(The Mog Nation Wiki, an archive)
◾BPLA position statement on Education
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် ဖက်ဒရယ်နိုင်ငံတော်သစ်အတွင်း အဖိနှိပ်ခံလူတန်းစားအပေါင်းလွတ်မြောက်နိုင်မည့် သာတူညီမျှပညာရေး၊ လွတ်လပ်လုံခြုံသောပညာရပ်၀န်းနှင့် ပညာရေးစနစ်ကို ရည်မျှော်သော တော်လှန်ရေး အဖွဲ့အစည်းတရပ်ဖြစ်သည်။
ထို့ကြောင့် အကြမ်းဖက်အာဏာသိမ်း ဖက်ဆစ်စစ်ကောင်စီ၏ ဖိနှိပ်သော စစ်ကျွန်ပညာရေးစနစ်ယန္တရားတွင် မပါဝင်ဘဲ အသက်ဘဝများစွာရင်း၍ အာဏာဖီဆန်ခြင်း (CDM)တွင် ပါဝင်ခြင်းဖြင့် တော်လှန်လျက် ရှိကြသော ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများနှင့် ပြည်သူလူထုအားလုံးကို ထောက်ခံ၀န်းရံ ကျေးဇူးတင်ပါသည်။
BPLAသည် ပညာရေး CDM များကို စစ်တပ်က အာဏာသိမ်းယူမှုကို စတင်ကြိုးစားစဥ် အချိန်ကတည်းကပင် ပြည်သူ့ဆန့်ကျင်မှုအင်အားကို ပြသသောနည်းဗျူဟာ တစ်ရပ်အဖြစ်ပါဝင် ထောက်ခံခဲ့သည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည်။ BPLA တပ်ဖွဲ့၀င်များတွင်လည်း CDM ကျောင်းသူကျောင်းသားများနှင့် ကျောင်းဆရာဆရာမများ အများအပြားပါ၀င်နေပြီး ဖက်ဆစ်စစ်တပ်ကို စစ်မြေပြင်တွင် တိုက်ပွဲဝင်ချေမှုန်းလျက်ရှိသကဲ့သို့ တပ်လှုပ်ရှားရာ ဒေသရွာများတွင် အခြား အစားထိုးပညာရေးစနစ်ဖြင့် စာသင်ကြားပေးမှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။
ယခုအချိန်တွင် တရားမဝင်ဖက်ဆစ်စစ်ကောင်စီသည် အုပ်ချုပ်လည်ပတ်နိုင်မှုကို အတုအယောင် ဘမ်းပြလိုသည့်အတွက် ပညာရေးနှင့်အများပြည်သူ၀န်ဆောင်မှုကို ခုတုံးလုပ်အသုံးချရန် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်ကြိုးပမ်းလျက်ရှိသည်။ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်သော ဒုက္ခပေါင်းစုံကို ရင်ဆိုင်နေရသော အခြေခံ လူတန်းစားမိဘပြည်သူအချို့သည်လည်း ကလေးသူငယ်များ၏ပညာရေးကို စိုးရိမ်ခြင်း၊ အစားထိုး ရွေးချယ်စရာ ပညာရေးလက်လှမ်းမီမှုနည်းပါးနေသေးခြင်း အစရှိသောအကြောင်းများဖြင့် ကလေးသူငယ်များကို စာသင်ကျောင်း များသို့ တက်ရောက်စေမည့် အခြေအနေကို အတိုင်းသားတွေ့မြင် ကြားသိနေရပါသည်။
ဖက်ဆစ်ကျွန်ဘဝမှလွတ်မြောက်ရေးတော်လှန်ရာတွင် ပညာရေး လှုပ်ရှားမှုများ၊ ပညာရေးဝန်ထမ်းများ၏ပါဝင်မှုများသည် အဓိကအင်အားတစ်ရပ်ဖြစ်သည်။ ခေတ်အဆက်ဆက် ပညာရေးကို အမျိုးမျိုးနှိပ်ကွပ်ခဲ့သော အာဏာပိုင်တို့ကြောင့် မျိုးဆက်များ၏ ခံစားခဲ့ရသော ဒုက္ခများသည်လည်း ကျွန်ုပ်တို့နိုင်ငံတွင် ဒဏ်ရာ ဒဏ်ချက်များအဖြစ် ရှိနေသေးသည်။ အတိတ်နှင့်မတူသော အနာဂတ်တစ်ခုကိုတည်ဆောက်ကြရာတွင် ပညာ၏ အခန်းကဏ္ဍကို မဖြစ်မနေစဉ်းစားလာရပါသည်။ အထူးသဖြင့် ပညာရေးတွင် ကလေးငယ်များနှင့်လူငယ်များ၏ ပညာရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပံ့ပိုးပေးရန် လိုအပ်ချက်ကို ရေရှည်တွင်လျစ်လျူရှု၍ မရစကောင်းပါ။ စာသင်ကျောင်းများသို့ ပြန်လည်ဝင်ရောက်ရန်ရွေးချယ်ကြခြင်းမှာလည်း ကလေးတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်ကြောင်း အသိအမှတ်ပြုရမည်။ သို့ဖြစ်ရာ BPLA အနေနှင့် ရေရှည်ကို မျှော်ရည်ပြီး ပညာရေးနှင့်ပတ်သက်ပြီး ရပ်တည်ချက်များကို ရှင်းလင်းစွာ ထုတ်ပြန်လိုပါသည်။
၁။ ဖက်ဆစ်ဖိနှိပ်ခံပညာရေးစနစ်ယန္တရားကျောင်းများသို့မသွားရောက်ဘဲ အစားထိုးရွေးချယ်စရာ နည်းလမ်းဖြင့် ပညာသင်ပေးသော တော်လှန်ပညာရေးများကို BPLA အနေဖြင့် များစွာအားပေးထောက်ခံပါသည်။ သို့ရာတွင် ထိုအခွင့်အလမ်းများနှင့်အစားထိုးဆောင်ရွက်ချက်များကို လက်လှမ်းမမီ၊ မတတ်နိုင်သောကြောင့် ကျောင်းသို့ ပြန်လည်ပို့ဆောင်ရသော မိဘပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမနှင့် စာသင်ကျောင်းများ၏ လုံခြုံရေးကို လုံးဝရန်ပြုထိခိုက်စေမည် မဟုတ်ပေ။
၂။ ထိုနည်းတူပင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို စစ်ရေးအရ အသုံးပြုခြင်းကို လုံးဝရှောင်ကျဉ်ကြမည်ဟု သန္နိဌာန်ချထားကြသော မိမိတို့နှင့် တစ်လှေတည်းစီး တစ်ပြည်လုံးမှ တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် အတူ BPLA က ခိုင်မာစွာရပ်တည်သွားပါမည်။
၃။ စာသင်ခန်းသည် ကလေးများအတွက်စာကိုသင်ရုံသာမဟုတ်ဘဲ လူမှုဆက်ဆံရေးကိုပါသင်ကြားနိုင်သော နေရာ ဖြစ်သည်ဆိုသောအချက်ကို ထည့်သွင်းစဉ်းစားကာ မြန်မာနိုင်ငံပညာရေးစနစ်၏ သမိုင်းအဆက်ဆက် အမှားများကို ကုစားနိုင်ရန် ကြိုးစားနေသူများကို BPLAက အသိအမှတ်ပြုလေးစားပါသည်။ သမိုင်းအမှားများကို ရပ်တန့်စေသည့် ကျောင်းတွင်း ကျောင်းပြင် နည်းလမ်းများအားဖြင့် ဖက်ဆစ်စစ်တပ် အာဘော်ပညာရေးကို အစားထိုးပြီး တတ်နိုင်ရာဌာနအသီးသီးက ကျရာနေရာမှ ပညာရှာဖွေ သင်ပေး/သင်ယူကြခြင်းက CDMနည်းသစ် ဖြစ်နိုင်ကြောင်း ယုံကြည်ပါသည်။ အာဏာရှင်စနစ်၏ မူဝါဒများကို ပညာရေးတွင် အသုံးချကာ ဝါဒဖြန့်ခြင်းမခံရစေရန် ဆရာ၊ ဆရာမများက အထူးဂရုစိုက်ရန်လိုအပ်ပြီး မိဘအုပ်ထိန်းသူများကလည်း အဆိုပါဝါဒဖြန့်ချိမှုများကို ကလေးငယ်များတွင် စွဲကပ်မခံစေဘဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံချိန်စံညွှန်းများကိုသာ နားလည်လက်ခံလာရန် အတူတကွ ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်သည်။
၄။ အခြားအစားထိုးရွေးချယ်စရာ ပညာရေးအခွင့်အလမ်းများကို လက်လှမ်းမီသူများနှင့် လက်လှမ်းမမီသူ အခြေခံ လူတန်းစား ပြည်သူလူထုအကြား၊ တတ်နိုင်သူနှင့် မတတ်နိုင်သူကြား ပညာရေးကွာဟချက် ကြီးမားစွာ ဖြစ်ပေါ်နေခြင်းကို လက်တွေ့ကုစားရန် နည်းလမ်းများရှာဖွေနေကြသူများအား ပြည်သူတို့က အချင်းချင်း နိုင်ရာဘက်မှ ကူညီအားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
30, 05, 2022


End Notes and External links
- source: –
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

