မောင်တောမြောက်ပိုင်း ပြန်ပေးဆွဲခံသူတွေကို ရှာဖွေသူ ရွာသားတွေ သေနတ်နဲ့ အပစ်ခံရ

ဖမ်းထားသူနှစ်ဦးကို ပြန်ရွေးဖို့ ဘင်္ဂလားဒေရှ့်ငွေ တာကာ သိန်း ၅၀ တောင်း
ဓာတ်ပုံ ပုံစာ,ဖမ်းထားသူနှစ်ဦးကို ပြန်ရွေးဖို့ ဘင်္ဂလားဒေရှ့်ငွေ တာကာ သိန်း ၅၀ တောင်း

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ပျောက်ဆုံးနေတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို လိုက်လံရှာဖွေနေတဲ့ ကျေးရွာသားတွေ ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်က ပြန်လည်တိုက်ခိုက်ခံခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့မှာပါဝင်သူတွေက အတည်ပြုပြောဆိုပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် လောင်းဒုံကျေးရွာသားတစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောထဲမှာ ရှာဖွေနေတဲ့လူတွေကို တဲတစ်လုံးကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ တောင်ပြိုဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်တဲ့သူတွေဟာ မွတ်ဆလင်တွေဖြစ်ပြီး အင်အားဘယ်လောက်ထိရှိမယ်ဆိုတာ မပြောနိုင်ကြောင်းနဲ့ အဲ့ဒီအဖွဲ့တွေဟာ ARSA အဖွဲ့ဖြစ်နိုင်ပြီး တောင်ပြိုလက်ဝဲနဲ့ ခြောက်မိုင်ခန့်အကွာ မဲဒီကျေးရွာနားမှာ တိုက်ခိုက်ခံလာခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီလိုပြောဆိုမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“ဒဏ်ရာရတာက ကြိမ်ချောင်း လောင်းဒုံက မြိုလူမျိုးပါ။ တောထဲမှာ လိုက်ရှာနေရင်း တဲတစ်လုံးနားကိုရောက်တဲ့အချိန်မှာ တဲထဲကနေပစ်တာလို့သိရတယ်။”လို့ တောင်ပြိုဒေသခံက ပြောပါတယ်။

လိုက်ရှာတဲ့အဖွဲ့တွေထဲမှာ ကိုယ်တိုင်ပါဝင်နေတဲ့ နံသာတောင်ဆရာတော်ကတော့ အခုလိုတိုက်ခိုက်ခံခဲ့ရတာ မှန်ကန်ကြောင်းနဲ့ လောလောဆယ် ဒဏ်ရာရလူနာကို ဆေးကုနေရတဲ့အတွက် အခြေအနေကို ပြောကြားဖို့မအားသေးဘူးလို့ မိန့်ကြားပါတယ်။

ကျေးရွာသားတွေအပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကလည်းရှာဖွေမှုတွေလုပ်နေ
ဓာတ်ပုံ ပုံစာ,ကျေးရွာသားတွေအပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကလည်း ရှာဖွေမှုတွေလုပ်နေ

လူပျောက်ရှာတဲ့အဖွဲ့တွေထဲမှာ မောင်တောမြောက်ပိုင်းက ကျေးရွာသားတွေအပြင် မောင်တောမြို့ပေါ်ကတချို့လည်း ပါဝင်ပြီး အဖွဲ့ငယ်တွေခွဲပြီးတော့ သံသယရှိတဲ့ တောတောင်နေရာတွေကို ဖြန့်ကြက်ပြီးတော့ ရှာဖွေနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကတော့ မောင်တောမြို့နယ် မြောက်ပိုင်း တေင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်ကြပါတယ်။

ဒီကနေ့တိုက်ခိုက်တဲ့ မွတ်ဆလင်တွေဟာ ပျောက်ဆုံးနေတဲ့ ကျောင်းအုပ်ဆရာကြီးနဲ့ လက်ထောက်ဆရာမတို့ကို ပြန်ပေးဆွဲသွားတဲ့အဖွဲ့တွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပျောက်ဆုံးနေခဲ့တဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို ပြန်လည်ရရှိဖို့အတွက် ဘင်္ဂလားဒေရှ့်ငွေ တာကာ သိန်း ၅၀ ပေးဆောင်ရမယ်လို့ ပြန်ပေးဆွဲအဖွဲ့တွေက ပြောဆိုကြောင်း နံ့သာတောင်ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

no tag

အဲ့ဒီ ကျောင်းအုပ်ဆရာနဲ့ လက်ထောက်ဆရာမတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က သူတို့တာဝန်ကျနေတဲ့ သင်္ဘောလှကျေးရွာကနေ မြို့နယ်ပညာရေးမှူးရုံးကိုလာကြစဉ် နေ့လယ် တစ်နာရီလောက်က လမ်းမှာ ဖမ်းဆီးခံလိုက်ရပြီး ပျောက်ဆုံးနေတာလို့ သိရပါတယ်။

မောင်တောမြို့ကို လာတဲ့အခါမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်းပါဝင်ပြီး ဆိုင်ကယ်သုံးစီးနဲ့ လူခြောက်ယောက် လာခဲ့ကြရာ ပညာရေးဝန်ထမ်းနှစ်ဦးရဲ့ ဆိုင်ကယ်မှာ နောက်မှာကျန်နေခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်လေးဦးတို့စီးလာတဲ့ ဆိုင်ကယ်နှစ်စီးမှာ ရန်အောင်ပြင်ကျေးရွာသို့အရောက်မှာ စောင့်ဆိုင်းနေကြပေမယ့် မရောက်လာကြတဲ့အတွက် ဖုန်းအဆက်အသွယ်လုပ်ကြတဲ့အခါမှာလည်း ဆက်သွယ်လို့မရဘဲ ဖြစ်သွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနေ့ကတည်းက ကျေးရွာသားတွေနဲ့အတူ လိုက်လံရှာဖွေခဲ့ကြပေမယ့် လူတွေကိုရှာမတွေ့ဘဲ ဇွန်လ ၁၇ ရက်နေ့မှာတော့ သူတို့နှစ်ဦးစီးလာတဲ့ဆိုင်ကယ်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ကိုတော့ ကျောက်ချောင်း ကျေးရွာနားက တောစပ်ထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တကယ်တော့ အဲ့ဒီဆရာနဲ့ ဆရာမတို့ဟာ ဆိုင်ကယ်နဲ့လာကြစဉ် ဈီးပင်ချောင်းလမ်းဆုံအနီးမှာ ဖမ်းဆီးခံလိုက်ရတာဖြစ် နိုင်တယ်လို့ နံသာတောင်ဆရာတော့ ဦးစရဏက မိန့်ကြားပါတယ်။

ပျောက်သွားတဲ့ကတည်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့ ဒေသခံကျေးရွာသားတွေ လိုက်လံရှာဖွေမှုတွေပြုလုပ်နေကြပေမယ့် လူတွေကိုတော့ရှာဖွေမတွေ့ရှိသေးဘဲ သူတို့ကိုင်ဆောင်တဲ့ဖုန်းတွေကို အဆက်အသွယ်ရတာကြောင့် သူတို့ကို မွတ်ဆလင်အဖွဲ့တစ်ခုက ပြန်ပေးဆွဲဖမ်းဆီးထားကြောင်းသိရတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

“ဦးဇင်းတို့ ဖုန်းနဲ့အဆက်အသွယ်ရတယ်။ သူတို့က ဓားပြတွေလို့ပြောတယ်။ ဆရာကြီးနဲ့ဆရာမကို ပြန်လိုချင်လို့ရှိရင် တာကာ သိန်းငါးဆယ်ပေးရမယ်လို့ ပြောတယ်။ အခုဦးဇင်းတို့ဘက်က တချို့တဝက်တော့လွှဲပေးထားပါပြီး ဒီနေ့လည်းထပ်လွှဲဖို့ ရှိတယ်။ နောက်ပြီးတော့ မြေပြင်အနေအထားမှာလည်း ဘုန်းဘုန်းတို့ ဒေသခံတွေနဲ့ တတ်နိုင်သလောက် လိုက်ရှာနေတာလည်းရှိပါတယ်။”လို့ နံသာတောင်ဆရာတော်က မိန့်ပါတယ်။

ပြန်ပေးဆွဲခံရ သူကို လိုက်ရှာနေတဲ့ရွာသားများ
ဓာတ်ပုံ ပုံစာ,ပြန်ပေးဆွဲခံရ သူကို လိုက်ရှာနေတဲ့ရွာသားများ

ဆရာဆရာမတွေ ကိုင်ဆောင်ကြတဲ့ဖုန်းတွေကို ဆက်သွယ်လိုက်တဲ့အခါမှာ ပြန်ပေးဆွဲအဖွဲ့တွေ လက်ထဲရောက်ရှိနေတယ်ဆိုတာ သိရပြီး အဲ့ဒီဆရာ ဆရာမနှစ်ဦးလည်းလည်း စကားပြောခွင့်တွေ ရှိတယ်လို့ သိရပါတယ်။

သို့သော် အဲ့ဒီ ပြန်ပေးဆွဲသွားတဲ့သူတွေဟာ ဘယ်အဖွဲ့ကဆိုတာကိုတော့ မသိရသေးဘဲ သူတို့တောင်းတဲ့ငွေတွေကိုတော့ ဘင်္ဂလားဒေ့ရှ်ဖုန်းထဲကို လွှဲပြောင်းပေးရကြောင်း သိရပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့တော့ အဲ့ဒီဓားပြအဖွဲ့ကို သိရှိနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီနေရာအနီးဝန်းကျင်က တောတောင်တွေထဲမှာ လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခုလိုမျိုး ပညာရေးဝန်ထမ်းနှစ်ဦး ပျောက်ဆုံးသွားပြီး ပြန်ပေးဆွဲခြင်းခံနေရတယ်ဆိုတာ သိရပြီးတဲ့နောက်ပိုင်းမှာ သုံးရက်ကြာတဲ့အထိ ရှာဖွေမတွေ့နိုင်တာနဲ့ပတ်သက်လို့ စစ်ကောင်စီအပေါ် ဝေဖန်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။

အခုလိုဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့နယ်အတွင်းမှာနေထိုင်တဲ့ ကျေးရွာသားတွေဟာ စိုးရိမ်ကြောက်လန့်မှုတွေရှိနေကြပြီး ယခင်ကလည်း ARSA အဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေအနီးရောက်ရှိလာကြပြီး ငါးရှာဟင်းခူးသွားနေကြတဲ့ ကျေးရွာသားတွေကို ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေကို ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Leave a comment