ကေသမုတ္တိသုတ် ဆိုင်ရာ တွေးဆသုံးသပ်ချက်များ

(The Mog Nation Wiki, an archive)


written by: Lynn Htet Swe

ကေသမုတ္တိသုတ်မှာ ဗုဒ္ဓပြဆိုတဲ့ ပရက်ဂမက်တစ်နည်း ကတော့ အယူဝါဒတစ်ခုရဲ့ လက်တွေ့အကျိုးသက်ရောက်မှု ကောင်းကျိုး/ဆိုးပြစ် တွေ နဲ့ ချိန်စက်ပြီး ဆုံးဖြတ်တဲ့နည်းပါပဲ။ ကျင့်သုံးသူကို ကောင်းကျိုးဖြစ်စေရင် ကုသိုလ်တရားတွေ ပွားများစေရင် ပညာရှိသူတော်ကောင်းတွေက ချီးမွမ်းရင် အဲလိုတရားမျိုးဟာ လက်ခံသင့်တယ် ကျင့်သုံးသင့်တယ် ကျင့်သုံးသူအတွက် အဆိုးရလဒ်တွေဖြစ်ပေါ်စေရင် အကုသိုလ်တွေဖြစ်စေရင် ပညာရှိတွေက ကဲ့ရဲ့ရင်တော့မကျင့်သုံးသင့်တဲ့တရား စွန့်ပယ်အပ်တဲ့တရားဖြစ်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓပေးတဲ့ ပရက်ဂမက်တစ်ပေတံဟာ လူတိုင်း ကိုယ့်ဘဝမှာကိုယ် လက်တွေ့တိုင်းတာကြည့်လို့ရပါတယ်။

ခရစ်ယာန် အစ္စလာမ် ဟိန္ဒူ ဂျိန်း ဆစ်ခ် ဂျူး ကွန်ဖြူးရှပ် တောက် ဘယ်လို ဘာသာတရားမျိုး အကျင့်လမ်းမျိုးပဲဖြစ်ဖြစ် ဒီ ပေတံလေးနဲ့တိုင်းကြည့်ပါလို့ဆိုပါတယ်။ လူသားတွေကို အကျိုးစီးပွားမဲ့ဖြစ်စေတာက အကုသိုလ်ရေသောက်မြစ်တရားတွေဖြစ်တဲ့ လောဘ ဒေါသ မောဟ စတဲ့ တရားတွေပါပဲ။ တိဗက်ဗုဒ္ဓဘာသာကဖော်ပြတဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရဲ့ အလယ်ဗဟိုမှာ လော-ဒေါ-မောတွေကို ကြက်-မြွေ-ဝက် တိရစ္ဆာန်သင်္ကေတတွေနဲ့ ဖော်ကျူးထားပါတယ်။

ကြက်ဆိုတာက လောဘရဲ့ သင်္ကေတဖြစ်တယ်။ ကြက် ဟာ မနက်အစောကြီးထတယ် အားထုတ်ကြိုးပမ်းတယ်တက်ကြွတယ် အချိန်ပြည့် မြေကိုယက်ပြီး အစာကိုရှာနေတယ်။ ဒါက လောဘ မနားမနေအလုပ်လုပ်နေပုံကိုဖော်ပြပါတယ်။

မြွေ ဆိုတာကတော့ ဒေါသရဲ့ သင်္ကေတဖြစ်တယ်။ မြွေဟာ အသာခွေနေပေမဲ့ ထိလာရင် ရှူးကနဲပါးပြင်းထောင် ဆတ်ကနဲပေါက်တတ်တယ်။ အဆိပ်ခိုးတွေနဲ့ မှုတ်ထုတ်တတ်တယ်။ ဒေါသဟာလည်း မြွေဆိုးလိုပါပဲ တိတ်ဆိတ်စွာပုန်းအောင်နေပေမဲ့ လာထိရင် သေအောင်ပေါက်တတ်ပါတယ်၊။ ပူလောင်ပြင်းထန်တဲ့ အဆိပ်ခိုးတွေနဲ့ အပြည့်ဖြစ်နေပါတယ်။

ဝက် ဆိုတာကတော့ မောဟရဲ့ သင်္ကေတဖြစ်တယ်။ အစာဝရင် ဝက်ဟာ မလှုပ်မယှက် ဇိမ်ယူမှိန်းလို အိပ်စက်နေတတ်တာပါပဲ။ အမြဲ လေးလံထိုင်းမှိုင်းမှုံရီ နေတတ်တယ်။ မစင်ကျင်ကြီးကျင်ငယ်တွေနဲ့ ညစ်ပတ်နံစော်နေတဲ့ ကြမ်းပြင်မှာတောင် စည်းစိမ်ယူအိပ်စက်နေတတ်ပါတယ်။ မောဟကလည်း အမှန်တရားကို ဖုံးလွှမ်းတတ်တာကြောင့် မောဟဖိစီးနေရင် အမှန်အမှားမသိတော့ သစ္စာတရားကိုလည်းကန်းနေပြီးတော့ အမှောင်ထဲမှာ လမ်းပျောက်နေရသလိုဖြစ်တတ်ပါတယ်။

ဒီ အကုသိုလ်မူလဟိတ်တရား ၃ပါးမှာ မောဟ က အခြေခံကျတယ် မောဟကြောင့် လောဘ ဖြစ်ရတယ် လောဘကြောင့်လည်း မောဟက ပိုပြီး အားကောင်းလာရပါတယ်။ အလားတူပဲ လောဘကြောင့် လိုချင်တာမရတဲ့အခါ ရရှိထားတာလက်လွှတ်ဆုံးရှုံးရတဲ့အခါ ဒေါသ ဖြစ်လာရတယ်။ ဒေါသကလည်း လောဘ ကို မီးထိုးပေးသလို မောဟကိုလည်း ပိုမိုက်မှောင်စေပါတယ်။ ဒီ လော-ဒေါ-မော တရားတွေဟာ လူ့ပြဿနာအားလုံးရဲ့ အခြေခံတွေပဲဖြစ်တယ်လို့ ဗုဒ္ဓဒဿနက ဆိုထားပါတယ်။

အဲဒီ လော/ဒေါ/မော အကုသိုလ်ရေသောက်မြစ်တရားတွေဟာ လူမှာ အနုသယအနေနဲ့ ကိန်းနေရုံတင်မကပဲ အခြေအနေအကြောင်းတရားတွေ တိုက်ဆိုင်လာတဲ့အခါမှာဆိုရင် သတ်/ခိုး/ကျူး/လိမ်/မူး စတဲ့ ဂရုဓမ္မသီလ ဖောက်ဖျက်မှုတွေ အဖြစ် ပေါ်ထွက်လာပါတယ်။ ဂရုဓမ္မသီလ ဖောက်ဖျက်မှုတွေ ဖြစ်လာပြီဆိုရင်တော့ လူနဲ့လူအကြားမှာ ငြိမ်းချမ်းမှုတွေပျက်စီးပြီ လောကဟာ မငြိမ်မသက်မအေးမချမ်းဖြစ်ရပြီပေါ့။ ကျူးလွန်သူဟာလည်း ဒီလောကမှာရှိတဲ့ အပြစ်ဒဏ်တွေ ခံရမှာဖြစ်သလို ကိုယ်ခန္ဓာကွဲပြိုသေလွန်တဲ့အခါမှာလည်း (တကယ်လို့ တမလွန်ဘဝနဲ့ ကံအကျိုးပေးနိယာမတရားတွေ ရှိနေမယ်ဆိုရင်) မကောင်းတဲ့ ဘဝအခြေအနေတွေမှာမွေးဖွားရမှာဖြစ်ပါတယ်။

ဒီတော့ အကုသိုလ်တရားတွေဟာ ကောင်းကျိုးမပေးတဲ့အရာတွေဖြစ်လို့ အကုသိုလ်တရားတွေကို တိုးပွားစေတဲ့ များပြားစေတဲ့ ကျင့်သုံးဆောက်တည်မှုတွေကို စွန့်ပစ်ကြ ပယ်ရှားကြ လို့ ဗုဒ္ဓက ဆိုပါတယ်။

အကုသိုလ်မူလတွေကို စွန့်ပယ်လိုက်တဲ့အခါ စိတ်ဟာ ကြောင့်ကြမှုကင်းတဲ့စိတ်= အဝေရာစိတ္တ မုန်းတီးမှုကင်းတဲ့စိတ်= အဗျာပဇ္ဇစိတ္တ အညစ်အကြေးကင်းတဲ့စိတ်= ဝိသုဒ္ဓစိတ္တ ဖြစ်လာပါတယ်။ လောဘကိုစွန့်တော့ ကြောင့်ကြကင်းလာတယ် ဒေါသကိုစွန့်တော့ မုန်းတီးမှုကင်းလာတယ် မောဟကိုစွန့်တော့ အညစ်အကြေးတွေကင်းစင်လာတယ်။

ဗုဒ္ဓက ဆက်ပြောပါတယ်။ ကာလာမတို့ရေ.. ဒီလို အချစ်အမုန်းအမိုက်တွေကင်းစင်နေတဲ့ ကြောင့်ကြမဲ့မုန်းတီးမှုမဲ့အညစ်အကြေးမဲ့ စိတ်ကို အရပ်မျက်နှာတစ်ခုမှာရှိနေတဲ့ အကန့်အသတ်မရှိတဲ့ သတ္တဝါတွေအပေါ် အာရုံပြုပြီးတော့ ဗြဟ္မစိုရ်တရားတွေဖြစ်တဲ့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားတွေ နဲ့ လွှမ်းခြုံသိမ်းဆည်း ပွားများရမယ်….ကိုယ်နဲ့တစ်ထပ်တည်းပြုပြီးတော့ ဘာဝနာပွားရမယ်လို့ ညွှန်ပြပါတယ်။

(((ကာလာမတို့….ဤနည်းဖြင့် အထက်အောက်ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသောကြောင့်ကြခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ကာလာမမင်းတို့ ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော အရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ် ကုန်၏။)))

ဗုဒ္ဓရဲ့ သွန်သင်ချက်က အနှစ်ချုပ်လိုက်ရင် အကျိုးမဲ့ပျက်စီးစေတဲ့ သူတော်ကောင်းတွေကဲ့ရဲ့ရှုတ်ချတဲ့ လောဘဒေါသမောဟတရားတွေကို ပယ်ခွာပြီး စိတ်ကို ကြောင့်ကြကင်းအောင် မုန်းစိတ်ကင်းအောင် အညစ်အကြေးကင်းအောင်စောင့်ရှောက်ပြီး ဝေနေယျသတ္တဝါတွေအားလုံးအပေါ် မေတ္တာကရုဏာမုဒိတာ ဥပေက္ခာ တရားတွေနဲ့ ဖြန့်ကျက်လွှမ်းခြုံထားပါလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ကာလာမတို့ရေ.. မင်းတို့ ဒီလိုလုပ်ရင် ရမဲ့ အကျိုးတွေကတော့ ထောက်တည်ရာ ၄ ပါး ကို ရရှိပါလိမ့်မယ်လို့လည်း အာမခံ ပြောဆိုပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဟာ ပြင်သစ်ဒဿနပညာရှင် ပါစကယ်လ် ရဲ့ Pascal’s Wager ဆင်ခြင်နည်းကို သုံးပြီးတင်ပြတာကို တွေ့ရပါတယ်။ မိုးရွာ-မရွာ မသေချာရင် ထီးယူသွားတာ ကောင်းတယ်။ ထီးယူသွားတယ် မိုးရွာတယ် ဆိုရင် အိုကေတယ်။ ထီးယူသွားတယ် မိုးမရွာဘူးဆိုရင်လည်း ပြဿနာမရှိ။ ထီးမယူသွားဘူး မိုးမရွာရင်တော့ တော်သေးတာပေါ့ လို့ဆိုရမယ်။ ထီးမယူသွားဘူး ထီးပါမလာဘူး မိုးတွေသည်းသည်းရွာတယ်ဆိုရင် ဒုက္ခရောက်ပြီပေါ့။ ဒီသဘောလေးကို အခြေခံပြီး ဗုဒ္ဓက တွေးပြပါတယ်။

ထောက်တည်ရာ (၁)

(((တမလွန်လောကသည် အကယ်၍ ရှိအံ့၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည်ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ပဌမ ထောက်တည်ရာပေတည်း။)))

ကာလာမတို့ရေ..။ တကယ်လို့ကွာ နောက်ဘဝဆိုတာလည်းရှိမယ် ကောင်းမှုမကောင်းမှုတွေရဲ့ အကျိုးဆက်တွေလည်း ရှိမယ်ဆိုပါစို့ကွာ..။ ကောင်းမြတ်စွာတရားကိုကျင့်ထားသူတစ်ယောက်ဟာ သေလို့ တမလွန်ဘဝရောက်ရင် ကောင်းရာမှာ စံရမှာပဲကွာ။ ထီးယူသွားတော့ မိုးရွာလည်း အဆင်ပြေတယ်လေ။

ထောက်တည်ရာ ၂။

(((တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကောင်းစွာ ပြုအပ်သော မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် မျက်မှောက်ဘဝ၌ပင် ရန်မရှိသောကြောင့်ကြမရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်းရှိသော မိမိကိုယ်ကို ဆောင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော ဒုတိယထောက်တည်ရာပေတည်း။)))

ကာလာမတို့ရေ…။ တကယ်လို့ကွာ နောက်ဘဝဆိုတာမရှိဘူး ဆိုပါစို့ ကောင်းမှုမကောင်းမှုတွေရဲ့ အကျိုးဆက်တွေလည်း မရှိဘူးဆိုပါစို့ကွာ..။ ကောင်းမြတ်စွာတရားကိုကျင့်ထားသူတစ်ယောက်ဟာ ဒီဘဝမှာ ကောင်းစွာနေထိုင်ကျင့်သုံးသူဖြစ်လို့ ဘေးရန်မရှိဘူး စိတ်အေးရတယ် ပြစ်ဒဏ်ကင်းတယ် ။ ထီးယူသွားတော့ မိုးမရွာလည်း သိပ်ပြဿနာမရှိပါဘူး။ ထီးကိုင်ရတာလေးတော့ရှိတာပေါ့။

ထောက်တည်ရာ(၃)

(((မကောင်းမှုကို ပြုခဲ့လျှင် ပြုသည် မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အားမထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင်စေ အံ့နည်းဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော တတိယ ထောက်တည်ရာ ပေတည်း။)))

ကာလာမတို့ရေ.။ အကုသိုလ်ကံတွေဟာ မကောင်းကျိုးကိုဖြစ်စေတယ်ဆိုပါစို့။လက်ရှိဘဝမှာ မကောင်းမှုကို မလုပ်ခဲ့တဲ့အတွက် စိတ်ကို စင်ကြယ်အောင်တည်ဆောက်ခဲ့တဲ့အတွက် နောင်ဘဝ ရှိရှိ မရှိရှိ ငါ့အတွက် မကောင်းကျိုးတွေ အဆိုးဒဏ်တွေ မဖြစ်စေနိုင်ဘူးဆိုတာကို သိနေရခြင်းဟာလည်း ထောက်တည်ရာတစ်ခုပါပဲ။

ထောက်တည်ရာ (၄)

မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည် မမည်ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော စတုတ္ထထောက်တည်ရာပေတည်း။ )))

ကာလာမတို့ရေ.. တကယ်လို့ကွာ မကောင်းမှုပြုပေမဲ့လည်း မကောင်းမှုအကျိုးတရားတွေဟာ အကျိုးမပေးဘူး မကျရောက်ဘူး ဆိုပါစို့။ ဒီလိုဆိုလဲ ငါက မကောင်းတာက မလုပ်ခဲ့တာမို့ လက်ရှိဘဝမှာ အေးချမ်းတယ် နောင်မလွန်အတွက်လည်း ပူပန်စရာမရှိပါဘူး။ ထီးပါနေတော့လည်း မိုးရွာရွာ မရွာရွာ ဂရုစိုက်စရာမလိုဘူးပေါ့ကွာ။

ဒီတော့ ဒီနေရာမှာ အနှစ်ချုပ်ပြောချင်တာက ကေသမုတ္တိသုတ်/ကာလာမသုတ်ဟာ ပယ်တရား-၁၀ ပါး က အဓိက မဟုတ်ပါဘူး။ ဒါတွေက အင်ဖော်မေးရှင်းဝင်တဲ့လမ်းကြောင်းတွေ ပါ။ ဒါတွေကို အတည်မယူသေးပဲ တိုင်းတာရမဲ့ ပရက်ဂမက်တစ်စံ ၃ ပါး ကို ပြတယ်။ ထောက်ဆနိုင်တဲ့ means of verification တွေ ဖြစ်တဲ့ လော ဒေါမောတွေရဲ့ ဆိုးကျိုးတွေကို ပြတယ်။ နောက်ဆုံးတော့ စင်ကြယ်တဲ့စိတ်ကို အခြေခံပြီး ဘယ်လို ဘာဝနာပွားရမယ် ဒီလို ပွားများခြင်းကြောင့် ရရှိလာမဲ့ ထောက်တည်ရာ ၄ ပါး က ဘာတွေဖြစ်မလဲဆိုတာတွေကို သုံးသပ်ပြပါတယ်။ ကာလာမသုတ်ကို ဒီလိုမြင်မှသာ ပြည့်လည်းပြည့်စုံမယ် နက်ရှိုင်းမှုလည်းရှိမယ် ဗုဒ္ဓဆိုလိုချင်တဲ့ တရားအသိအနှစ်သာရအထိလည်း ရောက်မယ် လို့ တင်ပြလိုက်ပါတယ်။

အေးချမ်းကြပါစေ။

~ Lynn Htet Swe



The Mog Nation Wiki

Leave a comment