သူရဲကောင်းဗိုလ်သံမဏီ (ရွှေဘို) SBDF

(The Mog Nation Wiki, an archive)


သူရဲကောင်းဗိုလ်သံမဏီ (ရွှေဘို) SBDF

ဗိုလ်သံမဏိဟာရခိုင်လူမျိုးမိဘ နှစ်ပါးက ၁၉၇၃ ခုနှစ် မတ်လ ၄ ရက်နေ့မှာမွေးဖွါးခဲ့ပါတယ်။ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တိုက်ဖျက်ရေးမှာပါဝင်ခဲ့သူ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်ပေါလစ်ဗျူရို ခေါင်းဆောင်ကြီးဘကြီးဦးကျော်မြရဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။

ကျမတို့ ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်တည်းက ပန်ဆန်း ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်မှာအတူနေလာခဲ့ကြတာပါ။ သူတို့မိသားစုအားလုံးနဲ့ခင်မင်သိကျွမ်းရင်းနှီးခဲ့ပါတယ်။ 1989ခုနှစ် ဝ တွေအာဏာသိမ်းပြီးနောက် ပန်ဝါ မှာလဲအတူတူနေခဲ့ကြရတယ် ၊ နောက်ပိုင်းကန်ပိုင်တီမှာ လည်းDPA တပ်ဖွဲ့တွေနဲ့အတူနေခဲ့ကြရပြန်ပါတယ်၊တယောက်ကိုတယောက်ပြောမနာဆိုမနာနဲ့ခင်မင်ရင်းနှီးခဲ့ကြသူတွေပါ ။ ကလေးသဘာဝအရစကားများတိုင်း ကျမက သူ့အဖေ ဘကြီးဦးကျော်မြ နဲ့ ကျမအဖိုးသခင်ဗသိန်းတင်ကိုအရင်ဦးအောင်တိုင်တတ်ပါတယ် ၊ အဲဒီလိုအခါမျိုးတွေဆို သူကကျမကိုပြောတတ်ပါတယ် ၊ နင်တိုင်ချင်ရင်ငါ့အဖေနဲ့အမေကိုဘဲတိုင်ပါဟ အဖိုးဗဟိန်းတင်ကိုတော့နင်သွားမတိုင်နဲ့ အဖိုးစိတ်ရှုပ်နေရမှာစိုးလို့ပါဟ ရယ်မောပြီးပြောတတ်သူပါ ၊ ဘကြီးဦးကျော်မြ နဲ့ ဘကြီးဦးတင် (ဗိုလ်ချုပ် ကျော်ဇော )ကအရမ်းတူတဲ့အချက် ၂ချက်ရှိပါတယ် သူတို့သားသမီးတွေကိုဘယ်သူကဘာဘဲတိုင်တိုင် ဘယ်ကဘာဘဲပြောပြောလက်ခံနားထောင်ပေးပြီးတိုင်သူကိုဘယ်တော့မှအပြစ် မပြောတတ် သူတို့ရဲ့သားသမီးတွေကိုဘဲသေသေချာချာဆုံးမတတ်သူတွေပါ၊ ပြီးသူတို့သားသမီးတွေကိုပါတီကပေးတဲ့တာဝန်ဆိုရင်ပေးအပ်တဲ့နေရာကိုသွားခိုင်းတာပါဘဲ ပါတီကစေလိုရာစေဆိုပြီးပါတီကိုအပြီးအပ်ထားကြသူတွေအဖြစ် ပါတီမှာနာမည်ကြီးပြီးရဲဘော်တွေရဲ့လေးစားခံခဲ့ရသည့်ခေါင်ဆောင်တွေပါ ဒီလိုကြောင့်လည်းဘကြီးတို့နှစ်ယောက်ရဲ့သားတွေ တော်လှန်ရေးအတွက်ပေးဆပ်ခဲ့ကြရတာဖြစ်မှာဘဲလို့ကျမဝမ်းနည်းရပြန်တယ်။

သူဟာဘကြီးဦးကျော်မြရဲ့သားဆိုပေမဲ့ မာန်မာနမရှိသူ အားလုံးနဲ့အဆင်ပြေအောင်နေတတ်သူ ၊ ခေါင်ဆောင်များရဲ့အားကိုးချစ်ခင်ခံရသူ ၊ ရဲဘော်များရဲ့ချစ်ခင်လေးစားခံရသူ။

ကျမတို့ ၁၀၁စစ်ဒေသ ကန်ပိုင်တီ မှာ ဒီမိုရေစီပြည်ချစ်တပ်မတော်(DPA )တပ်နဲ့နေရင်းနဲ့ သူက ကြားဖြတ်ဆက်သွယ်ရေး ပညာကိုသင်ယူလာခဲ့ပါတယ် ၊ ပန်ဝါ နဲ့ ကန်ပိုင်တိ တွေမှာနေလို့မရတော့တဲ့ချိန်မှာတော့ တရုတ်ပြည်နယ်စပ်ရှမ်းရွာလေးတရွာမှာ နေကြရပါတယ် ၊ အဲဒီရှမ်းရွာလေးမှာနေရင်း နဲ့ဘဲ့သူဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ပါတယ်၊

1994 ခုနှစ်မှာတော့ ကိုစိုးထွန်းဆိုတဲ့ အမည်နဲ့တနင်္သာရီတိုင်း​မြိတ် ထားဝယ်ကို ကြားဖြတ်ဆက်သွယ်ရေးပညာကိုသွားရောက်သင်ပေးခဲ့တာတနှစ်တိတိကြာခဲ့ပါတယ်။ အဲဒီမှာ ကျမတို့မိသားစုနဲ့ မောင်မောင်နဲ့ခင်မင်ရင်းနှီးသိကျွမ်းခဲ့ပါတယ်။ သူတနင်္သာရီတိုင်းကပြန်လာတော့ ၁၀နှစ်ကျော်ခွဲခွါနေခဲ့ရတဲ့ ကျမရဲ့မိဘ ညီအကိုမောင်နှမတွေအကြောင်းကို သူ ပြောပြလို့ တရုတ်နယ်စပ်မှာနေတဲ့ကျမသိခွင့်ရခဲ့ပါတယ်၊ ကျမအမေရေးပေးလိုက်တဲ့စာလေးတစောင်လဲ သူ ယူလာပေးလို့ ကျမဖတ်ခဲ့ရလို့ သူ့ကိုကျမကျေးဇူးတင်လို့မဆုံးဖြစ်ခဲ့ရတယ်။

နောက်ပိုင်းကျမ တနင်္သာရီတိုင်းကိုပြန်လာတော့ အဆက်အသွယ်ပြတ်သွာခဲ့ရတယ် ၊ 2001ခုနှစ် ရောက်တော့ ဘကြီးထွန်း (ဗိုလ်ကျင်မောင်) က တရုတ်ပြည် ကိုလာဖို့ခေါ်ပါတယ်၊ ကျမနဲ့ကျမ အမျိုးသားနှစ်ယောက်လုံးခေါ်ပါတယ် ၊ ဒါပေမဲ့ မသွားလိုက်နိုင်တာ အခုထိစိတ်မကောင်းဖြစ်ခဲ့ရတာအမှန်ပါ၊ ခရီသွားလာရေး ပတ်စပို့ အခက်အခဲကြောင့် မသွားဖြစ်ခဲ့တာပါ ၊ 2002ခုနှစ် ဆရာဂျက်ကော့ကဗမာပြည်ကွန်မြူနစ်ပါတီရဲ့ထိုင်းနယ်စပ်ဒေသရဲ့ ပြောရေးဆို ခွင့်ရှိသူအဖြစ်တာဝန်ယူဖို့ပြောတော့ အဲဒီအချိန်ကကျမမှာလဲ WLB အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ)ရဲ့သဘာပတိ အဖွဲ့ဝင်၊ ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးတာဝန်တွေကြောင့် တာဝန်ပေးအပ်မှုကိုမယူနိုင်ခဲ့ပါဘူးလို့ ငြင်းခဲ့ရတာလဲဒီနေ့အထိ စိတ်မကောင်းဖြစ်ရပါတယ် ၊ဒီလိုငြင်းဆိုပြီးလပိုင်းလောက်မှာ မောင်မောင် နဲ့ကျမအဆက်အသွယ်ပြန်ရတော့ စကားစပြောတာနဲ့ မယု ရေနင်အကုန်လုံးငြင်းလိုက်တယ်ဆိုဘာဖြစ်လို့လဲ ငါတို့က နင်တို့လင်မယားလာမယ်ဆိုရင်တွေ့ရမယ်၊ စကားတွေအများကြီးပြောရမယ်လို့စိတ်ကူးထားခဲ့တာ နောက်ပြီးနင်ကပြောရေးဆိုခွင့်ရှိသူအဖြစ်လုပ်လိုက်ရင် မီဒီယာတွေနဲ့ အင်တာဗျူးရင်ငါတို့လဲနားထောင်ရတာပေါ့လို့ပြောခဲ့တော့၊ ကျမလဲ ကျမရဲ့အခက်အခဲအသေးစိပ်ကိုပြောပြတော့ အေးပါဟ အခက်အခဲတွေကလဲများတယ်ဆိုတော့ နင်ဆုံးဖြတ်တာလဲမှန်ပါတယ်တဲ့ ၊ ဒါပေမဲ့မယုရေနင်ဘယ်အချိန်ဘယ်အခါဘယ်လိုဘဝကိုဘဲ့ရောက်ရောက်ပါတီနဲ့တော်လှန်ရေးကိုတော့မမေ့နဲ့ဟလို့ လူကြီးတယောက်လိုပြောပါတယ် ၊ နင်ဘာအခက်အခဲဘဲရှိရှိငါ့ကိုလဲပွင့်လင်းလင်ပြောပြပါဟ ငါကူညီနိုင်တာကူညီလို့ရတာပေါ့ဟဆိုပြီးအားပေးစကားကိုအေးဆေးတည်ငြိမ်စွာအမြဲပြောခဲ့တာလေးတွေသတိရမိပါတယ်၊

2003ခုနှစ်မှာ ထိုင်းနယ်စပ်ကိုသူလာချင်ပါတယ်လို့ ကျမကိုဆက်သွယ်လာပါတယ်၊အဲအချိန်က ကျမတို့တွေတောင်ထိုင်းမှာနေဖို့မလွယ်တဲ့အချိန် နေထိုင်ခွင့်လက်မှတ်ကမရှိ ခဏခဏအဖမ်းခံနေရချိန်ဖို့ နင်မလာပါနဲ့ မောင်မောင်ရေ တရုတ်နယ်စပ်မှာကငါ့တို့ထိုင်းနယ်စပ်မှာထက်ပိုပြီးအဆင်ပြေတယ်၊ မလာပါနဲ့လို့အကြိမ်ကြိမ်တားလိုက်လို့သူမလာဖြစ်တော့ပါ၊

နောက်ပိုင်းသူ နဲ့ကျမအဆက်အသွယ်ရလိုက်မရလိုက်နဲ့ FB ကြီးပေါ်လာတော့ပုံမှန်လေးအဆက်အသွယ်ရပါတယ်၊ တခါတလေ ဆရာဂျက်ကော့ ပုံတွေ FB ပေါ်တင်ရင် ဖထီးရဲ့ ပုံလေးတွေတင်ပေးလို့ ကျေးဇူးတင်ပါတယ် မယုရေလို့စာလှမ်းရေးခဲ့ပါတတ်ပါတယ်။ 2015 ပြည်သူ့အစိုးရတက်တော့ သူကကျမကိုလှမ်းမေးပါတယ် နင်တို့မိသားစုဘယ်လိုလုပ်ကြမလဲ မြန်မာပြည်ကိုပြန်လာမှာလားလို့မေးတော့ ကျမတို့ရဲ့ပြန်မရတဲ့အခက်အခဲတွေကို ပြောပြတော့ အော် ဒါဆိုလဲဘယ်တတ်နိုင်မှာလဲတဲ့၊ နင်တို့ဘယ်မှာနေနေ သမီးလေး၂ယောက်ကိုတော့ ပညာတတ်အောင်သင်ပေးပါတဲ့ ၊ငါလဲသမီးငါ့သမီးလေးတယောက်ကိုပညာတတ်အောင်သင်ပေးမယ်တဲ့၊ ငါ့သမီးလေးကစာတော်တယ်ဟ ငါလဲသူပညာရေးအတွက်ဂရုစိုက်နေရတယ်လို့ပြောပြပါတယ်၊ တခါတလေလဲကျမကစကားပြောတိုင်းမောင်မောင်ရေ ငါကဘာတွေလုပ်နေတယ် ၊ဘာတွေလုပ်ဖို့စဉ်းစားနေတယ်လို့ပြောတိုင်းအေးကောင်းတယ်မယုလုပ်ပါငါအားပေးပါတယ် ၊အကူအညီလိုရင်ပြော လို့သာပြောတတ်ပါတယ် ၊မလုပ်နဲ့ဘာဖြစ်လိမ့်မယ်ညာဖြစ်လ်မ့်မယ်လို့မပြောတတ်ပါ၊ လုပ်ကြည့်ပေါ့ဟ အတွေ့အကြုံရတာပေါ့လို့သာလူကြီးဆန်ဆန်လေးဘဲအမြဲပြောတတ်သူပါ။

နွေဦးဆန္ဒပြပွဲကြီးတွေဖြစ်လာတော့ သူကကျမကိုလှမ်းပြောပါတယ် ၊ ငါလဲငါနေတဲ့မြို့မှာဆန္ဒပြပွဲတွေကို ဦးဆောင်ပါဝင်နေတယ်လို့လှမ်းပြောပြပါတယ်ဒီနောက်စစ်တပ်ကအာဏာသိမ်းတော့ ငါတော့တောခိုတော့မယ်မယုရေလို့လှမ်းပြောပြန်ပါတယ် ဒါနဲ့ကျမ ကဟယ်နင့်အသက်အရွယ်ကြီးနဲ့ နင်သွားနိုင်လာနိုင်ပြေးနိုင်သေးလို့လားမောင်မောင်ရယ် ၊ နောက်ကဘဲတနေရာလေးမှာနေပြီး တော်လှန်ရေးအတွက်ကူညီပါလားလို့ပြောတော့ မရဘူး မယုရေဒီစစ်အာဏာရှင်ကိုတော့ငါတို့လက်ထက်မှာအနိုင်တိုက်မှဘဲရတော့မယ် ဒါကြောင့် ငါသွားမယ်တဲ့ ၊ တော်လှန်ရေးလုပ်မဲ့နေရာကိုရောက်ရင် နင်ကိုငါဆက်သွယ်မယ်လို့ပြောပြီး၊ပျောက်သွားလိုက်တာ ၃လလောက်ကြာမှာ ကျမကိုသူဆက်သွယ်လာပါတယ်။

ဒါနဲ့နင်ဘယ်ကိုရောက်နေတာလဲ ဘာအနေနဲ့ရပ်တယ်လုပ်တာလဲ ကျမကစီကာပတ်ကုံးမေးတော့ စကိုင်းတိုင်းရွှေဘို ခရိုင်မှာ (SBDF ) ကိုထူထောင်ပြီးနွေဦးတော်လှန်ရေးလုပ်နေတာဖြစ်ကြောင်း နာမည်ကိုတော့ ဗိုလ်သံမဏီလို့ပြောင်းထားကြောင်းရဲဘော်အင်အားဘယ်လောက်ရှိကြောင်းအစစအရာရာတော့ အခက်အခဲရှိပေမဲ့ ပျော်တဲ့အကြောင်းကျန်းမာရေးလဲကောင်းပါတယ်ဆိုတဲ့အကြောင်း ၊ ဟယ် ငါတောင်လာချင်တယ် ဟိုတုန်းကလိုမျိုးဆိုငါတို့တတွေအတူတူတော်လှန်ရေးလုပ်ဖြစ်ကြမှာ လို့ပြောတော့ အေးပေါ့ဟ အရင်ကလိုဆိုရင်တော့ဟုတ်တာပေါ့ အခုကနင်လဲအသက်ကြီးသွားပြီ နင်ကိုယ်လုံးကြီးနဲ့မပြေးနိုင် မလွှားနိုင်တော့ပါဘူးဟ၊ ဒါကြောင့်နင်ရောက်ရာနေရာကနေပြီး ကူညီနိုင်တာလေးတွေကိုသာကူညီပါ၊ ဒီလိုကူညီမှုတွေရှိမှလဲတော်လှန်ရေးအောင်မြင်မှာ ဒါလဲအရေးကြီးတဲ့တော်လှန်ရေးအလုပ်ပါဘဲတဲ့ဒီလိုနဲ့ ကျမလဲတတ်နိုင်သလောက်ငွေကြေးလေးကိုကြိုးစားပြီးထောက်ပံ့ပေးခဲ့ပါတယ် ၊ မကြာမကြာလဲဆက်သွယ်ဖြစ်ခဲ့ပါတယ် ၊

တနေ့မှာကျမနဲ့သူနဲ့စကားပြောဖြစ်ကြတော့ သူက video callကိုဖွင့်လိုက်တော့ သူပုံကြီးကိုကျမကြည့်ပြီးဘာပြောရမှန်မသိဖြစ်သွားတော့သူကကျမကိုနင်ငါ့ကိုကြည့်ပြီးလန့်သွားတာမဟုတ်လားလို့ပြောတော့ ကျမကအေးဟယ်နင့်ပုံကြီးကလဲ အိုဆာသွားလိုက်တာ နှုတ်ခမ်းမွှေးကြီးနဲ့ပါလား ဘင်လာဒင်နဲ့တူလိုက်တာလို့ပြောတော့ သူကရည်ပြီး ငါရုပ်ဖျက်ထားတာပါဟလို့ပြောပါတယ် ၊ပြီးတော့ရွှေဘိုနယ်ကလူတွေက ငါ့ကို ဗိုလ်သံမဏိ လို့သိပ်မသိကြဘူး ၊ ဆရာမုတ်ဆိတ်၊ ဗိုလ်မုတ်ဆိတ်လို့ဘဲ့လူသိများတယ်ဟ သူ့အဝတ်စားတွေကလဲစုပ်ပြတ် နွမ်းဖတ်နေတဲ့အဝတ်အစားလေးနဲ့ ထမ်းရွက်တွေနဲ့ ဖြစ်သလိုမိုးထားတဲ့ ယာတဲလေးမှာ စကားတွေအများကြီးပြောရင်း video callထဲမှာတွေ့ရတာကျမစိတ်မကောင်းဖြစ်ခဲ့ရတယ် ၊ ဘာတွေလိုလဲလို့မေးတော့ ဘာမှမလိုဘူး ငါလိုတာက သေနတ် နဲ့ ကျည်ဘဲတဲ့ ငါတို့မှာလက်လုပ်သေနတ်တွေနဲ့ဘဲတိုက်နေရတယ်၊ နင်မှာ ပျောက်ကြားဝတ်စုံရှိလား လို့မေးတော့မရှိဘူးတဲ့ U.S. ARMY ပျောက်ကျားဝတ်စုံ ပို့ပေးမယ်လို့ပြောတော့အေးလေ နင့်သဘောဘဲတဲ့ ဒါနဲ့ကျမလဲUSမှာရှိတဲ့ ညီမကိုအကျိုးအကြောင်းပြောပြီ လှမ်းမှာပြီးသူဆီပို့ပေးခဲ့ပါတယ်၊ အဲဒီဝတ်စုံလေးနဲ့သူ့ကို ကျမကဓါတ်ပုံလေးရိုက်ပြီးပြန်ပို့ပေးပါလို့ပြောတော့သူကျမ ကိုပြန်ပို့ပေးတယ် ၊ဝတ်စုံကနဲနဲလေးကြီးနေတယ်နော်လို့ပြောတော့ရတယ် ထပ်မပို့နဲ့တော့ အမှတ်တရလေးဘဲနင့်ကိုလဲကျေးဇူးတင်တယ်၊ ဖြူဖြူကိုလဲကျေးဇူးတင်တယ်တဲ့၊ နောက်ကျမကမိုဘိုင်းသုံးရေသန်ု့စက်လေး၃လုံးပို့ပေးမယ် ကျန်းမာရေးအတွက်လို့ပြောတော့ မလိုဘူး ငါက သေနတ်နဲ့ကျည်ဆံဘဲလိုတယ်တဲ့ အဲဒါတွေဘဲအရမ်းခက်ခဲပြီးအရမ်းလိုအပ်နေတယ်တဲ့။

မောင်မောင်ရေ ဒီလိုကျဆုံးမှုတွေနင်ကနောက်ဆုံးဘဲဖြစ်ပါစေ။ နောက်ထပ် လက်နက်မရှိလို့ ကျည်မရှိလို့ဆိုတဲ့ကျဆုံးရမှုမျိုးတွေအဆုံးသပ်ပါစေတော့လို့ ငါဆုတောင်းပါတယ်ကွယ်။

မောင်မောင်က ခေါင်ဆောင်ရဲ့သားဖြစ်ပေမဲ့ အေးအေးဆေးဆေးရိုရိုးသားသားနေတတ်သူ ၊ တဖက်သားကိုအလွန်ကိုအားနာတတ်သူ၊သူလုပ်မယ်လို့စိတ်ကူးပြီးတာဝန်ယူလုပ်တဲ့အလုပ်မှန်သမျှကိုပြီးဆုံးအောင်လုပ်တတ်သူ ၊ စကားနဲပြီး မှန်မှန်ကန်ကန်ပြောတတ်သူ လူင်္ကြးဆန်ဆန်လေးနေတတ်သူ ၊ လူကြီးလူငယ်မရွေးအဆင်ပြေပြီးချစ်ခင်ခံရသူ၊ အရာရာအနစ်နာခံတတ်သူမို့ ဘကြီးထွန်း (ဗိုလ်ကျင်မောင်) ရဲ့ ယူဂျီ ဆက်သားအဖြစ် အင်မတန်ခက်ခဲကြပ်တည်းလှတဲ့ နဝတ -နအဖ ဗိုလ်သန်းရွှေနဲ့ထောက်လှမ်းရေးဗိုလ်ခင်ညွှန့်တို့စစ်အာဏာသိမ်းပြီးပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်နေအချိန်မှာ တနင်္သာရီတိုင်းအပါအဝင် မြန်မာပြည်ရဲ့ဒေသအတော်များများကို ယုံကြည်စိတ်ချစွာစေလွှတ်ခံခဲ့ရသူ၊ ဘကြီးထွန်းရဲ့ သားတပည့် လိုဖြစ်ခဲ့ရသူပါ။

လျှို့ဝှက်ရေးကိစ္စမှန်သမျှသူ့ဆီကဘာမှကိုကြားရသိရမည်မဟုတ်ပါ၊ အင်မတန်မှလုံခြုံရေးကိုထိန်းတတ်သူပါ၊နှုတ်လုံသူပါလားလို့ အများရဲ့မှတ်ချက်ပေးခံရသူ၊အသက်အရွယ်နဲ့မလိုက်အောင်လူကြီးလေးလိုနေတတ်သူဖြစ်ပါတယ်၊ အများကချစ်စနိုးခေါ်ကြတာကမောင်မောင်ပါ ၊မိဘတွေပေးထားတဲ့နာမည်ကကျော်မြသန်းပါ ၊ ကျော်ဦး ၊ စိုးထွန်း၊ ဗိုလ်သံမဏီ ၊ ဗိုလ်မုတ်ဆိတ် ၊ စတဲ့နာမည်တွေကတော့ တော်လှန်ရေးလုပ်ရင်းအခြေအနေအရပြောင်းခဲ့ရတဲ့အမည် တွေပါ ၊ တတ်စွမ်းသမျှလုပ်ဆောင်နေရင်းအသက်ပေးသွားခဲ့ရသူပါ ဘာမှအတ္တမာန်မာနမရှိဘဲ့ အသက်၅၀ ထဲရောက်ခါစလေးမှာဘဲ့ ကျဆုံးသွားခဲ့ရတဲ့အတွက် အတိုင်းမသိအောင်ဝမ်းနည်းရပါတယ် ၊ မျိုးရိုးသန္ဓေကောင်းလှတဲ့သူမို့ တော်လှန်ရေးအတွက်အစားထိုးမရနိုင်တဲ့လူပါ ၊ တော်လှန်ရေးလုပ်နေသူမို့အချိန်မရွေးအသက်ပေးရမယ်ဆိုတာသိပေမဲ့ အကြွေစောလွန်းလို့ဖြေမဆည်နိုင်ဖြစ်ခဲ့ရပါတယ်၊ ကျမရင်မှာတော့ မောင်မောင်ရှိနေသေးသလိုဘဲ့ဖြစ်နေပါတယ်၊ မောင်မောင်ကျဆုံးချိန်မှာ အမေ ၊ အမ၂ယောက် ညီမ၂ယောက် ၊ ဇနီးနဲ့သမီးလေးတယောက်ကျန်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးရဲ့အာဇာနည်သူရဲကောင်းကြီးရေ အခုတော့ အရာရာစိတ်ချလက်ချနဲ့ ကျမတို့ အားလုံးကိုထားခဲ့ပြီပေါ့လေ ထာဝရအေးချမ်းစွာအနားယူပါတော့ အလေးနီပြုလိုက်ပါတယ် ၊ပြည်သူအတွက်အလုပ်အကျွေးပြုရင်းအသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေထဲက ထင်ရှားတဲ့သူရဲကောင်းကြီးတယောက်အဖြစ်နဲ့ အမြဲအမှတ်ရနေပါတော့ မယ်၊ မြင့်မြတ်ရာဘုံမှာနားခိုပါတော့🙏🙏🙏

ရဲဘော်မယု
၁၃-၆-၂၀၂၂



The Mog Nation Wiki

Leave a comment