(The Mog Nation Wiki, an archive)

ရခိုင်စစ်ရေးတင်းမာမှု လျော့ပါးစေလိုကြောင်း ဖော်ပြသည့် ရခိုင့်ဦးဆောင်ပါတီ၏ ထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၂၂-ခုနှစ် ဇူလိုင်လ (၁၁) ရက်
၁။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက် ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် လေကြောင်းမှတိုက်ခိုက်ခံရသဖြင့် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ရခိုင်သား ခြောက်ဦး ကျဆုံးခဲ့ရသည့်အတွက် ကြီးစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း ကျွန်ုပ်တို့ဖော်ပြအပ်ပါသည်။
၂။ ယခုကာလမှာ လယ်သမားများ၏ မိုးရာသီလယ်ယာလုပ်ငန်းခွင်အစဖြစ်ရာ စစ်ဒဏ်ခံရခိုင်ဒေသ၏ စားနပ်ရိက္ခာလုံခြုံမှုအတွက် စစ်ပွဲ၏ထိခိုက်မှုကို မခံရဘဲ လယ်ယာလုပ်ငန်းများကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင်ရန် လိုအပ်လျက်ရှိနေပါသည်။
၃။ ရခိုင်စစ်ပွဲ တစ်ကျော့ပြန် မဖြစ်ပွားရေးအတွက် ရခိုင်ပြည်သူများ၏ ဆန္ဒအားထင်ဟပ်လျက် ကျွန်ုပ်တို့ ရခိုင့်ဦးဆောင်ပါတီ က လိုလားပါသည်။ စစ်မဖြစ်စေရေးအတွက် နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့် နည်းလမ်းများဖြင့် အပြန်အလှန် ချဉ်းကပ်ကြရန် လိုအပ်လျက်ရှိနေကြောင်း ဖော်ပြအပ်ပါသည်။
၄။ သို့အတွက် အပြန်အလှန် ဖမ်းဆီးမှုများအား ရပ်တန့်ခြင်း၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ခြင်း၊ အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ စွဲဆိုမှု ရပ်တန့်ကာ ပြန်လွှတ်ပေးခြင်း တို့အား လုပ်ဆောင်ကြလျက် တင်းမာမှုကို လျော့ပါးစေလိုပါသည်။ မိုင်း နှင့် စစ်လက်ကျန်ပစ္စည်းများ ရှင်းလင်းရေးကဏ္ဍအား အရှိန်ရအောင်လည်း သက်ဆိုင်သူများက ပါဝင်ကြစေလိုပါသည်။
၅။ အများပြည်သူ ကုန်စည်စီးဆင်းရာလမ်းကြောင်းများအား လုံခြုံရေးဂိတ်များတွင် ပိတ်ဆို့ခြင်း ကြန့်ကြာစေခြင်းများ မဖန်တီးကြပါရန်ကိုလည်း တိုက်တွန်းလိုပါသည်။
၆။ အကာအကွယ်ရထိုက်သည့် လူအစုအဖွဲ့တစ်ရပ်ရပ်အား လုံးစုပစ်မှတ်ထား ဒဏ်ပြုသည့် collective punishments နည်းနာများကို ရှောင်ကြဉ်ကြရန်မှာ နိုင်ငံတကာသတ်မှတ်ချက်များ နှင့်အညီဖြစ်ကြောင်း ဖော်ပြလိုပါသည်။
၇။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တာရှည်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် – လတ်တလော ယာယီတည်ငြိမ်မှု ပုံစံတစ်မျိုးမျိုးမှသည် ဂုဏ်သိက္ခာရှိရှိ သာယာဝပြောသည့် လူ့အဖွဲ့အစည်းများအဖြစ်သို့ ပြန်လည် တည်ဆောက်သွားနိုင်ရေး ဟူသည့် ပန်းတိုင်အလို့ငှာ ရန်ဘက်တိုက်ပွဲဝင်အုပ်စုများအကြား “နိုင်ငံရေး သဘောတူညီချက်”များ တည်ဆောက်နိုင်ရေးမှာ ဖြတ်သန်းရမည့် လုပ်ငန်းစဉ်အဆင့်တစ်ရပ် ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ က အလေးအနက် ဖော်ပြတိုက်တွန်းလိုပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင့်ဦးဆောင်ပါတီ
End Notes and External links
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

