ရှေးဦးဗုဒ္ဓဝါဒ နှင့် ထေရဝါဒ

(The Mog Nation Wiki, an archive)


ရှေးဦးဗုဒ္ဓဝါဒ နှင့် ထေရဝါဒ

ဒီနှစ်ပိုင်း ဘိက္ခုသုဇာတော ရဲ့ အသစ်ထွက်လာတဲ့ စာအုပ်တစ်အုပ်ကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ပွဲရှာတဲ့ စာအုပ်လို့လည်းဆိုစရာရှိတယ်။ စာအုပ်ခေါင်းစဉ်က How Early Buddhism Differs from Theravada: A Handy Checklist လို့ ဆိုပါတယ်။ သူပြောတဲ့ရှေးဦးဗုဒ္ဓဝါဒ ဆိုတာကတော့ ပါဠိနိကာယ်သုတ္တန်တွေ တရုတ်ဘာသာပြန် အာဂမပိဋကတ်တွေထဲက သုတေသနပြုလုပ်ပြီး ဖြစ်တန်ရာတည်ဆောက်ထားတဲ့ ဂိုဏ်းကွဲတွေမဖြစ်မီ ရှေးအကျဆုံး (ဗုဒ္ဓလက်ထက်နဲ့ လွန်ပြီး နှစ် ၁၀၀ အတွင်း) တည်ရှိခဲ့တဲ့ ဗုဒ္ဓဝါဒကို ဆိုလိုတာဖြစ်ပါတယ်။

ထေရဝါဒဂိုဏ်းကတော့ ဗုဒ္ဓလွန်ပြီး အနှစ် ၅၀၀ လောက်မှ ခိုင်ခိုင်မာမာပေါ်ထွန်းလာတဲ့ဂိုဏ်းတစ်ခုလို့ဆိုနိုင်ပါတယ်။ ရှေးအကျဆုံးမူလသံဃာကို ထေရဂိုဏ်း (ထာဝိရဂိုဏ်း) လို့လည်း ခေါ်ကြတယ်။ ထေရ (ထာဝိရ) ကနေ မဟာသံဃိက ကွဲထွက်။ ထေရ ဘက်ကနေ မဟိသာသက သဗ္ဗတ္ထိ ဓမ္မဂုတ္တက သမ္မိတိယ စသဖြင့် ၁၂ ဂိုဏ်းကွဲထွက်သလို မဟာသံဃိကဘက်ကလည်း လောကုတ္တရာဝါဒ ပုဗ္ဗသေလိယ အပရသေလိယ စသဖြင့် ၆ ဂိုဏ်းကွဲထွက်ပါတယ်။ ထေရအဆက်အနွယ်ဖြစ်တဲ့ ဝိဘဇ္ဇဝါဒီဂိုဏ်းဟာ အသောကမင်းကြီးလက်ထက် အင်အားကောင်းပြီးတော့ သီဟိုဠ်ကို (အရှင်မဟိန္ဒနဲ့အတူ) ရောက်ရှိသွားတယ်။ သီဟိုဠ်မှာ ဝိဘဇ္ဇဝါဒီ ကနေ မဟာဝိဟာရဝါသီ အဘယဂီရိ အဘယရာမ စသဖြင့် ထပ်ကွဲကြတယ်။ နောက်ဆုံးတော့ အင်အားအကောင်းဆုံး မဟာဝိဟာရဝါသီဂိုဏ်းပဲကျန်ရစ်ပြီးတော့ ဒီဂိုဏ်း က မိမိတို့ကိုယ်ကို ထေရဂိုဏ်းရဲ့ အယူကို ခံယူတဲ့အဆက်အနွယ်တွေ= ထေရဝါဒီတွေအနေနဲ့ ဆက်လက်ခံယူရာကနေ ထေရဝါဒ ဖြစ်တည်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထေရဝါဒ ကတော့ ပါဠိပိဋကတ်စာပေအပြင် မူရင်း အဋ္ဌကထာကျမ်းကြီးတွေနဲ့ သီဟိုဠ်ဖြစ် အဋ္ဌကထာကျမ်းတွေကို ပါ ခိုင်မာတဲ့ ကျမ်းတွေအဖြစ်လက်ခံ ကျင့်သုံးနေတဲ့ ဂိုဏ်းဖြစ်ပါတယ်။

ထေရဘက်ကနေဆင်းသက်လာတဲ့ ဂိုဏ်းတွေထဲမှာ ၂၁ ရာစုအထိ ဆက်လက်ရှင်သန်နေတဲ့ ဂိုဏ်း ၃ ဂိုဏ်းရှိတယ်။ ထေရဝါဒ (မြန်မာ-ထိုင်း-လာအို-ကမ္ဘောဒီးယား-သီရိလင်္ကာ) မူလသဗ္ဗတ္ထိ (တိဗက် နီပေါ ဘူတန် လဒတ် ဆစ်ကင်း မွန်ဂိုလီးယား ရုရှားအိန္ဒိယ စသည်) နဲ့ ဓမ္မဂုတ္တက (တရုတ် ကိုရီးယား ဂျပန် ဗီယက်နမ်) တို့ ဖြစ်ကြပါတယ်။ ထေရဝါဒ ကတော့ သက်ဆိုင်ရာနိုင်ငံတွေမှာ ဒေသခံယဉ်ကျေးမှုတွေနဲ့ ပေါင်းစပ်ပြီး ကိုးကွယ်ယုံကြည်မှုအစဉ်အလာတစ်ခုအနေနဲ့ ဆက်လက်ရှင်သန်လို့နေပါတယ်။ မျက်မှောက်ခေတ်အထိ ထေရဝါဒ ရဲ့ သွင်ပြင်နဲ့ လေ့လာကျင့်သုံးပုံတွေဟာ တရွေ့ရွေ့ပြောင်းလဲလာပြီးတော့ အခုမြင်သိနေရတဲ့ အနေအထားအတိုင်းဖြစ်လာပါတယ်။ ဘိက္ခုသုဇာတော ထောက်ပြတဲ့ ထေရဝါဒ ဆိုတာ မျက်မှောက်ခေတ် ခေတ်ပြိုင် ထေရဝါဒကို ဆိုလိုတာဖြစ်တယ်လို့ နားလည်မိပါတယ်။

ဘိက္ခုသုဇာတော ပြုစုထားတဲ့ စာရင်းမှာ မတူကွဲပြားချက်ပေါင်း ၆၀ နီးပါးလောက်ဖော်ပြထား တာတွေ့ရပါတယ်။ အကျဉ်းချုပ်စာရင်းလုပ်တင်ပြရရင်=

၁/ အနတ္တတရားကို အလွန်အကျွံဦးစားပေးမှုသဘော
၂/ သမ္မုတိသစ္စာ ပရမတ္ထသစ္စာ ၂ပါး ခွဲခြားခြင်း
၃/ အဘိဓမ္မာစာပေပိဋကတ်တည်ဆောက်ခြင်းနဲ့ စနစ်ဖွဲ့စည်းခြင်း
၄/ သုတ္တန်စာပေထက် အဘိဓမ္မာကို ပိုမိုမြင့်မားတန်ဖိုးထားမှု
၅/ ပါဠိဘာသာ ကို အမြတ်ဆုံး အနှိုင်းမဲ့ဘာသာစကားအဖြစ်သတ်မှတ်ခြင်း
၆/ ဝေဒ ဗြဟ္မဏယဉ်ကျေးမှုဆိုင်ရာ ကွန်တက်စ် ကို ထည့်မတွက်ခြင်း
၇/ စူးစမ်းစိစစ်လေ့လာမှုသဘော နှင့် တရားသေယုံကြည်မှုသဘော
၈/ ကမ္မဋ္ဌာန်းဘာဝနာနည်းစနစ်ဆိုင်ရာ ခြားနားချက်
၉/ တရားရိပ်သာ/တရားစခန်း ယဉ်ကျေးမှု
၁၀/ ဓမ္မကို အနိမ့်ဆုံးလျော့ဈေးပန်းတိုင်သတ်မှတ်ချက်/ ပထမမဂ်ဖိုလ်ပန်းတိုင်ဆိုင်ရာ
၁၁/ သဒ္ဓါတရားအခြေပြု နှင့် ဘာဝနာအခြေပြု
၁၂/ ဗောဓိသတ္တ ဆိုင်ရာ ယုံကြည်ချက်
၁၃/ ပါရမီတရားများအပေါ် ယုံကြည်ချက်
၁၄/ ဇာတ်တော်များအပေါ် ရှုမြင်ပုံ
၁၅/ ခမည်းတော်သုဒ္ဓေါဓန
၁၆/ နိမိတ်ကြီး ၄ ပါး ဆိုင်ရာ အမြင်
၁၇/ တထာဂတ ဆိုင်ရာ အမြင်
၁၈/ သဗ္ဗညုတဉာဏ်တော်ဆိုင်ရာ အမြင်
၁၉/ ဗျာဒိတ်ပေးခြင်းအကြောင်း
၂၀/ မြတ်ဗုဒ္ဓ ဒေသစာရီခရီးလည်ရာနယ်ပယ်
၂၁/ ဆင်းတုတော်များဆိုင်ရာ
၂၂/ ဓာတ်တော်များဆိုင်ရာ
၂၃/ သိစိတ် နှင့် အာရုံ ဆိုင်ရာအမြင်
၂၄/ စိတ်ခဏ/စိတ္တက္ခဏအမြင်
၂၅/ ပစ္စုပ္ပန်ခဏအမြင်
၂၆/ သခေါနီး ကံ
၂၇/ ကြားဘဝအမြင်/အန္တရာဘဝ
၂၈/ အမျိုးသမီးကိုယ်ခန္ဓာစက်ဆုပ်ဖွယ်
၂၉/ သ-ဘာဝ (ဓမ္မအနှစ်သားဝါဒ) အမြင်
၃၀/ သမာဓိအမျိုးမျိုးအပေါ်အမြင်
၃၁/ သုက္ကဝိပဿနာ အမြင်
၃၂/ ဝိပဿနာဘာဝနာဆိုင်ရာအမြင်
၃၃/ ဉာဏ်စဉ် ၁၆ပါး ဆိုင်ရာ
၃၄/ ပဋိသမ္ဘိဒါ ၄ ပါး အမြင်
၃၅/ အကုသလ ကမ္မဝိပါက်အကြောင်း
၃၆/ အနတ္တဓမ္မအဖြစ် လောကကို လျော့ချမြင်ခြင်း/သူငါကျားမမရှိ
၃၇/ နာမရူပ= စိတ် နှင့် ကိုယ်
၃၈/ နိမိတ္တ=ဘာဝနာနိမိတ်ဆိုင်ရာ
၃၉/ ကသိဏ/ကသိုဏ်း ဆိုင်ရာ
၄၀/ ဧကာယာန အဓိပ်ပာယျ
၄၁/ မုတ အဓိပ္ပာယ်
၄၂/ သင်္ခါရ အဓိပ္ပာယ်
၄၃/ တောက်ပသောစိတ်/ ပဘဿရစိတ္တ
၄၄/ ရုပ်ကလာပ်=ရူပကလာပ အမြင်
၄၅/ ဟဒယဝတ္ထု အမြင်
၄၆/ “တိ” နှင့် “တု” အဆုံးသတ်များ
၄၇/ ကုသိုလ်အမျှဝေခြင်းဆိုင်ရာ
၄၈/ သံဃာများ ငွေကိုင်ခြင်း
၄၉/ အဆင့်နိမ့်မြင့် သံဃာဖွဲ့စည်းပုံစနစ်
၅၀/ နိုင်ငံတော်သံဃာအဖွဲ့
၅၁/နိကာယများ
၅၂/ ရဟန်းခံမှုအစဉ်အလာလုပ်ထုံးများ
၅၃/ ဘိက္ခုနီများဆိုင်ရာ
၅၄/ ဖိုဝါဒကြီးစိုးခြင်းအကြောင်း
၅၅/ ဘိက္ခုနီရဟန်းခံခြင်း
၅၆/ ဥပါသိကာမများ ဆိုင်ရာ
၅၇/ ဂိုဏ်းစွဲဝါဒဆိုင်ရာ
၅၈/ အရိယာပုဂ္ဂိုလ်ဟူသည် စိတ္တက္ခဏဟူသောအမြင်
စတာတွေကို တွေ့ရပါတယ်။

အကြောင်းအရာတစ်ခုချင်းစီကို ပို့စ်တစ်ခု တစ်ရက်ရေးမယ်ဆိုရင်တောင် ၂ လ လောက်ရေးရမဲ့သဘောရှိတယ်။ မူရင်းအင်္ဂလိပ်စာအုပ်ကော်ပီကို ဇက်-လိုက်ဗရီမှာ ရယူနိုင်ပါတယ်။ ဒီကျမ်းစာ က မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်တွေမှာလည်း လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်လို့ မြင်မိပါတယ်။

~ Lynn Htet Swe



The Mog Nation Wiki

Leave a comment