NUG က ရခိုင်အမျိုးသားနေ့သို့ ပေးပို့သောသဝဏ်လွှာ

(The Mog Nation Wiki, an archive)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
“၉ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့် သဝဏ်လွှာ”

၂၀၂၂ ခုနှစ် မေလ (၁၅) ရက်

၁။ ယနေ့ကျရောက်သည့် ၉ ကြိမ်မြောက် “ရက္ခိုင်အမျိုးသားနိ” (ရခိုင်အမျိုးသားနေ့) အချိန်အခါသာမယတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ရခိုင်အမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ဘေးရန်အပေါင်းမှကင်းကွာကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါသည်။

၂။ မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကို စတင်သွန်းလုပ်ခဲ့သည့် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကို ရခိုင်အမျိုးသား နေ့အဖြစ် သတ်မှတ်ရန် ၂၀၁၄ ခုနှစ်တွင် ကျောက်ဖြူမြို့ ၌ ကျင်းပပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံက တစ်ညီတစ်ညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့သည့်အတိုင်း ၂၀၁၄ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပလာခဲ့သည် မှာ ယခုနှစ်တွင် ၉ ကြိမ်မြောက်ရှိလာခဲ့ပြီဖြစ်သည်။

၃။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၃၀၀ ကျော် (ဘီစီ ၃၃၂၅ ခန့်) တွင် မျက်မှောက်ခေတ် ရခိုင်ပြည်၊ မြောက်ဦးဒေသဟု သိရှိကြသည့်နေရာဒေသတဝိုက်၌ ပထမ ဓညဝတီပြည်ကို မာရာယုမင်းမြတ်က စတင်တည်ထောင်ခဲ့သည်။ ထို အချိန်မှစ၍ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ မြောက်ဦးရွှေခေတ်စသည်ဖြင့် နှစ်ပေါင်း ၅၀၀၀ ကျော် စည်ပင် ထွန်းကားခဲ့ပြီး ခရစ်နှစ် ၁၇၈၄ တွင် ကုန်းဘောင်မင်းဆက်လက်အောက်သို့ကျရောက်ခဲ့ရသည်။

၄။ ကုန်းဘောင်မင်းတို့၏ပိုင်နက်ကို ဗြိတိသျှအစိုးရက သိမ်းပိုက်အုပ်ချုပ်သောအခါ ရခိုင်ဒေသတစ်ခုလုံးသည် ဗြိတိသျှတို့၏လက်အောက်သို့ရောက်ရှိခဲ့ပြီး၊ ၁၉၄၈ ခုနှစ်တွင် ရခိုင်ပြည်သည်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ ၏အစိတ်အပိုင်းအဖြစ် ဗမာပြည်မနှင့်တကွ အခြားသောပြည်ထောင်စုဝင်နယ်မြေများနှင့်အတူ လွတ်လပ်ရေး ရရှိခဲ့သည်။ သို့ရာတွင် ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းနိုင်မှုအခွင့်အရေးများပြည့်ဝစုံလင်နိုင်ခြင်း မရှိခဲ့ပေ။

၅။ ယခုအခါ ရခိုင်လူမျိုးများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရတန်းတူညီမျှမှုရရှိရေးနှင့် ရခိုင်ပြည်အတွင်း အမျိုးသားရေးစည်းလုံးညီညွတ်မှုများကို ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ ထို့အတူ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသူတိုင်းရင်းသားလူမျိုးများအားလုံးသည် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို အသစ်တဖန်ပြန်လည်တည်ဆောက်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေချိန် လည်းဖြစ်သည်။ ထိုအချိန်တွင် ရခိုင်အမျိုးသမီး၊ အမျိုးသားများ၏ ပြည့်ဝသောပါဝင်မှုနှင့် အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း ဖော်ပြလိုသည်။

၆။ လွန်ခဲ့သောနှစ်များအတွင်း ရခိုင်ပြည်အပါအဝင် နယ်နိမိတ်ချင်းထိစပ်သည့်နယ်မြေဒေသများအတွင်း စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထုနည်းမျိုးစုံဖြင့်ထိခိုက်နာကျင်ခဲ့ရမှုများအတွက် များစွာ ကိုယ်ချင်းစာနာပြီး၊ ပျက်ကွက်မှုများစွာဖြစ်ပေါ်ခဲ့ခြင်းအတွက်လည်း အလွန်ပင် စိတ်မကောင်းဖြစ်ရပါကြောင်း ဖော်ပြလိုသည်။ မိမိတို့အစိုးရအနေဖြင့် ရခိုင်ပြည်ရှိ ပြည်သူလူထု၏ထိခိုက်နာကျင်ခံစားခဲ့ရမှုများအတွက် တရားမျှတမှုရှိစွာ ပြန်လည် ကုစားဖြည့်ဆည်းပေးနိုင်ရန် နှင့် မိမိတို့၏ရပိုင်ခွင့်များရရှိစေရန် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့်အတူတကွ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြလိုသည်။

၇။ ယနေ့ကျရောက်သည့် ၉ ကြိမ်မြောက် “ရက္ခိုင်အမျိုးသားနိ” (ရခိုင်အမျိုးသားနေ့) မှစ၍ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှချုပ်ငြိမ်းရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ကြိုးစားဆောင်ရွက်မှုများ လျင်မြန်စွာပြီးမြောက် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ



The Mog Nation Wiki

Leave a comment