ရခိုင်အမျိုးသား ပန်းချီဆရာတစ်ဦး မဲခေါင်ခေတ်ပြိုင်ပန်းချီ ဂုဏ်ပြုဆုရရှိ

(The Mog Nation Wiki, an archive)


ရခိုင်အမျိုးသား ပန်းချီဆရာတစ်ဦး မဲခေါင်ခေတ်ပြိုင်ပန်းချီ ဂုဏ်ပြုဆုရရှိ

VOW – 004
မေလ ၂၉ /၂၀၂၂

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မဟာစရခမ်တက္ကသိုလ်က ဂုဏ်ပြုပေးအပ်တဲ့ ခေတ်ပြိုင်အနုပညာဆု (Contem por ary Art Awards) ဆုတွေအတွက် မြန်မာနိုင်ငံက တိုင်းရင်းသား ပန်းချီဆရာသုံးဦးကရွေးချယ်ခံခဲ့ရပြီး အဲဒီအထဲမှာ ရခိုင်အမျိုးသားပန်းချီဆရာတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

မဟာစရခမ်တက္ကသိုလ် ပန်းချီနဲ့ အကဗေဒမဟာဌာနက ကြီးမှူးကျင်းပမယ့် ၂၀၂၂ ခုနှစ် မဲခေါင်ခေတ်ပြိုင်ပန်းချီပြပွဲအတွက် ခေတ်ပြိုင်အနုပညာဆုတွေထဲက မြန်မာနိုင်ငံအတွက် လူလတ်ပိုင်းပန်းချီဂုဏ်ပြုဆု ((Honored Art Award) ကို ရခိုင်အမျိုးသား ပန်းချီဆရာ ဦးသန်းကျော်ဌေး၊ မွန်တိုင်းရင်းသား ပန်းချီဆရာ ဦးမွန်သက်နဲ့ လူငယ်ပိုင်းပန်းချီဂုဏ်ပြုဆု (Young Artist Award)ကို ပအို့ဝ်တိုင်းရင်းသား ပန်းချီဆရာ ဦးပန်းကြည်တို့က ရရှိခဲ့ကြတာဖြစ်ပါတယ်။

” ဒီပွဲက ကျနော်သိရသလောက်တော့ မဟာမဲခေါင်မြစ်ဝှမ်းဒေသမှာရှိတဲ့ နိုင်ငံတွေပေါ့။ အဲဒီနိုင်ငံတွေက တက္ကသိုလ်ရယ်။ ပန်းချီအသင်းအဖွဲ့တွေပေါ့။ အဓိက ထိုင်းနိုင်ငံ မဟာစရခမ်တက္ကသိုလ်ကနေ နှစ်တိုင်းကြီးမှူးပြီးလုပ်တယ်။ ဒီနှစ်ကတော့ တရုတ်နိုင်ငံလည်းပါတယ်လို့ကြားတယ်။ နိုင်ငံတစ်ခုက
အနုပညာရှင်သုံးယောက်လောက်ရွေးတယ်လို့သိရတယ်။ အဲဒါမှာ ကျနော်က ပန်းချီဂုဏ်ပြုဆု (Honored Art Award) ရတယ်လို့ သိရပါတယ်” လို့ ဆုရရှိခဲ့တဲ့ ရခိုင်အမျိုးသားပန်းချီဆရာ ဦးသန်းကျော်ဌေးက VOW ကို ပြောပါတယ်။

အဲဒီ ခေတ်ပြိုင်ပန်းချီပြပွဲနဲ့ ပန်းချီဂုဏ်ပြုဆုချီးမြှင့်ပွဲကို လာမယ့်ဇူလိုင်လ ၁၇ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီခေတ်ပြိုင်ပန်းချီပြပွဲမှာ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ဗီယက်နမ်၊ မြန်မာ၊ တရုတ်နိုင်ငံတွေက နိုင်ငံကိုယ်စားပြု အဆိုပြုထားတဲ့ ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို ပြသမှာဖြစ်ပြီး ခေတ်ပြိုင်အနုပညာဆုကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပန်းချီဆရာ ဦးမြတ်ထွန်းအောင်က VOW ကို ပြောပါတယ်။

“ကိုသန်းကျော်ဌေးရဲ့ လက်ရာတွေမှာဆို နာမည်ကျော်တာက ရခိုင်ဒေသက သတ္တုဒန်အိုးတွေနဲ့ ရေခပ်တာလေ။ ပြီးတော့အထုပ်အပိုးတွေခေါင်းမှာရွက်ပြီး ရွှေပြောင်းနေထိုင်သွားလာနေကြတဲ့ လက်ရာတွေ။ ဒါတွေက သေချာကြည့်မယ်ဆို သူက သူ့ဒေသကို ပုံဖော်ခံစားရေးဆွဲတယ်ဆိုပေမယ့် ရေအရင်းအမြစ်ပါးရှားမှု၊ သဘာဝဘေးအန္တရာယ်၊ ဆိုတာတွေက တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့အတွက် သက်ရောက်မှုရှိတယ်။ ပြီးတော့ ဒါက ပြိုင်ပွဲအနေနဲ့ပေးတဲ့ဆုမဟုတ်ဘူး။ ပန်းချီဆရာတွေရဲ့ အနုပညာဖြတ်သန်းမှုအတွက် ဂုဏ်ပြုဆုဆိုပြီး ရွေးချယ်တာပါ” လို့ ပန်းချီဆရာ ဦးမြတ်ထွန်းအောင်က ပြောပါတယ်။

ပန်းချီဆရာ ဦးသန်းကျော်ဌေးဟာ ၁၉၇၈ ခုနှစ်မှာရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်မှာမွေးဖွားခဲ့ပြီး စစ်တွေမြို့ အထက (၁) ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။

ရှစ်တန်းကျောင်းသားအရွယ်မှာ စစ်တွေမြို့က ပန်းချီပန်းပုကျောင်းဆင်း ဆရာဦးစိုးဌေးနဲ့ ပန်းချီဆရာ ဦးထွန်းအေးတို့ထံ ပန်းချီပညာကို လေ့လာသင်ယူခဲ့တယ်လို့ သိရပါတယ်။

အထက်တန်းကျောင်းသားအရွယ်မှာ ကျောင်းတွင်း ပန်းချီပြိုင်ပွဲတွေမှာလည်း ပါဝင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

အထက်တန်းအောင်မြင်ပြီး ၁၉၉၇ ခုနှစ်မှာ ရန်ကုန်ပန်းချီပန်းပုကျောင်းမှာ သုံးနှစ်တာ ပန်းချီပညာဆက်လက်​လေ့လာသင်ယူခဲ့ပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်မှာ မိသားစုနဲ့အတူနေထိုင်နေပြီး အခရိုင်းလစ်(Acrylic)၊​ရေဆေးပန်းချီ(Water Colour) ၊ ဆီဆေးပန်းချီ(OilPainting)တွေ ရေးဆွဲလျက်ရှိပါတယ်။



The Mog Nation Wiki

Leave a comment