(The Mog Nation Wiki, an archive)
ခွဲထွက်ခွင့်-နှင့် ကိုယ်ပိုင်ပြဋ္ဌန်းခွင့် အဆက်အစပ်
— ကျော်၀င်း
ခွဲထွက်ခွင့်
နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေများကို၊ ပြန်ကြည့်လိုက်လျင် ‘ခွဲထွက်ပိုင်ခွင့်’ (right to secede) ကို၊ တရား၀င် ခွင့်ပြုထားသည့် နိုင်ငံဆို၍၊ ယ္ခင် ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလပ်ဗီးယားနှင့် မြန်မာနိုင်ငံ၏ ၁၉၄၇ အခြေခံဥပဒေတို့သာ ရှိမည်ထင်ပါသည်။ ဆိုဗီယက်ယူနီယံနှင့် ယူဂိုဆလပ်ဗီးယားတို့မှာ ယခုအခါမရှိတော့ပါ။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး၊ နိုင်ငံသစ်များ ပေါ်ထွက်လာချိန်မှာ၊ ဆိုဗီယက်တို့၏ အိုင်ဒီအိုလိုဂျီ လက်သီးဆုပ်ပြေကျချိန်ရောက်တော့မှ ဖြစ်သည်။ ဤနေရာတွင်လည်း ခွဲထွက်နိုင်ငံအချင်းချင်းသော်လည်းကောင်း၊ ဆိုဗီယက်ယူနီယံ၏ ပင်မ ရုရှားနှင့်သော်လည်းကောင်း စစ်ခင်းခဲ့ကြရသည်များရှိသည်။ ယူဂိုဆလပ်ဗီးယားပြည်ထောင်စု ပြိုကွဲမှုကား ‘ဘော်လကန်နိုက်ဇေးရှင်း’ (Balkanization) ဆိုသော ဝေါဟာရသစ်ပေါ်ထွက်လာရသည်အထိ၊ ဆိုးဆိုးဝါးဝါး သွေးချောင်းစီးခဲ့ရသည်။ (ဘော်လကန်နိုက်ဇေးရှင်း၏ အဓိပ္ပါယ်မှာ ‘အစိတ်စိတ်အမွှာမွှာပြိုကွဲခြင်း’ ဟု ရသည်။) ဤတွင် ပြောလိုသည်မှာ၊ အခြေခံဥပဒေပါ၊ ‘ခွဲထွက်ပိုင်ခွင့်’ ကို ကိုင်ပြီး အေးအေးညောင်းညောင်း ခွဲထွက်ကြသည်မဟုတ်။ စစ်ခင်းပြီးမှ နိုင်ငံသစ်များ ပေါ်ထွက်လာကြသည်ကို ဆိုလိုရင်းဖြစ်သည်။
မူလအခြေခံဥပဒေတွင်၊ ခွဲထွက်ပိုင်ခွင့်ကို၊ တရား၀င်ဖော်ပြမထားသော်လည်း၊ အခင်မင်မပျက် ခွဲခွာခဲ့ကြသည့် နိုင်ငံတစ်ခုကား ရှိပါသည်။ ယခင်ချက်ကိုဆလိုဗားကီးယားဖြစ်သည်။ အခြေခံဥပဒေကို နောက်မှ ပြင်ဆင်ပြောင်းလဲသည့်နည်းဖြင့် ‘ချက်’ နှင့် ‘ဆလိုဗက်’ နိုင်ငံသစ်နှစ်ခု ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤတွင်ပြောလိုသည်မှာ၊ ခွဲထွက်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တရား၀င် ပြဌန်းထားသော်လည်း၊ စစ်ခင်းပြီး ပြိုကွဲသွားသည့် နိုင်ငံများ ရှိသလို၊ ခွဲထွက်ပိုင်ခွင့်ကို တရား၀င် ခွင့်မပြုသော်လည်း၊ ငြိမ်းငြိမ်းချမ်းချမ်း ခွဲခွာနိုင်သည့် နိုင်ငံများ ရှိတတ်သည်ကို၊ သတိချပ်ကြဖို့ ဖြစ်ပါသည်။
၁၉၄၇ အခြေခံဥပဒေဖြင့် သွားခဲ့သော မြန်မာနိုင်ငံတွင်လည်း၊ အလားတူ အဖြစ်မျိုးများရှိသလောက်ရှိပါသည်။ ပြည်တွင်းစစ်ခေတ်ဦးက တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တော်တော်များများတွင် ခွဲထွက်ရေးရည်မှန်းချက် ရှိခဲ့ကြဖူးသည်။ ၁၉၉၀ ပြည့်လွန်နှစ်များရောက်တော့မှ ဤရည်မှန်းချက်ကို စွန့်လွှတ်လာကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” (၂၁ ရာစုပင်လုံ) ဒုတိယ အစည်းအဝေးတွင်၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အားလုံးက၊ ‘ခွဲထွက်ဖို့’ သဘောထား မရှိပါကြောင်း အခိုင်အမာပြောကြားခဲ့ကြသည်။ သို့တစေ ‘မည်သည့်အခါမှ ခွဲမထွက်ရ’ ဆိုသော အသုံးအနှုံးမှာ၊ တိုင်းရင်းသားများအပေါ် မယုံသလို ဖြစ်နေကြောင်း၊ သို့အတွက် နှစ်ဘက်လက်ခံနိုင်မည့် အနက်တူဝေါဟာရဖြင့် အစားထိုးစေလိုကြောင်း တင်ပြလာကြပါသည်။
ဤတွင်၊ ညီလာခံ တက်ရောက်လာသော ဥပဒေပညာရှင်တစ်ယောက်၏ အကူအညီဖြင့်၊ အခြားနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အသုံးပြုကြသော အနက်တူစကားလုံးကို ရှာဖွေကြည့်ကြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတော်တော်များများတွင် ‘ခွဲမထွက်ရ’ ဆိုသော အဓိပ္ပါယ်နှင့် နီးစပ်တူညီသည့် ‘indivisible’ ဆိုသော ဝေါဟာရကိုတွေ့ရသည်။ ‘ပိုင်းခြားမရသော’၊ ‘ခွဲခြမ်း၍မရနိုင်သော’ စသဖြင့် ဘာသာပြန်နိုင်ပါလိမ့်မည်။ [ဥပမာ ပြင်သစ် (၁၉၅၈)၊ နီပေါ (၂၀၁၅)၊ စပိန်(၁၉၇၈)၊ အာဖဂန်နစ္စတန် (၂၀၀၄)၊ အီဂျစ် (၂၀၁၄) … စသဖြင့် ] နိုင်ငံအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ၊ ‘One and indivisible’ ဟု သုံးသည်။ ‘တစ်ခုတည်းသောနှင့် ခွဲခြမ်း၍ မရနိုင်သော’ စသဖြင့် ဘာသာပြန်နိုင်ပါလိမ့်မည်။ [အယ်(လ်)ဂျီးရီးယား (၁၉၈၉) ပေါ်တူဂီ (၂၀၀၅)၊ အီတလီ (၁၉၄၇) စသဖြင့်] မြန်မာဆန်ဆန်အသုံးပြုလိုလျင်မူ၊ ‘ဥမကွဲ သိုက်မပျက်’ ဟု အနီးစပ်ဆုံးယူနိုင်လိမ့်မည်ထင်ပါသည်။ ဖင်လန်နိုင်ငံ၏ ၁၉၉၉ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ၊ ထူးထူးခြားခြား ယခုလိုဖော်ပြထားသည်။ “ပါလီမန်၏ သဘောတူညီမှုနှင့်သာ၊ နိုင်ငံ၏ အမျိုးသား နယ်နမိတ်ကို ပြောင်းလဲသတ်မှတ်နိုင်သည်” ဟူ၍ ဖြစ်ပါသည်။ (The national borders cannot be altered without the consent of the Parliament)
ကိုယ်ပိုင်ပြဌန်းခွင့်
‘ကိုယ်ပိုင်ပြဋ္ဌန်းခွင့်’ (self-determination) ဆိုသော စကားရပ်၏ ခေတ်သစ်အဓိပ္ပါယ်ကို၊ စတင်တွေ့ရှိရသည်မှာ၊ ၁၇၇၆ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သော ‘အမေရိကန်လွတ်လပ်ရေး ကြေငြာစာတမ်း’ တွင် ဖြစ်သည်။ ၁၉ ရာစု နှင် ၂၀ ရာစု ခေတ်ဦးသို့ ရောက်သောအခါ၊ ‘အမျိုးသားရေးလှုပ်ရှားမှုများ’ နှင့် ယှဉ်တွဲပြီး၊ အဓိပ္ပါယ်ဖွင့်လာကြသည်။ ဤကာလအတွင်း (၁၉၁၃) ဆိုဗီယက်ခေါင်းဆောင် စတာလင် ရေးသားထုတ်ဝေခဲ့သည့် ‘မာက္စ်ဝါဒ နှင့် အမျိုးသားရေးပြဿနာ’ (Marxism and the National Question) စာအုပ်တွင်၊ ‘ကိုယ်ပိုင်ပြဋ္ဌန်းခွင့်’ ဆိုသည်ကို၊ ယခုလို အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ “The right of a nation (or nationality) freely to secede or to enter federal relation with other.” ‘ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် အပါအ၀င်၊ ကိုယ်ပိုင် ပြဋ္ဌန်းခွင့်’ ဟု အဓိပ္ပါယ်ထွက်ပါလိမ့်မည်။ (ဤအချက်ကို ကိုင်ပြီး၊ ဂျော်ဂျီယာပြည်နယ်- ခွဲထွက်ဖို့ကြိုးစားသောအခါ၊ တပ်နီတော်နှင့် ချေမှုန်းခဲ့သည်သာ ဖြစ်ပါသည်။)
ပထမကမ္ဘာစစ်အပြီး၊ ဝီလဆင်မူ (၁၄) ချက် ထုတ်ပြန်ပြီး တစ်လအကြာ၊ ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် နေ့တွင် ပြောကြားခဲ့သော၊ အမေရိကန်သမ္မတ ဝုဒရိုး ဝီလဆင် မ်ိန့်ခွန်းတွင် “ကိုယ်ပိုင်ပြဋ္ဌန်းခွင့်မှာ စကားရပ် သက်သက်မျှ မဟုတ်။ မဖြစ်မနေလုပ်ကိုလုပ်ကြရမည့် ‘မူ’ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ဤ မိန့်ခွန်း၏ အကျိုးဆက်ကြောင့်ပင်၊ သြစတီးယန်း၊ ဂျာမန်နှင့် အော်တိုမင် အင်ပါယာများမှ နိုင်ငံသစ်များ ပေါ်ထွက်လာခြင်းဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၆၀ ပြည့်နှစ်တွင် ထွက်ပေါ်လာသော “ကိုလိုနီနိုင်ငံများနှင့် လူများ၏ လွတ်လပ်ရေးကို အာမခံသော ကြေငြာချက်” တွင်လည်း ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ဆိုင်ရာမူများကို တွေ့လာရသည်။ ၁၉၇၀ ပြည့်နှစ်၊ “နိုင်ငံတကာ ဥပဒေဆိုင်ရာ အခြေခံမူများနှင့် ပတ်သော ကြေငြာချက်” ထွက်ပေါ်လာသောအခါတွင်မူ၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကို ‘ပြည်တွင်းကိုယ်ပိုင်ပြဋ္ဌန်းခွင့်’ (Internal self-determination) နှင့် ‘ပြည်ပကိုယ်ပိုင်ပြဌန်းခွင့်’ (External self-determination) ဟူ၍ ခွဲခြား ဖော်ပြလာသည်။
Encyclopedia Princetoniensis ၏ ဖွင့်ဆိုချက်အရ၊ “ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ၊ ပြည်နယ်တစ်အတွင်း မှီတင်းနေထိုင်ကြသော လူများ၏၊ နိုင်ငံရေး၊ စီးပွားရေး၊ နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင် ပြဌန်းခွင့်” သဘောကို ‘ပြည်တွင်း ကိုယ်ပိုင်ပြဌန်းခွင့်’ ဟု နားလည်ရပါသည်။ ‘ကိုယ်ပိုင်လွတ်လပ်သော နိုင်ငံတစ်ခုထူထောင်ရေးအပါအ၀င်၊ တိုင်းတပါးအုပ်စိုးမှုမှ လွတ်မြောက်ရေး’ ကို ‘ပြည်ပ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဟု သဘောပေါက်လိုက်ပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အင်အားစုများ၊ ခေတ်အဆက်ဆက် တောင်းဆိုနေကြသည်မှာ၊ ‘ပြည်တွင်း ကိုယ်ပိုင်ပြဌန်းခွင့်’ သာ ဖြစ်ပါသည်။
‘စကားလုံး’ နှင့် ‘မူ’
ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးတွင်၊ ဆိုခဲ့ပါ ‘ခွဲထွက်ခွင့်’ နှင့် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ တို့ကို ‘အစုံလိုက် အဆိုပြု လက်ခံရသော ကမ်းလှန်းချက်’ (Package deal) အဖြစ် ချိတ်ဆက်ထားသည်ဟု သိရသည်။ ဆိုလိုသည်မှာ၊ ‘နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည်၊ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ’ ဆိုသော အဆိုပြုလွှာကို ဖြုတ်ပယ်မည်ဆိုလျင်၊ ‘ကိုယ်ပိုင်ပြဋ္ဌန်းခွင့်’ ခေါင်းစဉ်ပါ၊ အဆိုပြုလွှာ ငါးချက်လုံးကိုပါ ဖြုတ်ပယ်ရမည့်သဘော ဖြစ်သည်။ ဆိုခဲ့ပါ အဆက်အစပ်ကို၊ မေလ (၂၇) ရက်နှင့် (၂၈) ရက်တို့ တွင် ကျင်းပခဲ့သော UPDJC အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။
အစိုးရ အစုအဖွဲ့ (အစိုးရ၊ လွှတ်တော် နှင့် တပ်မတော်)က၊ “ခွဲမထွက်ရေးကို အာမခံစေပြီး၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့် ကိုယူပါ” ဆိုသော အပေးအယူဖြင့် ပြဿနာကို ချဉ်းကပ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကမူ “တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌန်းခွင့်ရှိနေသမျှ၊ ခွဲမထွက်ပါ” ဆိုသော ခြွင်းချက်ဖြင့် ချဉ်းကပ်သည်။ နောက်ဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က၊ အဆိုပါ Package deal တစ်ခုလုံး၊ နောက်တစ်ကြိမ်ညီလာခံမှ ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်လိုက်ရသည်။ နှစ်ဘက် သံသယများ၏ အကျိုးဆက်ကြောင့် အရေးအကြီးဆုံး အခြေခံမူဖြစ်သည့် ‘ကိုယ်ပိုင်ပြဋ္ဌန်းခွင့်’ ကို လတ်တလော စွန့်လွှတ်လိုက်ရသည့် သဘောဟု နားလည်ရပါသည်။
စာရေးသူအနေနှင့် “နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုသော အဆိုပြုလွှာကို ခံတွင်းမတွေ့နိုင်ကြသည့် တိုင်းရင်းသားများ၏ စိတ်ခံစားမှုကို အပြည့်အ၀ နားလည်နိုင်ပါသည်။ သို့တိုင်၊ ဤကိစ္စမှာ၊ စကားလုံးပြဿနာမျှသာ ဖြစ်သည်။ စကားလုံးထက် ပို၍ အရေးကြီးသည်မှာ ‘မူ’ ပိုင်းဆိုင်ရာဖြစ်သည်။ ‘ကိုယ်ပိုင်ပြဋ္ဌန်းခွင့်’ ခေါင်းစဉ်ပါ၊ အချက် (၅) ချက်လုံး မဆိုနှင့်၊ နံပါတ် (၃) အချက်မျှနှင့် ပင် ထိုက်ထိုက်တန်တန် ရရှိနေပြီဟု ဆိုနိုင်သည်။ အဆိုပါ နံပါတ် (၃) အချက်ကို စာဖတ်သူများ ‘ဆဝါး’ နိုင်ရန် မူရင်း အတိုင်းဖော်ပြလိုက်ပါသည်။ ယခုလို… ၊ “တိုင်းဒေသကြီး/ပြည်နယ်များသည်၊ တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေး၊ စီးပွာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်း စသည့် ကဏ္ဍအသီးသီးတွင်၊ ကိုယ်ပိုင်ပြဌန်းခွင့် အခွင့်အရေးကို အာမခံချက်ရှိစေရမည်” ။ ဤအဆိုပြုလွှာအရဆိုလျင် နိုင်ငံရေး ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွင် ခွဲထွက်ရေးမပါသည့်တိုင်၊ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ (Autonomy) ကို အသေအခြာရရှိတော့မည်ဖြစ်သည်။ ဒါဆိုလျင် ၂၀၀၈ အခြေခံဥပဒေပါ၊ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ လမ်းစပေါ်လာနိုင်သည်။ (ပုဒ်မ ၂၆၁ မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်အပ်ရမည်ဆိုသော ပုဒ်မ ဖြစ်သည်။) စီးပွားရေး ကိုယ်ပိုင်ပြဋ္ဌန်းခွင့် ရပြီဆိုလျင် ‘သယံဇာတခွဲဝေရေး’ (Resource sharing) အတွက်လည်း လမ်းပွင့်လာနိုင်သည်။ အလားတူ၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်းစသည်တို့နှင့် ပတ်သက်လျင်လည်း ကိုယ်ပိုင်ပြဋ္ဌန်းခွင့်အရ အကောင်းဆုံးပုံဖော်နိုင်ပြီ ဖြစ်ပါသည်။ ပြောရလျင်၊ ဆိုခဲ့ပါ အထွေထွေ ကိုယ်ပိုင်ပြဋ္ဌန်းခွင့် မှာ၊ ဖဆပလ၊ ပထစ၊ တော်လှန်ရေးကောင်စီ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တပ်မတော်အစိုးရနှင့် ယခင်ဦးသိန်းစိန်အစိုးရ၊ အစိုးရအဆက်ဆက် ဘယ်တုန်းကမှ မရခဲ့ဖူးပါ။ အစိုးရအဆက်ဆက်ကို လက်နက်ကိုင် ပုန်ကန်ခဲ့သော၊ အရှေ့မြောက်ပိုင်း ဗကပ သည်ပင်၊ ဤအခွင့်အရေးမျိုးပေးခဲ့သည်မဟုတ်ပါ။ (အရှေ့မြောက်ပိုင်း ဗကပ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ ပေးပါသည်။) ထို့ထက် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ ခေတ်အဆက်ဆက် တောင်းဆို တိုက်ပွဲ၀င်ခဲ့သည်မှာလည်း၊ အဆိုပါ ‘ကိုယ်ပိုင်ပြဋ္ဌန်းခွင့်’ အတွက် မဟုတ်ပါသလော…။ ဤမျှ အရေးကြီးသော ‘အခြေခံမူကြီး’ ကို၊ စကားလုံးမှ ပေးသော စိတ်ခံစားမှုကြောင့် စွန့်လွတ်လိုက်ရသည်မှာ၊ နှမျောဖို့ကောင်းလှသည်ဟု ထင်သည်။ ‘မူ’ ကို အမိအရ ဆုပ်ကိုင်ကာ၊ ‘စကားလုံး’ ကို ယာယီစွန့်လွှတ်ပြီး၊ နောင် သံသယကင်းစင်မှ ပြန်ပြင်လျင်လည်း၊ ‘နောက်မကျသေး’ ဟု ယူဆရပါသည်။ သို့အတွက် ဆိုခဲ့ပါ ‘Package deal’ ကို ပြန်လည် ဆင်ခြင် သုံးသပ်စေလိုကြောင်း၊ တိုင်းရင်းသား ညီနောင်များကို မေတ္တာ ရပ်ခံပန်ကြားအပ်ပါသည်။
ကျော်၀င်း
၆၊ ဇွန်၊ ၂၀၁၇
ကျေးဇူးစကား- ဤဆောင်းပါးအတွက် ဥပဒေဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောပြပေးသော ‘ဒေါက်တာ ဆလိုင်း ငွန် ကျုံးလျန်’ ကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Ref: The Voice Weekly June 10, 2017

End Notes and External links
- source: on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

