တကောင်း အဘိရာဇာ

(The Mog Nation Wiki, an archive)


တကောင်း အဘိရာဇာ

ဗုဒ္ဓဘာသာနိုင်ငံတွေမှာ အုပ်ချုပ်သူဘုရင် နဲ့ ဘာသာရေးခေါင်းဆောင် တွေကြားမှာ အပြန်အလှန် နားလည်မှုရှိကြတယ်လို့ ဆိုပါတယ်။
ဘာသာရေးကို ဘုရင်က အာဏာ နဲ့ ကူပေးရပြီး၊ ဘာသာရေးကတော့ ဘုရင် ဟာ တရားဝင်အုပ်ချုပ်ခွင့်ရှိကြောင်း legitimate ဖြစ်ကြောင်းပြပေးရတယ်လို့ ဆိုပါတယ်။
legitimate ဖြစ်ကြောင်းပြဖို့ လက်ရှိဘုရင်ဟာ ကမ္ဘာဦးကည်းက လူတွေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ ‘အာဒိစ္စဝံသ နေမျိုးနွယ် မဟာသမ္မတမင်း’ ရဲ့ မျိုးဆက်ဖြစ်ကြောင်း ပြကြပါတယ်။

ဘာသာရေးအတွက်ကိုတော့ ဂေါတမဗုဒ္ဓ၊ သို့မဟုတ် သူ့ရှေ့က ဗုဒ္ဓ တစ်ပါးပါး ဒီနိုင်ငံကို ကြွလာပြီး ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘယ်ခေတ်ကတည်းက စတင်ရောက်ရှိခဲ့တယ်လို့ ပြကြပါတယ်။
ဒီလိုပြတဲ့အခါမှာ နကိုယ် source နဲ့
၁. တိုက်ရိုက် ‘အနီးစပ်ဆုံး’ ဖြစ်အောင်
၂. ကိုယ်က စောနိုင်သမျှ ‘အစောဆုံး’ ဖြစ်အောင် ပြကြပါတယ်။
ဒါကြောင့်လည်း မွန်၊ ရခိုင် နဲ့ ဗမာ တွေမှာ ဘုရားကြွလာတဲ့ ဒဏ္ဍာရီ တွေ အများကြီး ရှိနေတာ ဖြစ်ပါတယ်။ ရှေးဗမာတွေက ဗုဒ္ဓ က လယ်ကိုင်းက စန္ဒကူးနံ့သာကျောင်း (ကျောင်းတော်ရာ) မှာ ကျောင်းထိုင်သွားတယ်၊ ရွှေစက်တော် မှာ ခြေရာချသွားတယ် စသည်ဖြင့် ယုံကြည်ခဲ့ကြပါတယ်။ လက်လွန်သွားတဲ့ တချို့ ကြံကြံဖန်ဖန် သမိုင်းတွေမှာ ဗုဒ္ဓ ရဲ့ ‘သလိပ်၊ အချင်း၊ ယောင်္ကျားအင်္ဂါ’ တွေကို ဌာပနာထားတည် ဆိုတာမျိုးတွေ အထိ ရှိခဲ့ပါတယ်။

ဘုရင် နဲ့ ပတ်သတ်တဲ့အခါမှာတော့ မင်းဆက် လိုက်ပြကြပါတယ်။
တချို့က တစ်ပေါင်းတည်း ဖြစ်အောင် ဗုဒ္ဓ က သကျသာကီ မျိုးဆက်ဖြစ်တယ်။ သကျသာကီ မျိုး ကိုယ်တိုင်က ‘အာဒိစ္စဝံသ နေမျိုးနွယ် မဟာသမ္မတမင်း’ က ဆင်းသက်တယ်။ ကိုယ့်ဘုရင်မင်းဆက် ကလည်း သကျသာကီ မျိုး ဖြစ်တယ်။ ဒါကြောင့် ဒီမင်းဆက်က မဟာသမ္မတမင်း အဆက်ဖြစ်လို့ လူတွေကို အုပ်ချုပ် မင်းလုပ်ပိုင်ခွင့် ရှေးကတည်းက ရှိတယ်၊ ဗုဒ္ဓ နဲ့ အမျိုးအရင်းဖြစ်လို့ ဗုဒ္ဓဘာသာ ကိုလည်း ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ် ဆိုပြီး ဆက်စပ်ကြပါတယ်။
မဟာသမ္မတမင်း နဲ့ သကျသာကီ အဆက်ကတော့ ဥက္ကာကရာဇ် မင်း ဖြစ်ပါတယ်။ သူရဲ့ သားတော်၊ သမီးတော် တွေကနေ သကျမျိုးရိုး စတင်ခဲ့တယ် လို့ ဆိုကြပါတယ်။

ရှေးမြန်မာရာဇဝင်တွေမှာ မြန်မာတွေဟာ
၁. သိကြားမင်း ရဲ့ မြေး၊ နေနတ်မင်း ရဲ့ သား ပျူစောထီး က ဆင်းသက်လို့ ‘နေမျိုးနွယ်’ ဖြစ်တယ်။
၂. သကျသာကီဝင် အဘိရာဇာ၊ ဓဇရာဇာ တို့ကနေ ဆင်းသက်လာလို့ ‘သကျသာကီဝင်’ ဖြစ်တယ် လို့ ပြကြပါတယ်။

ရခိုင် နဲ့ မြန်မာ သမိုင်း အဆက်အစပ်တွေကို လေ့လာနေတဲ့ Michael Charney က ဒီကိစ္စနဲ့ ပတ်သတ်ပြီး ၊
၁. အဘိရာဇာ ဇာတ်လမ်းကို ဗမာတွေက ရခိုင်တွေဆီက ကူးယူခဲ့တယ်
၂. ပျူစောထီး ဇာတ်လမ်းက ပြည်တွင်းဖြစ်၊ မြန်မာ့သမိုင်း ဖြစ်ပြီး နိင်ငံတကာ၊ ကမ္ဘာ့သမိုင်း နဲ့ ချိတ်ဆက်လို့ မရဘူး ( သူတို့ခေတ်က ကမ္ဘာ့သမိုင်း ဆိုတာ ဗုဒ္ဓဘာသာသမိုင်း သာ ဖြစ်တယ်)။ ဒါကြောင့် ဘိုးတော်ဘုရားလက်ထက်မှာ ပျူစောထီး ကနေ အဘိရာဇာ ဇာတ်လမ်းကို ကူးပြောင်းခဲ့တယ်။
၃. ဒါပေမယ့် အဘိရာဇာ ဇာတ်လမ်းမှာ ရခိုင်က ဗမာထက် ပို ရှေးကျ၊ ပိုဦး နေလို့ နောက်ပိုင်းမှာ ဓဇရာဇာ ဇာတ်လမ်းကို ဗမာပိုင် တီထွင် အသုံးပြုခဲ့တယ် လို့ ဆိုပါတယ်။

ခေတ်အစဉ်လိုက် ကြည့်မယ်ဆိုရင်

(၁) ၁၄၅၅ ရေး၊ ရခိုင်မင်းသမီး ဧချင်း မှာ အစောဆုံး ‘ကံရာဇာကြီး’ အကြောင်း ကို တွေ့ရပါတယ် ( fig 01 ကြည့်ပါ )။
ကံရာဇာလျှင်၊ ပဉ္စနာရီ နတ်ဒေဝီနှင့်၊ တိမ်ဆီမိုးဆောင်၊ တောင်ကျောက်ပန်းတောင်း၊ နတ်တန်ဆောင်း၌၊ ပွဲကေင်းရင်ဘွဲ့၊ ထောင်ထားခဲ့သည်၊ နှစ်ဆယ့်လေးနှစ်၊ ကြူတည့်လေ။

(၂) နောက် ‘နှစ် ၁၅၀ အကြာ၊ ၁၆၀၈ မှာ’ ကိုယ်ရံကြီး မဟာဇေယျသိင်္ခ စတင်ရေးသားပြီး၊ ‘နှစ် ၃၂၀ အကြာ၊ ၁၇၇၅ မှာ’ အမည်မသိ စာရေးတဦး စုစည်းကူးယူခဲ့တဲ့ ‘ရခိုင်ရာဇဝင်’ ပေမူမှာတော့ ( fig 02 ကြည့်ပါ )အောက်ပါအတိုင်း တိုးချဲ့လာပါတယ်။
( ဒီပေမူကို ဆရာဦးဖေမောင်တင် ညွှန်းဆိုခဲ့ပြီး ၊ လက်ရှိ ရန်ကုန်၊ အမျိုးသားစာကြည့်တိုက်မှာ ရှိပါတယ် )။
အဘိရာဇာမင်း − ကပိလဝတ်၊ မောရင်္ဂ၊ သင်းတွဲ၊ ပုဂံ၊ တကောင်း မြို့များတည်ထောင်ခဲ့။ သား နှစ်ယောက်ရ။
ကံရာဇာကြီး(သားအကြီး) က တကောင်း(၃ နှစ်) စံပြီး ကံရာဇာငယ်(သားအငယ်) ကိုပေးခဲ့။
ကံရာဇာကြီး(သားအကြီး) က ကလေးရာဇဂြိုဟ် တည်၊ ၁၆ နှစ် စိုးစံ ၊ ကျောက်ပန်းတောင်းမြို့တည် ၂၄ နှစ် စိုးစံ၊ ရှေးမြို့ ဓညဝတီ ပြန်တည်ထောင်ခဲ့။
မာရာယု မျိုး၊ မိဖုရားကြီး ရှင်စောစစ် ( နီလာကျောက်ပန်းတောင်း မြို့မှာနေ) ၏ (သမီး) သုနန္ဒာ ကို မိဖုရားခေါင် ၊ (သမီး) ဖွားတော်သည် ကို ဖိဖုရားလတ် မြှောက်။
ဂန္ဓာလရာဇ်မင်း မောရင် ၏ (သမီး) စောပဉ္စာနရီ ကို မြောက်နန်းမိဖုရား မြှောက်။
သုနန္ဒာ မိဖုရားခေါင် မှာ (သား) သီလရာဇာ မွေး။
ဖွားတော်သည် ဖိဖုရားလတ် မှာ (သမီး) ကိန္နရာ၊ ပဉ္စ မွေး။
စောပဉ္စာနရီ မြောက်နန်းမိဖုရား မှာ (သား) ဇမ္ဗူဒိပ် မွေး။
သီလရာဇာ နဲ့ ကိန္နရာ လက်ဆက်ပြီး ဓညဝတီ (ရခိုင်ပြည်) ကို အုပ်ချုပ်။
ဇမ္ဗူဒိပ် နဲ့ ပဉ္စ လက်ဆက်ပြီး ( ကံရာဇာငယ် ကွယ်လွန်သောအခါ ) တကောင်း (ဗမာပြည်) ကို အုပ်ချုပ်။

(၃) မြန်မာဘက် မကူးခင် ရခိုင်ရာဇဝင် ၃ စောင်
(၃.၁). စည်သူဂါမဏိသင်္ကြန် ၏ ရခိုင်ရာဇဝင် ၁၇၆၂ ( မန္တလေး ဘုရင့်စာကြည့်တိုက်မှ ပြန်ကူးလာ )
(၃.၂). Calcutta မူ ရခိုင်ရာဇဝင် ၁၇၉၁
(၃.၃). ဆရာငမည်း ၏ ရခိုင်ရာဇဝင် ၁၈၂၆ ( ဆရာငမည်းက ကိုယ်တိုင်စုဆောင်း ရေးသားတာမဟုတ်ပဲ ရှေးက ရှိပြီး ပေမူ ကို ကူးယူပြီး Phayre ကို ပေးခဲ့တာလို့ ဆိုပါတယ် )

(ဒီ ပေမူ ၃ ခု စလုံးက ကူးယူတဲ့ ‘ဘုံ၊ မူရင်း’ ပေစာ က ၁၇၈၅ ဘိုးတော်ဘုရား ရခိုင်ကို သိမ်းရာမှာ ဗမာဘက်ကို ပါသွားတယ်လို့ သူ ခန့်မှန်းပါတယ်။ ဒီ ပေမူ ၃ ခု စလုံးမှာ ‘ဤ၊သည် မရွေး’ တူတဲ့ အောက်ပါ အဘိရာဇာ ဇာတ်လမ်း ပါရှိတယ်လို့ ဆိုပါတယ်။)

အဘိရာဇာ မင်း သင်းတွဲ (တကောင်း၊ ပဉ္ဖာလ) မှာ မင်းပြု။ သားနှစ်ယောက်ရှိ။
ကံရာဇာငယ်(သားအငယ်)− ကောင်းမှုလုပ်ကြ၊ အလှူမဏ္ဍပ်ဆောက် ပြိုင်ပွဲ အနိုင်ရ၊ တကောင်း မှာ စိုးစံ။
ကံရာဇာကြီး(သားအကြီး)− ကောင်းမှုလုပ်ကြ၊ အလှူမဏ္ဍပ်ဆောက် ပြိုင်ပွဲ ရှူံး၊ ဂန္ဓာလရာဇ်နတ်မင်း၏ သမီး စောပဉ္စာနရီ နှင့် မီး၏အဖျား၊ ကျောက်ပန်းတောင်း တောင်ကြီးဝယ် မြို့တည် ၂၄ နှစ်စံ၊ စောစစ်မိဖုရား ယောက်ခမ အရာထားပြီး၊ သူမ ၏ သမီးတော် ၂ ကို မိဖုရားမြှောက်။
မင်းကြီး သင်းတုတ်လျသီရိပုဒ်တဝယ်မြို့ ကြီးစွာတည်
ဓညဝတီမြို့ဟောင်း ပြန်တည်၊ ၁၃ နှစ်စံ။

(၄) ရှင်စန္ဒလင်္ကာ ရေး မဏိရတနာပုံကျမ်း ၁၇၈၁ ရေး ၊ ဗမာဘက် ပထမ ဆုံး အဘိရာဇာ ဇာတ်လမ်းပါရှိ ( fig.04,05 ကြည့် )။
(ဝန်ဇင်းမင်းရာဇာ(ဘိုးရာဇာ) မှ ဘုရင်မင်းခေါင် (၁၄၀၁-၁၄၂၂) ကို ဟောကြားသင်ပြတဲ့ ပုံပြင်များ ပါရှိပါတယ်။ ဝန်ဇင်းမင်းရာဇာ နောက် နှစ် ၁၀၀ လောက်က တပင်ရွှေထီး (၁၅၃၁-၁၅၅၀) အရက်သောက်တဲ့အကြောင်းတွေပါ ပါ )

ဘုရားပွင့်ပြီး ၅ နှစ် − သာကိယမင်း၊ မဇ္ဈိမဒေသ မှ လာပြီး ဗမာပြည်မှာ ‘သင်းတွဲ၊ သံသယ၊ တကောင်း’ မြို့တည်ထောင်၊ သတိုးမဟာဇမ္ဗူဒီပ’ဓဇရာဇာ’ ဘွဲ့ခံ။ ( ဓဇရာဇာ ပါလာတာ သတိပြုပါ ၊ အထက် မဟာဇေယျသိင်္ခ ရာဇဝင် ပါ ဘုရင် ဇမ္ဗူဒိပ် နံမည် ကူးချ တယ်လို့ ယူဆ)
ကံရာဇာကြီး က တကောင်းကို ကံရာဇာငယ် ကိုပေး၊ သူကိုယ်တိုင် က ဓညဝတီ မြို့ကြီးတည်ထောင် စိုးစံ။
တကောင်းသတိုး သာကိယမင်းမျိုး အနွယ်အဆက် မဟာသမ္ဘဝ၊ စူဠာသမ္ဘဝ ရသေ့မြို့မည်သော သိရိခေတ္တရာပြည်တွင် မင်းဖြစ်။ သားတော် ဒွတ္တပေါင် ဆက်ခံ။
သိကြားမင်းမြေး၊ နေနတ်မင်း သားတော် ပြူမင်းထီး ပုဂံစိုးစံ။

(၅) မှန်နန်း (၁၈၂၉ ရေး၊ လက်ရှိ အပြည့်စုံဆုံး အဘိရာဇာ ဇာတ်လမ်းပါရှိ၊ ဓဇရာဇာ ဇာတ်လမ်း အသစ်တိုးလာ၊ ပျူစောထီး ဇာတ်လမ်း ကို ပယ်ချ ) fig.06,07.08 ကြည့်ပါ။

−ဂေါတမဘုရားမပွင့်မီ
တကောင်းသည် ဘုရားဖြစ်တော်မမူမီ အနှစ်သုံးရာက စသတည်း။ ( ဇာတာတော်ပုံ )
ဒေဝဒဟ၊ ကပိလဝတ်၊ ကောလိယ ဆိုပြီး သကျသာကီ သုံးပြည်ထောင် ရှိ။
ကောသလတိုင်း၊ ပဉ္စလရာဇ်တိုင်း တို့ကို အစိုးရသော ပဉ္စလရာဇ်မင်း ကောလိယ မင်း ကို သမီးတောင်း။
သကျသာကီ သုံးပြည်ထောင် ပျက်စီး -> ကပိလဝတ် မှ အဘိရာဇာမင်း အိန္ဒိယ မှ မြန်မာပြည်ပြောင်းလာပြီး ၊ သင်္ကဿရဋ္ဌ၊ သင်္ဂဿရဋ္ဌ မည်သော တကောင်းပြည် တည်ထောင်စိုးစံ။
သားတော် ကံရာဇာကြီး၊ ကံရာဇာငယ် ကုသိုလ်စစ်ထိုး အလှူမဏ္ဍပ်ဆောက်။
ကံရာဇာကြီး − ဧရာဝတီ စုန်၊ သလ္လာဝတီ ဆန်၊ ကလေးတောင်ညို ရာဇဂြိုဟ် သမုတ် ဗိုလ်ဝင်ခံ။
သားတော် မုဒုစိတ္တ − သုနာပရန်၊ ပျူ၊ ကမ်းယံ၊ သက် မင်းပြု ( သုနာပရန္တတိုင်း )
ကံရာဇာကြီး
− ကစ္ဆပနဒီ အရှေ့ ကျောက်ပန်တောင်းမြို့ တည် ၂၄ နှစ် စိုးစံ။
− ရှေး မာလာယုမင်း တည်ထောင်ရင်း ဓညဝတီမြို့ မှ ထီးနန်းတည်ထောင် −> သကျသာကီ ရခိုင်မင်းဆက်ဖြစ်သွား။

ကံရာဇာငယ် မှ စ၍ သင်္ကဿရဋ္ဌ၊ သင်္ဂဿရဋ္ဌ၊ တကောင်း မှာ မင်း ၃၃ ဆက် ရှိခဲ့။
၃၃ ဆက်မြောက်မင်း ဘိန္နကရာဇာ လက်ထက် ဂန္ဓာလတိုင်း စိန့်ပြည် တရုတ်တရက် ဝင်တိုက် တကောင်းပျက် ၊ မလည်ချောင် ကို ပြောင်း၊ ၃ စု ကွဲ

၁. အရှေ့ ရှမ်း ၁၉ ခရိုင် − ဘိန္နကရာဇာ မင်းမျိုး
၂. ပျူ၊ ကမ်းယံ အရပ်၊ ‘မုဒုစိတ္တ’ တို့နေရာ သုနာပရန္တတိုင်း
၃. မိဖုရားကြီး နာဂသိန် နဲ့အတူဆက်နေ ( မလည် )

−ဂေါတမဘုရားပွင့်ပြီး
သာဝတ္ထိပြည် ပသေနဒီကောသလမင်း က ကပိလဝတ် ပြည် မဟာနာမမင်း ကို သမီးတောင်း
ကျွန်မ သမီး ဝါသဘခတ္ထိယ ကိုပေး။
ပသေနဒီကောသလမင်း + ကျွန်မ သမီး ဝါသဘခတ္ထိယ −> ဝိဋဋူပမင်း မွေး
မြတ်စွာဘုရား ၃ ကြိမ်တား ၊ သကျတိုင်း ပျက်စီး၊ ၃ စု ကျန်
၁. မြက် − တိဏ သာကီဝင်
၂. ကျူ − နလ သာကီဝင်
၃. မဟာနာမမင်း − ပကတိ သာကီဝင်
မောရိယ မြို့၊ ဝေဒိဿဂီရိ မြို့၊ ပဏ္ဍုရာဇ မြို့ တွေကို တိမ်းရှောင်သွားကြ။

** ဓဇရာဇာ မင်း **
မောရိယ မြို့ တည်ထောင်၊
သင်းတွဲ မြို့ တည်ထောင်၊
မလည် မှာ မိဖုရားကြီး နာဂသိန် နဲ့ စုံဖက် −> သားတော် ဝိရာဂ ဖွားမြင်။ အညာပုဂံ တည်ထောင်။
သင်္ဃဿရဋ္ဌ တကောင်း −> ပဉ္စလရာဇ်ပြည် သမုတ် − ပဉ္စလရာဇ်တကောင်း ဟု အမည်တွင်။
သတိုးဇမ္ဗူဒီပဓဇရာဇာ ဘွဲ့ခံ-> ကုန်းဘောင်မင်းဆက်

တကောင်းမင်း သားတော် မဟာသမ္ဘဝ၊ စူဠာသမ္ဘဝ ဖွားမြင်။
မဟာသမ္ဘဝ မင်းဖြစ်၊ အနိစ္စရောက်။
စူဠာသမ္ဘဝ မင်းဖြစ်၊ အနိစ္စရောက်။
သူမြတ် ၇ ယောက် သရေခေတ္တရာ ရွှေမြို့တော်တည်။ ဒွတ္တပေါင် မင်းဖြစ်။

−ရခိုင်ရာဇဝင် တွေထဲက အဘိရာဇာ ဇာတ်လမ်းမှာ ရခိုင်က ဗမာထက် ပို ရှေးကျ၊ ပိုဦး နေလို့ နောက်ပိုင်းမှာ အခုလို ‘ဓဇရာဇာ’ ဇာတ်လမ်းကို ဗမာပိုင် တီထွင် အသုံးပြုခဲ့တာဖြစ်မယ် လို့ Charney က ယူဆပါတယ်။
−ပျူစောထီး ဇာတ်လမ်းက ပြည်တွင်းဖြစ်၊ မြန်မာ့သမိုင်း ဖြစ်ပြီး နိင်ငံတကာ၊ ကမ္ဘာ့သမိုင်း နဲ့ ချိတ်ဆက်လို့ မရဘူး ( သူတို့ခေတ်က ကမ္ဘာ့သမိုင်း ဆိုတာ ဗုဒ္ဓဘာသာသမိုင်း သာ ဖြစ်တယ်)။ ဒါကြောင့် ဘိုးတော်ဘုရားလက်ထက်မှာ ပျူစောထီး ကနေ အဘိရာဇာ ဇာတ်လမ်းကို ကူးပြောင်းခဲ့ပြီး ၊ ပျူစောထီး ဇာတ်လမ်းကို ကျမ်းဂန် နဲ့ မကိုက်ဘူး၊ ယုတ္တိမတန်ဘူး စသည်ဖြင့် ဝေဘန်လာတယ် လို့ ဆိုပါတယ်။ ( Fig.09,10 ကြည့် )

ဒါပေမည့် ပြောင်းကာစ မှာ ချက်ခြင်း လက်မခံကြပဲ၊ နကိုယ်ပျူစောထီး ဇာတ်လမ်းကိုပဲ ဆက်လက်သုံးစွဲခဲ့ကြတယ် လို့ ဆိုပါတယ်။
၁၇၈၃ ရွှေဘုံနိဒါန်း (Fig.11 ကြည့်)ရေးတဲ့ မြဝတီမင်းကြီး ဦးစ၊ ၁၇၉၈ ရေး မဟာရာဇဝင်သစ် နဲ့ အလောင်းဘုရားအရေးတော်ပုံ (fig.12 ကြည့်) ရေးတဲ့ တွင်းသင်းမင်းကြီး တို့က အလောင်းမင်းတရား ကို ပြူစောထီး နဲ့ပဲ ဆက်စပ်ခဲ့ကြပါတယ်။ ‘အဘိရာဇာ၊ ဓဇရာဇာ’ ဇာတ်လမ်းတွေကို ထည့်သွင်းဖေါ်ပြခဲ့ခြင်း မရှိခဲ့ပါ။ ၁၉၂၀ မှာ James G. Scott က အလောင်းဘုရား ကို ‘အဘိရာဇာ၊ ဓဇရာဇာ’ က ဆင်းသက်တယ်လို့ ရေးထားတဲ့ ပေမူတခု သူတွေ့ခဲ့တယ် ဆိုပေမည့် ကျမ်းအမည်ကို ဖေါ်မပြခဲ့ပါဘူး။

ရခိုင်ပြည်က အိန္ဒိယနဲ့ ပိုနီးစပ်တော့ မြောက်ဦးနန်းတော်မှာ အိန္ဒိယ နန်းတွင်းယာဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ကျင့်သုံးတယ်၊ သူတို့ သမိုင်းကိုလည်း အိန္ဒိယ၊ ဗုဒ္ဓဘာသာ သမိုင်းတွေနဲ့ ဆက်စပ်ယူထားတာကို ဘိုးတော်ဘုရားက အားကျတယ်။ ဗမာ့နန်းတွင်း ဓလေ့ထုံးစံတွေ၊ ကုန်းဘောင်မင်းဆက် အစဥ်အလာ တွေကို မြှင့်တင်ဖို့ ကြိုးစားခဲ့တယ်။ ပါဠိ၊ သက္ကဋ ဘာသာနဲ့ ကျမ်းများကို ရာနဲ့ချီပြီး တင်သွင်းကာ ဘာသာပြန်စေတယ်၊ ရခိုင်ကို သိမ်းပြီးနောက်၊ ရခိုင်ဘုရင့်စာကြည့်တိုက် က ပေစာတွေကို ယူလာပြီး မဟာဓမ္မသင်္ကြန်ကို စစ်ဆေးစေတယ်၊ ရခိုင်ကို (ဓညဝတီအရေးတော်ပုံ ရေးသူ) ရခိုင်ဆရာတော် အပါအဝင် ပညာရှင်ရဟန်းတွေ စေလွှတ်ပြီး သမိုင်းစာပေ စသည်ဖြင့် စုဆောင်းစေတယ်၊ တင်သွင်းလာတဲ့ သက္ကဋ ကျမ်းများ နဲ့ မြောက်ဦးနန်းတော်က ခေါ်ဆောင်လာတဲ့ ဗြဟ္မဏပုဏ္ဏား တွေ အစီအစဉ်နဲ့ မုဒ္ဓာဘိသိက် ၂ ခါ ခံခဲ့တယ်။ မဏိရတနာပုံကျမ်း ထုတ်ဝေပြီး နောက် ၉ လ အကြာ၊ ၁၇၈၂ ခုနှစ် ဇွန်လ မှာ ရေးသားထုတ်ဝေခဲ့တဲ့ မနုကျယ်ဓမ္မသတ် ဒုတိယအကြိမ် ထဲက အချို့ အခန်းတွေကို ဘိုးတော်ဘုရား ကိုယ်တိုင်ရေးခဲ့တာ ဖြစ်နိုင်တယ်လို့ အခုခေတ် ယူဆကြတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ‘မြန်မာ့သမိုင်း ရဲ့ သမိုင်း’ ကို လေ့လာတာတွေကို ဆရာကြီး ဦးဖေမောင်တင် က စခဲ့ပုံရပါတယ်။ ဆရာကြီးက သူရဲ့ Glass Palace Chronicle နိဒါန်းမှာ မြန်မာသမိုင်းကျမ်းများအကြောင်း ရေးသားခဲ့ပြီး နကိုယ်က မှန်နန်းဘာသာပြန် အောက်ခြေမှာ တခြား မြန်မာသမိုင်းကျမ်း တွေနဲ့ ဘယ်နေရာမှာ ဘာကြောင့် ဘာတူတယ်၊ ဘာကွာတယ် မှတ်စုများ ထည့်သွင်းခဲ့ပြီး ၊ နောက်ပိုင်းမှာ အဲဒီခေတ်က သမိုင်းကျမ်းများ အားလုံးလိုလိုက ပေမူအတိုင်း ဖြစ်ပြီး၊ ပညာရှင် တဦး၊ တဖွဲ့က လေ့လာသုံးသပ် ဆုံးဖြတ်ပြီး edit လုပ်ထားတဲ့ မူတွေ မရှိသေးတော့ သူ့ အောက်ခြေမှတ်စုတွေ ကို အကုန် ပြန်ဖျက်ခဲ့တယ် လို့ ဆိုပါတယ်။ လူတကာထက် နှစ်တရာလောက် ရှေ့ရောက်နေတဲ့ ဆရာကြီး လို့ ထင်မြင်မိပါတယ်။ ဆရာကြီး နဲ့ အတူ ဒီဘာသာပြန်ကို ဆောင်ရွက်ခဲ့တဲ့ Luce ကလည်း ဒီ ‘အဘိရာဇာ၊ ဓဇရာဇာ’ ဇာတ်လမ်း ဟာ ရှေးမကျမှန်း သိလို့ ပယ်ချ ခဲ့တာကို ဒေါက်တာထင်အောင် က စိတ်ဆိုးခဲ့တယ်။ ဒါပေမည့် ဒေါက်တာထင်အောင် ပြောသလို ရှေးရာဇဝင်ကြီးတွေကို သံသယ ဝင်စရာမရှိဘူး ဆိုတာကတော့ သူကာကွယ်နေတဲ့ ရာဇဝင် တွေကို သူသေချာ မသုံးသပ်ခဲ့လို့ ဆိုပြီး Charney က ဝေဘန်ပါတယ်။

Ref:
Centralizing Historical Tradition in Precolonial Burma: The Abhiraja/Dhajaraja Myth in Early Kòn-baung Historical Texts By Michael W. Charney (School of Oriental and African Studies, London)
ကိုယ်သိချင်တာတွေ ဖတ်ရင်း စိတ်ဝင်စားစရာကောင်းမယ် ထင်တာကို မျှဝေပါတယ်။ အမှားတွေ့ရင် အများအတွက် ပြင်ပေးစေချင်ပါတယ်။

~ Myo Than


Fig 1
Fig 2
Fig 3
Fig 4
Fig 5
Fig 6
Fig 7
Fig 8
Fig 9
Fig 10
Fig 11
Fig 12


The Mog Nation Wiki

Leave a comment