံ (လခြမ်း) (crescent shape) ရှိသည့် ကီလိုမီတာ ၇၅၀ ခန့် ရှည်လျားသော ရခိုင်ကမ်းရိုးတန်း သည် အရှေ့ဖက်ရှိ ရခိုင်ရိုးမတောင်တန်း နှင့် အနောက်ဖက်ရှိ ဘင်္ဂလားပင်လယ် အကြားတွင်တည်ရှိပြီး၊ ဖို့ချကျွန်းများ၊ ကျွန်းများ၊ မြစ်များ၊ ချောင်းများ၊ ပင်လယ်အော်များ၊ လှပသောကမ်းခြေများ၊ ရွံ့မီးတောင်များ၊ သန္တာကျောက်တန်းများ နှင့် ဒီရေတောများရှိနေခြင်းကြောင့်၊ ဘူမိရုပ်သွင် ရှုပ်ထွေးစွာ ဖြင့် တည်ရှိနေကြသည် ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည် (ပုံ ၃)။

ရခိုင်ကမ်းရိုးတန်း ၏ ဘူမိရုပ်သွင် ကို နှစ်ပိုင်း ခွဲခြား နိုင်သည်။ မြောက်ပိုင်းတွင် မြစ်ဝကျွန်းပေါ် (Delta) ဒေသ နှင့် တောင်ပိုင်းတွင် ကမ်းဦးရေတိမ်ပိုင်း (open-shelf) ဒေသ တို့ ဖြစ်ကြသည် (ပုံ ၃)။ ၄င်း ဒေသနှစ်ခု၏ သတ်မှတ် ခွဲခြားရာ အရပ်သည် မန်အောင်ကျွန်း၊ စကုကျွန်း နှင့် မကျေးကျွန်းများ ပြီးဆုံးရာ အရပ်ဒေသ ဖြစ်သည်။

မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မြစ်ဝကျွန်းပေါ် (Delta) ဒေသကို နှစ်ပိုင်း ခွဲခြားနိုင်သည်။ မြောက်ပိုင်းတွင် မြစ်ဝကျယ်များဖြင့်ဖွဲ့ထားသော မြစ်ဝကျွန်းပေါ် (Estuarine-dominated Delta) နှင့် တောင်ပိုင်းတွင် ချောင်းဒီရေတောများဖြင့်ဖွဲ့ထားသော မြစ်ဝကျွန်းပေါ် (Tide-dominated Delta) တို့ ဖြစ်ကြသည်။ ၄င်း ဒေသနှစ်ခု၏ ခွဲခြားရာ အရပ်သည် ဖရုံကာကျွန်း၏ တောင်ဖက် နှင့် ခွန်းချောင်းကျွန်း၏ မြောက်ဖက်ဒေသ တို့ဖြစ်သည် (ပုံ ၃၊ ၄၊ ၅၊ ၆)။

မြောက်ပိုင်းတွင်ရှိ မြစ်ဝကျယ်များဖြင့်ဖွဲ့ထားသော မြစ်ဝကျွန်းပေါ် (Estuarine-dominated Delta) သည် မြောက်မှတောင်သို့ စီးဆင်းသော နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ် နှင့် လေးမြို့မြစ် တို့၏ ဘင်္ဂလားပင်လယ် နှင့် ထွက်ပေါက်တို့တွင် မြစ်ဝကျယ်များဖြစ်ထွန်း၍ အနယ်များ ပို့ချမှုဖြစ်ပေါ် စေခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မြစ်များ တလျှောက်တွင် ကျယ်ပြန့် ရှည်လျားစွာသော မြေနုကျွန်းများဖြစ်ပေါ်နေသည်ကိုတွေ့ရှိနေရသည် (ပုံ ၄၊ ၅၊ ၆)။ မြစ်များသည်လည်း ရမ်းဗြဲကျွန်းစုများ၏ပိတ်ဆို့ မှုကြောင့်၄င်း၊ တောင်ဖက်ပိုင်းသို့ စီးဆင်းနိုင်မှု မရှိတော့ဘဲ ဘင်္ဂလားပင်လယ် နှင့် ထိတွေ့ ထွက်ပေါက် ဖြစ်ပေါ်၍ မြေနုကျွန်းသစ်များ တည်ဆောက် ဖြစ်ပေါ်ကာ မြစ်ဝကျယ်များဖြင့်ဖွဲ့ထားသော မြစ်ဝကျွန်းပေါ် (Estuarine-dominated Delta) ဒေသ ဖြစ်လာရခြင်းဖြစ်သည်။ ၄င်းပြင်၊ စစ်တကောင်းတောင်တန်းများမှ ဖြစ်ပေါ်တည်ရှိလာသော မြေအောက် ဘူမိအနေအထားများ (ကျောက်လွာများ တူရူတန်းနေမှုများ၊ ပြတ်ရွေ့များ၊ လွှာတွန့်များ) သည်လည်း ရမ်းဗြဲကျွန်းစုများ (ခွန်းချောင်း၊ ကျွန်းသာယာ၊ ရမ်းဗြဲကျွန်း) ၏ထိပ်တွင် ပျောက်ဆုံးသွားခြင်း နှင့် ရောထွေး သွားခဲ့သည်ကို တွေ့နေရသည်။

တောင်ပိုင်းတွင် ချောင်းဒီရေတောများဖြင့်ဖွဲ့ထားသော မြစ်ဝကျွန်းပေါ် (Tide-dominated Delta) သည် မြောက်ပိုင်းတွင်ရှိ ရခိုင်ရိုးမတောင်တန်းပေါ်မှအခြေပြု၍၊ အရှေ့မြောက် မှ အနောက်တောင်သို့ စီးဆင်းနေသော ယောချောင်း၊ ဒလက်ချောင်း၊ အမ်းချောင်း တို့သည် သံဇစ်မြစ်/အဇင်းမြစ် နှင့် ပေါင်းစပ်ပြီး၄င်း၊ တောင်ပိုင်းတွင်ရှိသော ရခိုင်ရိုးမတောင်တန်းပေါ် မှအခြေပြု၍၊ အရှေ့ မှ အနောက်သို့ စီးဆင်းနေသော မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း၊ သူဌေးချောင်း တို့သည်လည်း ကလိန်တောင်မြစ် နှင့်ပေါင်းစပ်ပြီး၊ ချောင်းများ၏ ဒီရေတောများဖြစ်ထွန်း၍ အနယ်များ ပို့ချမှုဖြစ်ပေါ် စေခဲ့ ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည် (ပုံ ၇၊ ၈၊ ၉၊ ၁၀)။ ။ ရမ်းဗြဲကျွန်းစုများ (ခွန်းချောင်း၊ ကျွန်းသာယာ၊ ရမ်းဗြဲကျွန်း၊ မန်အောင်ကျွန်း၊ စကုကျွန်း နှင့် မကျေးကျွန်းများ) သည် ချောင်းဒီရေတောများဖြင့်ဖွဲ့ထားသော မြစ်ဝကျွန်းပေါ် တည်ဆောက်ဖြစ်ပေါ်လာနိုင် ရန်အလို့ငှာ၊ ချောင်းများမှ သယ်ဆောင်လာသော အနယ်များ ကို ဖို့ချ နိုင်ရန်အတွက် ကျွန်းစုများမှ သဘာဝအတားအဆီး အဖြစ်တည်ရှိနေခဲ့သည်။

ဤကဲ့သို့ တည်ဆောက်ဖြစ်ပေါ်လာရခြင်းကို ကျွန်တော်၏သက်သေပြချက်မှာ၊ တောင်ဖက်ပိုင်း (ကိုကိုးကျွန်း၊ ကပ္ပလီကျွန်း) မှ မြောက်ဖက် သို့ ရွေ့လျားလာခဲ့သော ရမ်းဗြဲကျွန်းစုများ သည် မြောက်ပိုင်းတွင်ရှိ နေသော စစ်တကောင်းတောင်တန်းများ နှင့် ခွန်းချောင်းကျွန်း/ကျွန်းသာယာကျွန်း ၏ မြောက်ဖက်/ (စပါးဖြုတ်တောင်) (သို့) ဖရုံကာကျွန်း ၏တောင်ဖက် (သို့) သရက်မြို့၏အနောက်ဖက်၊ နေရာ ခန့်တွင် ပြင်းထန်စွာ ထိတွေ့ တိုက်ခိုက် ခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက် ရခြင်းသည် late Pliocene to Pleistocene age နှစ်သန်း ၃.၅ သန်း မှ ၁.၅ သန်း အတွင်း ဖြစ်ခဲ့ သည်ဟု တွက်ဆ ထားသည်။ ထိုကဲ့သို့ ရွေ့လျားမှု သည် NW-SE အတိုင်း သွယ်တန်းနေသော Dextral strikeslip Faults (Kyuntharyar-MaI Fault, Madae-Tanlwe-Taungup Fault and Manaung-Thahtay Fault) များ၏ အကူအညီဖြင့် နာရီလက်တန် ပြောင်းပြန် (သို့) လက်ဝဲရစ် (counterclockwise) အတိုင်း တောင်မှ မြောက် သို့ ရွေ့လျားလာခဲ့သည် (ပုံ ၇)။ (ရခိုင်ဒေသတွင် ဖြစ်နေသော အနက်တိမ် shallow depth (80 km depth) များသည် ထို ပြတ်ရွေ့ များကြောင့် ဖြစ်နိုင်သည်ဟု ပြောနိုင်သည်။

ရွေ့လျားမှုတိုက်ခိုက်မှု နှင့်အတူ ရမ်းဗြဲကျွန်းစုများ အဖြစ် ကျိုးပဲ့ပြတ် တွက်ခြင်း ခံရခြင်းကြောင့် ယခု ရမ်းဗြဲကျွန်းစုများဖြစ်ပေါ်လာကာ၊ သဘာဝအတားအဆီးတစ်ခု အဖြစ်တည်ရှိနေခဲ့ပြီး၊ ထိုမှတဆင့် နှစ်တစ်သန်းခန့်မှစ၍ ကုန်းမြေများမြင့်တက်လာလျှက်၊ မြစ်ဝကျွန်းပေါ် ဖြစ်ပေါ် လာရသည်ဟု တွက်ချက်ထားသည်။ စစ်တကောင်းတောင်တန်းများမှ ဖြစ်ပေါ်တည်ရှိလာ သော မြေအောက်ဘူမိအနေအထားများ (Miocene to Pliocene age နှစ်သန်း ၂၅ သန်း မှ ၃.၅ သန်း ရှိ အနယ်ကျကျောက်များ၊ ကျောက်လွာများ တူရူတန်းနေမှုများ၊ ပြတ်ရွေ့များ၊ လွှာတွန့်များ) သည်လည်း ရမ်းဗြဲကျွန်းစုများ (ခွန်းချောင်း၊ ကျွန်းသာယာ၊ ရမ်းဗြဲကျွန်း) ၏ထိပ်တွင် ပျောက်ဆုံးသွားခြင်း နှင့် ရောထွေး သွားခဲ့သည်ကို တွေ့နေရသည်။ တောင်ဖက်ပိုင်း (ကိုကိုးကျွန်း၊ ကပ္ပလီကျွန်း) မှ မြောက်ဖက် သို့ ရွေ့လျားလာခဲ့သော ရမ်းဗြဲကျွန်းစုများ ၏ ကျောက်လွှာများသည် Cretaceous to Oligocene age နှစ်သန်း ၁၀၀ သန်း မှ ၄ သန်း ရှိ အနယ်ကျ ကျောက်များ၊ မီးတောင်ကျောက်များ၊ သမုဒ္ဒရာကြမ်းခင်းကျောက်များ (မြောက်ဦးဆရာတော် ၏ မအီရှိ ယောင်းတော်မူ ထုလုပ်ထားသော ကျောက် (Serpentine))၊ အသွင်ပြောင်းကျောက်များ၊ ထုံးကျောက်များ (နေပူတောင်)၊ ရွံ့မီးတောင် (ကျောက်ဖြူ၊ မာန်အောင်) များ ပါဝင်ခဲ့သည်။ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကြောင့် ရမ်းဗြဲကျွန်းစုများ ၏ ကျောက်လွှာများသည် စက်ဝိုင်း (သို့) စက်ဝိုင်းခြမ်း၊ S ပုံ၊ လေးကိုင်းပုံ အဖြစ် ကွေးကောက်ခြင်းကိုလည်း ခံခဲ့ရသည်။

မြောက်ဖက် သို့ ရွေ့လျားလာခဲ့သော ရမ်းဗြဲကျွန်းစုများ၏ ရွေ့လျားမှုသည် ကမ္ဘာ့မြထု ချပ်ရွေ့လျားမှု သီအိုရီ အရ၊ တောင်ဖက်မှ ရွေ့လျားမှု အိန္ဒိယသမုဒ္ဓရာ မြေထုချပ် Indian Oceanic Plate နှင့် မြောက်ဖက်ရှိ ယူရေးရှားကုန်မြေ မြေထုချပ် Eurasia Continental Plate တို့ ထိစပ် တိုက်ခိုက်မှု နှင့် တိုက်ရိုက် ဆက်သွယ်ချက်ရှိနေသည်။ ထိစပ် တိုက်ခိုက်မှု လမ်းကြောင်းသည် ကုန်းမြေပေါ်တွင် ကုလားတန်မြစ်ကြောင်းအတိုင်း ခန့် ရှိနေမည်။ ရေအောက်တွင် ကမ်းခြေမှ ကီလိုမီတာ ၁၀၀ ခန့် တွင်ရှိပြီး၊ ကမ်းခြေနှင့်အပြိုင်ခန့် တူရု တန်းနေပြီး၊ ကိုကိုးကျွန်း နှင့် ကပ္ပလီကျွန်း အနောက်ဖက်အနီးမှ တဆင့် အင်ဒိုနီးရှားကျွန်း တောင်ဖက်အနီးမှ ဖြတ်သန်း သွားသည်။

မြစ်ဝကျွန်းပေါ် ဖြစ်ပေါ်လာမှုသည် သုံးမြောင့်တြိဂံ ရှိရမည်၊ slope ကုန်စောင်း (သို့) ဆင်ခြေလျော သည် ၁ မှ ၃ ဒီဂရီ ရှိရမည် ဟု အခြေခံယူဆချက်ဖြစ်သော်လည်း (ဥပမာ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် )၊ ရခိုင်ကမ်းရိုးတန်း ရှိ ဂစ္ဆပနဒီ မြစ်ဝကျွန်းပေါ် သည် အထက်ပါ အချက်နှစ်ချက် နှင့် တူညီမှု ရှိမနေပါ။ ဂစ္ဆပနဒီ မြစ်ဝကျွန်းပေါ် သည် အနောက်မြောက်မှအရှေ့တောင် (NW-SE) အတိုင်း သွယ်တန်းပြီး (ကီလိုမီတာ ၂၅၀ ခန့်)၊ အနောက်တောင်မှအရှေ့မြောက် (ကီလိုမီတာ ၆၀ ခန့် အကြား ကျဥ်းမြောင်းစွာတည်ရှိနေသည်။ slope ကုန်စောင်း (သို့) ဆင်ခြေလျော သည် ရုတ္တရက်ပြောင်းလဲမှု ရှိနေသည်ကို တွေ့ရှိရသည်။

ယခု အယူအဆ သည် ရေနံရှာဖွေရေးလုပ်ငန်းများတွင် အသုံးဝင်မည်ဟု ထင်မြင်ပါသည်။

အချိန်ပေး ဖတ်ခြင်းကိုကျေးဇူး တင်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဖေါ်ြပပါ Abstract သည် Malaysia နိုင်ငံ Lankawi မြို့ တွင် အောက်တိုဘာလ ၁၅-၁၆ ရက်နေ့ တွင် ကျင်းပမည် GEOSEA XVII 2022 Conference တွင် Oral presentationအဖြစ် ရွေးချယ်ထားပြီးဖြစ်သည်။

~ ဒေါက်တာမျိုးမြင့်

Myo Myint | on Facebook



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment