Life Happens

(The Mog Nation Wiki, an archive)


မြန်မာပြည်ကိုရောက်လာရတာ ကံမကောင်းဘူးပြောနေကြတယ်။ တကယ်တော့ ကျွန်တော်တို့ ဘယ်ကမှ ရောက်လာကြတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မောင်ဖြူ မနီ ပုဂ္ဂလဘဝတွေဟာ ကျွန်တော်တို့ မွေးဖွားပြီးမှ တည်ဆောက်ခံထားရတဲ့ အရာတွေပဲမဟုတ်ပါလား။ တစ်နေရာရာက ကျွန်တော်တို့ရောက်လာကြတယ်ဆိုတာ သင်ကြားခံအစွဲတစ်ခုထက်မပိုပါ။

ကျွန်တော်တို့ ဘဝတွေမှာ အစိတ်အပိုင်း ၃ ခုရှိတယ်။ တစ်ခုက ရုပ်တရား တစ်ခုကနာမ်တရား တစ်ခုကတော့ ကျွန်တော်တို့ရဲ့ ပုဂ္ဂလဘဝဖြစ်တည်မှု။

ရုပ်တရားဆိုတဲ့ ဇီဝရုပ်ကိုယ်ခန္ဓာကြီးကတော့ မိဘဘိုးဘွားတွေဆီကလာတယ်။ သဘာဝအီဗော်လူးရှင်းရဲ့ လက်ဆောင်ဖြစ်တယ်။ ထမင်းမုန့်အစာရေစာတွေနဲ့ကြီးထွားပါတယ်။ သေဆုံးတဲ့အခါလည်း ဒီရုပ်တရားဟာ အစာပြန်ဖြစ် ပုပ်ဆွေးရိပြီး မြေဩဇာဖြစ်ရတာပါပဲ။

နာမ်တရားကတော့ ထူးဆန်းတဲ့အရာပဲ။ သိမှတ်နားလည်ခံစားတတ်တဲ့သဘော။ တချို့က ဘုရားသခင်ဆီကလာတာလို့ပြောတယ်။ တချို့က ဘဝဟောင်းက ဝိညာဉ်ကူးလာတာလို့ပြောတယ်။ တချို့က အများဘုံဆိုင်နာမ်သဘောကြီးတစ်ခုခုကနေ မီးကူးလာတာလို့ဆိုတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီဆန်းကြယ်တဲ့သဘာဝတစ်ခုဟာ ရုပ်တရားနဲ့တွဲစပ်လို့ အလုပ်လုပ်နေပါတယ်။ ကွမ်တမ်အင်ဖော်မေးရှင်းအစုအဝေးတစ်ခုလိုပါပဲ။

တတိယမြောက်အရာကတော့ ကျွန်တော်တို့ရဲ့ ပုဂ္ဂလဘဝဖြစ်တည်မှုပါပဲ။ ရုပ်တရားနာမ်တရားတွေ တွဲဆက်လှုပ်ရှားသက်ရှင်နေတဲ့ ဇီဝဖြစ်စဉ်အပေါ်မှာ တည်ဆောက်ထားတယ်။ နာမည်တစ်ခုအပေးခံရတယ်။ ဘာသာတစ်ခုထဲကို သွတ်သွင်းခံရတယ်။ ယဉ်ကျေးမှုတစ်ခုခုရဲ့ ထုံးဓလေ့တွေကိုလိုက်နာစေတယ်။ မိဘအသိုင်းအဝိုင်းက ကျွန်တော်တို့အကြောင်းကိုပြောကြတယ်။ သူငယ်ငယ်တုန်းကလေ ဆိုတာနဲ့စတဲ့ ဇာတ်လမ်းလေးပဲ။ ဒီဇာတ်လမ်းလေးကို ကျွန်တော်တို့သိပ်နှစ်သက်တယ်။ ကျွန်တော်တို့နာမည်ရောပေါ့။ မှန်ထဲမှာ ကလေးဘဝ ကိုယ့်ရုပ်သွင်ကို ကိုယ်ပြန်မြင်ရတဲ့အခါ ကျွန်တော်တို့ရဲ့ ပုဂ္ဂလဘဝဖြစ်တည်မှု က မွေးဖွားလာပါတယ်။ ဘဝတစ်လျှောက်လုံး ကျွန်တော်တို့ အတွေးတွေထဲမှာ ဒီဇာတ်လမ်းလေးကိုပဲ မမောနိုင်မရပ်နိုင် ပြောနေကြပါတယ်။ တည်ဆောက်ထားတဲ့ ဇာတ်လမ်းလေးဟာ ကျွန်တော်တို့ ပုဂ္ဂလဘဝဖြစ်တည်မှုဘဝပါ။

ပညာသင် ကျောင်းပြီး အလုပ်ရှာ ဝင်ငွေရ အိမ်ထောင်ကျ သားသမီးမွေး ပင်စင်ယူ အလုပ်နား အိုမှု နာမှု သေမှုတွေ နဲ့ ချယ်မှုန်းထားတဲ့ ဇာတ်လမ်းကိုပဲ ကျွန်တော်တို့ပြောနေဆိုနေကြပါတယ်။ ပုဂ္ဂလဘဝဖြစ်တည်မှုဟာ သညာအစုအဝေးတစ်ခုမျှသာပါ။ စိတ်ရောဂါဖြစ်လို့ မသေခင်ဦးနှောက်ပျက်စီးသွားတည်းက မသေခင်တည်းက တခါတလေ ပုဂ္ဂလဘဝဖြစ်တည်မှုဟာ မရှိတော့ပါဘူး စွန့်ခွာလို့သွားပါပြီ။ အိမ်ရှင်မရှိတော့တဲ့ အိမ်အိုဟောင်းကြီးလို ကျွန်တော်တို့ ရုပ်နာမ်တွေက ဆက်လက်ရှင်သန်နေကြပါတယ်။ ကာလတစ်ခုအထိပေါ့။ မီးစာကုန်လို့ ဆီခမ်းတဲ့အခါ ပိုင်ရှင်မဲ့နေတဲ့ ရုပ်နာမ်အိမ်ကြီးလည်း ဖရိုဖရဲပြိုလဲရတာပါပဲ။ ရုပ်တရားတွေက အာဟာရတွေက ဓာတ်ကြီးလေးပါး လောကထဲပြန်ရောက်ကာ ရီဆိုင်ကယ်လ် ဖြစ်။ သိမှတ်ခံစားလာတဲ့နာမ်တရားတွေ က အစွဲအလမ်းတွေနဲ့ ထုပ်ပိုးသိမ်းစုထားလို့ ကွမ်တမ်အင်ဖော်မေးရှင်အစုအဝေးတစ်ခုလိုမျိုး တစ်နေရာရာမှာ ပြန်လည်အရိပ်ထင်ပေါ်ပေါက်ဦးမယ်။ တခြားလူသားတစ်ယောက်ရဲ့ ပုဂ္ဂလဘဝဖြစ်တည်မှုဘဝ ကို အစပြုပေးလိမ့်ဦးမယ်။ အနာဂတ်လူသားတစ်ယောက် ဒါမှမဟုတ် လူသားတချို့ကို ကျွန်တော်တို့ အမွေပေးလိုက်နိုင်တာဟာ အဲဒီ အင်ဖော်မေးရှင်းအစုအဝေးလေးမျှသာဖြစ်တယ်။

တကယ်တော့ ကျွန်တော်တို့ ပုဂ္ဂလဘဝဖြစ်တည်မှုဘဝလေးတွေဟာ ပါးလျတဲ့ဆပ်ပြာပူပေါင်းလေးတွေလိုပါပဲ။ မသေခင်တောင် အရင်ပျောက်ပျက်လွင့်ကွယ်သွားနိုင်တဲ့ နတ္ထိတရားလေးတွေပါ။ အသိဉာဏ်နဲ့တကွ မနက်တိုင်းနိုးထနိုင်တဲ့အခါ ဘဝကို တန်ဖိုးထားပါ။ နေ့ညတွေကို တန်ဖိုးထားပါ။ ဝန်းကျင်လူသားတွေ မိသားစုတွေ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးပါ။ သင်ယူစရာတွေသင်ယူသလို မျှဝေနိုင်တာတွေလည်းမျှဝေခဲ့ပါ။ ဘဝဟာ အဓိပ္ပာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နောက်ဆုံးမှာတော့ ဘာမှ မထူးလှပါဘူး။ ရေပေါ်မှာရေးတဲ့အရုပ်လို တိမ်နဲ့ဖွဲ့ချည်တဲ့ကြိုးလိုပဲ အငွေ့ပျံပျောက်ဆုံးကြရတာပဲမဟုတ်လား။

နာမကျန်းဖြစ်နေတဲ့ ဇင်ဆရာတော် တာ့ကွမ်ဆိုဟို ဟာ တပည့်တွေကိုခေါ်ပြီး စက္ကူနဲ့စုတ်တံတောင်းတယ်။ နောက်ဆုံးထွက်သက်မတိုင်ခင်လေး သူရေးခဲ့တဲ့ စာလုံးဟာ “အိပ်မက်” ပါတဲ့။



The Mog Nation Wiki

Leave a comment