ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)

(The Mog Nation Wiki, an archive)


ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)

(written by: Sai Kyaw Nyunt)

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် UPDJC အစည်းအဝေး၌ အောက်ဖော်ပြပါ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ချက်များဖြင့် ထပ်မံအတည်ပြုခဲ့ပါသည်။
(က) နိုင်ငံရေးဆွေးနွေးမှုမူဘောင်ဆိုင်ရာ
(ခ) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) လုပ်ငန်းလမ်းညွှန်
(ဂ) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအတွင်းရေးမှူးများ (UPDJC-S) လုပ်ငန်းလမ်းညွှန်
(ဃ) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်းညွှန်
(င) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေ) လုပ်ငန်းလမ်းညွှန်
(စ) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်
(ဆ) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP)
……………….
UPDJC ဖွဲ့စည်းခြင်း
……………….
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) လုပ်ငန်းလမ်းညွှန် ပုဒ်မ (၁) ဖွဲ့စည်းမှုတွင် “UPDJC ကို နိုင်ငံတော်အစိုးရဘက်မှ အစိုးရအဖွဲ့၊ လွှတ်တော်များနှင့် တပ်မတော်၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များ အချိုးတူ ပါဝင်စေကာ ဖွဲ့စည်း သွားမည်” ဟု ပြဋ္ဌာန်းထားသည်။
NLD အစိုးရ သက်တမ်းတစ်လျောက်တွင် “ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီများ” ဟူ၍ ပြင်ဆင် ခဲ့ကာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ အနိုင်မရရှိသော နိုင်ငံရေးပါတီများအား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မပါဝင်နိုင်ရန် ကန့်သတ်ခဲ့သည်။
နိုင်ငံတော်အစိုးရအစုအဖွဲ့မှ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ တို့ စုံညီပါဝင်သော အစည်းအဝေး ကျင်းပပြုလုပ်နိုင်မှသာလျှင် UPDJC ဖွဲ့စည်းမှုသည် အသက်ဝင်ပါမည်။
အစိုးရလည်း၊ လွှတ်တော်နှင့် တပ်မတော် တို့ဖြင့် ဖွဲ့စည်းရမည့် UPDJC အစိုးရအစုအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းသည်ကိုလည်း မကြားရသေးပါ။
UPDJC တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသည်ကိုလည်း မမြင်တွေ့ရသေးပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် NCA အပေါ် ရှုမြင်ပုံသည်လည်း ယနေ့ အချိန်အခါတွင် ကွဲပြားကြလျက်ရှိသည်။
…………………..
UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန် ဆောင်ရွက်ခြင်း
…………………..
သို့ပါ၍ ယခု နိုင်ငံရေးပါတီများက UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း၊ ပြင်ဆင်ဖွဲ့စည်းရန် ကြိုးပမ်းနေခြင်းတို့သည် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ UPDJC လုပ်ငန်းလမ်းညွှန်တို့နှင့် ကိုက်ညီမှု ရှိမရှိ စောကျောရန် လိုအပ်ပါသည်။
ရွေးကောက်ပွဲတွင် အနိုင်မရသည့် နိုင်ငံရေးပါတီများပါဝင်သော UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့အား ဖွဲ့စည်းခြင်းသည် လုပ်ငန်းလမ်းညွှန်များနှင့် ကိုက်ညီမှုရှိမရှိ သုံးသပ်ရန် လိုအပ်ပါသည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များနှင့် ကိုက်ညီမှု ရှိမရှိ သုံးသပ်ရန် လိုအပ်ပါသည်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြဋ္ဌာန်းချက် ပုဒ်မ (၃၃) တွင် “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွင် ပါရှိသည့် အချက်အလက်များအနက် ပြင်ဆင်ရန် လိုအပ်သောအချက်များကို UPDJC တွင် ဆွေးနွေးပြင်ဆင် ဖြည့်စွက် အတည်ပြုပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံတွင် ထပ်မံအတည်ပြုနိုင်သည်။ ထိုပြင်ဆင် ဖြည့်စွက် ချက်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါရှိ သည့် သဘောတူညီချက်များနှင့် ဆန့်ကျင်ခြင်းမရှိစေရ” ဟု ပြဋ္ဌာန်းထားသဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ UPDJC လုပ်ငန်းလမ်းညွှန်တို့ကို ပြင်ဆင်မည် ဆိုပါက ပြင်ဆင်နိုင်ခွင့်ကို UPDJC အား လုပ်ပိုင်ခွင့် ပေးထားသဖြင့် အဆိုပါ မူဘောင်၊ လုပ်ငန်းလမ်းညွှန်တို့ကိုလည်း ပြင်ဆင်နိုင်မည် မဟုတ်ပေ။
သမ္မတ ဦးထင်ကျော်၏ အမိန်ဖြင့် နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ခဲ့သည့် UPDJC ဖွဲ့စည်းမှုကိုလည်း တရားဝင် ပယ်ဖျက်ထားခြင်း မရှိသေးပေ။ ဤသို့ဆိုလျှင် မည်သည့် UPDJC သည် ယနေ့အချိန်အထိ အသက်ဝင် နေသည်ဆိုသည်မှုလား မေးခွန်းတစ်ခုပင် ဖြစ်ပေတော့သည်။
နောက်ဆုံးအနေဖြင့် ပြောရပါလျှင် NCA ကို လက်မှတ်ထိုးခဲ့ကြသည့် အဖွဲ့အစည်းများသည်ပင် ယနေ့အချိန် အခါတွင် NCA ကို ဆက်လက်၍ ကိုင်စွဲထားခြင်းရှိမရှိ၊ NCA လမ်းကြောင်းအတိုင်း ဆက်သွားမသွား ဆိုသည်က ပိုမို အဓိက ကျသော မေးခွန်းပင် ဖြစ်ပေတော့သည်။
………….
ဥပဒေများ၊ မူဘောင်များ ဆိုသည်မှာ
လိုက်နာ ကျင့်သုံးရန် မဟုတ်
ချိုးဖောက်ရန်အတွက် ရေးဆွဲထားသည်ဟု ဆိုပါလျှင်
စာရေးသူအဖို့ အငြင်းအခုန်
ပြုလုပ်သွားမည် မဟုတ်ပါ။
…………..

Sai Kyaw Nyunt

26th April 2022



The Mog Nation Wiki

Leave a comment