(The Mog Nation Wiki, an archive)
” အသူကရေ လှပါရေ ” [ စ – ဆုံး ]
(written by: သန်းတင့်)
ရုပ်ရှင်တို့ ဂီတတို့ တဆင့်နှစ်ဆင့်မျှ နိမ့်ကျနေရတဲ့ ကျွန်တော်တို့ခေတ်မှာ ကဗျာရယ် ပန်းချီရယ်လိုမျိုးတွေ ပေမှီတန်းမှီ အားကောင်းနေတာ ဖတ်ရ ကြည့်ရတော့ ပရိတ်သတ်တယောက်အနေနဲ့ ကြည်နူးမိတယ် ဒါကလည်း ကိုယ့်ပုဂ္ဂလိက အတွေးမို့ ငြင်းချင်သူတွေ ငြင်းခုံနိုင်ပါတယ် ဒီဖြစ်စဉ်ကြီးထဲမယ် ထူးထူးခြားခြားသတိထားမိတာက ရခိုင်သီချင်းတွေအကြောင်းပါ ရခိုင်ဘာသာစကားနဲ့ သီဆိုထားတဲ့ ရခိုင်သီချင်းတွေဟာ ဘယ်တော့မှအောက်တန်းနောက်တန်း မကျပဲ တင့်တယ်စွာ အားကောင်းမောင်းသန်ချီတက်ခဲ့ ချီတက်နေဆဲ ဆိုတာ သူတို့အဝန်းအဝိုင်းကလွဲရင် သိသူတွေအတော်ရှားတယ် ကျွန်တော် ကိုစောငြိမ်း တို့ ခင်ဝမ်းတို့ ခင်မောင်တိုးတို့ ခိုင်ထူး စိုင်းထီးဆိုင်တို့ကို ကြွေခဲ့ရသလို ရခိုင်အဆိုတော်တွေဆိုတဲ့သီချင်းတွေမှာ နှစ်တွေကြာတာတောင်ခုထိ ကြွေကျနေရတုန်းပါပဲ
ဆရာမြင့်မိုးအောင်တို့ ပြဿနာရှင်းလိုက်ပြီး ချမ်းချမ်း ဆိုထားတဲ့ ဗုဒ္စ့ပူဇာတေး ဟာရခိုင်မှာနှစ်တွေအကြာကြီးထင်ရှားခဲ့တဲ့ ကျွန်တော်အကြိုက်သီချင်းတပုဒ်ပါ ဒီလိုပဲ ရခိုင်အစီအစဉ်တွေ အခမ်းအနားတွေမှာ ဖွင့်လေ့ဖွင့်ထရှိတဲ့တီးလုံးတခု ကြားဘူးကြမှာပါ စာသားက
” အသူကရေ လှပါရေ ဘုချေကလို့ သျှင်ဒိုင်းလှပါရေ “
ဆိုတာလေ ရခိုင်တွေပြောတဲ့ သျှင်ဒိုင်း က တယ်ဆိုတာ ကျွန်တော်တို့ ဗမာတွေမှာ ချိုမိုင်မိုင် က တာကို ခေါ်တာပါ ကျွန်တော်အလွန်ကြိုက်မိပါရဲ့ သားသမီးရှိလာတဲ့ အရွယ်တွေမှာ နားထောင်ရင်းကြက်သီးဖျန်းဖျန်းထစေ လောက်အောင်ပဲ အဲဒီသီချင်းက ကျွန်တော့ကိုစွဲဆောင်နေတတ်ပြန်ပါတယ် ဗမာလိုပြောရရင် ” ဘယ်သူကလို့ ဘယ်လောက်လှမှာမို့လို့လဲ ငါ့သမီးလေး ချိုမိုင်မိုင် ကတာအလှဆုံးပဲကွယ် ” တဲ့ တကယ့်ပညာရှင် လေပါတီ တို့ ရွှေခြေကျင်းမငွေမြိုင်တို့ ကကြစမ်းပါစေ ခုကနေတဲ့ သမီးနို့စို့အရွယ်လေးရဲ့ ချိုမိုင်မိုင်ကနေပုံသာ အလှဆုံးပဲလို့ပြောချင်တာပါ ကဲကျွန်တော်တို့ မိဘတွေကို သတိယလိုက်ရအောင် ကျွန်တော်တို့သားသမီးတွေကို ချစ်လိုက်ကြရအောင် ဒီသီချင်းကဖြစ်စေချင်တဲ့ စေတနာပဲ မဟုတ်လား ၊ နောက်အရှည်ကြီးရှိပါသေးတယ် ၊ အဲဒီသံစဉ်အတိုင်းပဲ “လက်ခုပ် လက်ခုပ် ရွှေလက်ခုပ် အသူတီးတဲ့ရွှေလက်ခုပ် ဘုချေတီးတဲ့ရွှေလက်ခုပ် . . . ” စသဖြင့်ပေါ့လေ ဘယ်တူရိယာ စောင်းအိုးတွေ ညှင်းကြစမ်းပါစေ ငါ့သားလေးတီးတဲ့ လက်ခုပ်သံသည် အသာယာဆုံးလို့ဆက်ဆိုပြန်လိုက်ပါသေးတယ် ခင်ဗျားတို့တော့မသိ ကျွန်တော်တော့ အင်မတန်မြတ်နိုးမိတဲ့ သီချင်းတွေပါ
စကားစပ်ရရင် ဒီလိုမျိုး ကဗျာတပုဒ် နှစ်တော်တော်ကြာကြာက ဖတ်ခဲ့ရဘူးပါတယ် ဆရာကြီး ဗမော်ညိုနွဲ့ ရဲ့ ကဗျာပါ
“မြေးလေးရေးချယ်၊ ဆေးသွယ်တဲ့ပန်းချီကနုတ် ၊ စုတ်ချက်မပီပြင်လည်း ၊ အဘရင်ခန်းကြာသိုက်မှာ ၊ နန်းသူရွှေရုပ်” တဲ့ သူ့မြေးခဲတံတောင် မနိုင့်တနိုင်နဲ့ လူရုပ်ဆိုပြီးဆွဲထားတဲ့ ဖင်ရှူးခေါင်းကြီးပုံကို သူရင်ထဲဝင်ကြည့်စမ်းပါတဲ့ နန်းတွင်းပျိုဖြူ လှရက်သူလေးတွေအတိုင်းသာပဲ တဲ့လေ ကျွန်တော်တို့ အဖိုးအဖွားတွေကိုပါ ဆက်ဆက်ပြီးလွမ်းလိုက်ကြရအောင်ပါ ၊
သံချပ်ဆိုတာ ခု ရက်ပါ များပြောတဲ့ အော်တာနေးတစ်ခေါ်လို့ရမယ့် အနွဲ့အတိမ်းတွေ လို့ထင်ချင်စရာပါပဲ ၊ ခုန ကပြောတဲ့ ခလေးလေး သျှင်ဒိုင်း ( ချိုမိုင်မိုင် ) က ရာကနေကြီးလာပြီး လက်ခုပ်တီးတဲ့ အရွယ်ရောက်လာ ကဲဒီထက်နည်းနည်းကြီးလို့ တောက်တောက် တောက်တောက်နဲ့ ပြေးလွှားတတ်တဲ့ အရွယ်ရောက်လာတော့ မိဘတွေက သံချပ်သီချင်းလေးတွေနဲ့ ခလေးကိုသင်ပြ ဆုံးမကြရတယ် အဲဒီအရွယ်က တကူးကူး ဆိုပြီး မိဘ ခြေထောက်ပေါ်တက်ပြီးစီးရင် မိဘတွေက လွှဲဆော့ပေးရတဲ့အရွယ်ပေါ့လေ ရခိုင်မှာတော့ တကူကူ ကူတောင်ပေါက် လို့တချို့ဆိုသံကြားမိလို့ မေးကြည့်ဘူးတယ် ကျွန်တော်တို့မှာလို တကူကူး ကူး မဟုတ်ဘူးလားဆိုတော့ ရသေ့တောင် ကိုသွားတဲ့လမ်းမှာ ဘုရားခြေတော်ရာရှိတဲ့ ဂူတောင်အပေါက်ရှိတဲ့နေရာကို ညွှန်းတာလို့ပြောပြကြတယ် ဘာရည်ရွယ်မှန်းတော့ လေ့လာလို့မရခဲ့ဘူး တခုခုချစ်စရာသမိုင်းလေးတွေရှိနိုင်သေးတာ သိချင်မိသေးတော့တယ်
ဒီမှာချစ်စရာကောင်းတဲ့ အကြောင်းက တကူကူး စီးနေတဲ့ခလေးကို သူ့အမေဆိုပြနေတဲ့ သံချပ်သီချင်းပါပဲ ရှေးသီချင်းဆိုပေမဲ့ ဘယ်တော့မှမရိုးနိုင်တဲ့မေတ္တာ စမ်းတရိုးစီးပုံလေး ပြောပြစရာရှိလို့ပါ ခလေးလွှဲနေရင်း” ထင်းပေါက်ရာကို မလားလေကေ့ ပေါက်ဆိန်ကျွတ်လို့ သေတတ်တယ် ၊ ထမင်းအိုးတည်ရာ မလားလေကေ့ ထမိန်ရေပူလောင်လို့သေတတ်တယ် ၊ ရေခပ်ရာကိုမလားလေကေ့ ကန်မှာ ကျလို့သေတတ်တယ် ” စသဖြင့် မလားလေကေ့ ဆိုတာ ဗမာလို မသွားနဲ့နှော်လိုပြောတာပါ ခလေးတယောက်မသွားသင့်တဲ့ အန္တရာယ်ရှိ ကိစ္စတွေကို သံချပ်လေးနဲ့သင်နေပြေနေ ပုံ ဟာ ဘယ်သူဆွဲလို့ ဒီပန်းချီထက်လှနိုင်ဦးမှာတဲ့လည်း ၊ ကျွန်တော်ဒီ သီချင်းတွေ ကိုကြိုက်ခဲ့မိတာ လွန်တာပေါ့ လို့ပြောကြဦးမှာလား ၊ ကျွန်တော့သား တကူကူးစီးတဲ့အရွယ်ရောက်တော့ သူ့ကို အဲဒါတွေ သင်ပေးဖြစ်ပါတယ် ၊ ကျွန်တော်က သူများထက်နည်းနည်း ပိုတတ် သာတတ်သူမို့ သားကို ကဗျာစပ်တတ်အောင် ပါဆက်သင်ပေးနေမိတယ် ၊ နောက်ပိုင်း သားဟာ တကူးကူး သံချပ်ကိုအတော်ကျွမ်းကျင်လာတာ ဆိုရင်းရွတ်ရင်း ပျော်စရာပါ ကျွန်တော်က ကားလမ်းမကိုမထွက်လေနဲ့ လို့ ဆိုလိုက်ရင် သားက ကားတိုက်လို့သေတတ်တယ် ၊ ကျွန်တော်က မီးခလုတ်နားကို မသွားလေနဲ့ ဆိုရင်သားက ဓာတ်လိုက်လို့သေတတ်တယ် ကျွန်တော်က အန္တရာယ်တခု သူ့ကိုဆိုပြရင် သူ့အတွေးနဲ့သူ သုံးနှစ်ကျော်ခလေး ပြန်ဆိုပြတာကြားရတိုင်း ရခိုင်သီချင်လေးတွေကို ကျေးဇူးတင်နေမိတယ် ၊
ပြောလက်စနဲ့ ပြုံးစရာလေးတခု အဲဒီ့ တကူးကူးသံချပ်သီချင်း လေးတွေမှာပါတာကိုပြောပြပါဦးမယ်၊နောက်ဆုံးပိုဒ်မှာ ” ခဖျာလက်စွပ် အိမ်အောက်မှာ ၊ ထမင်းချိုးက ခေါင်မိုးမှာ ၊ စားဖို့အခါငါ့အိမ်မှာ လုပ်ရေအခါ ယောက္ခမအိမ်မှာ ” တဲ့ ၊ ပြောချင်တာက တန်ဖိုးရှိတဲ့လက်စွပ်ကို အိမ်အောက်မှာထားပြီး ဘာတန်းဖိုးမှမရှိတဲ့ ထမင်းချိုးကြတော့ ခေါင်မိုးပေါ်တင်ထားတယ် တဲ့ ၊
ကြီးလို့မိန်းမရရင် စားတော့အမေ့အိမ်မှာ လာစားပြီး အလုပ်လုပ်ရင်တော့ ယောက္ခမ အိမ်မှာသွားလုပ်ပေးမယ် မဟုတ်လား လို့ သားလုပ်သူကို မြှူနေတာပါ ၊ သားမွေးထားသူတွေ ငေါ့စရာ ထေ့စရာ မှတ်ထားရပေမပေါ့၊ သီချင်းတွေပါ ကျွန်တော့ကို သဲသဲလှုပ်မျှ မိန်းမူးစေလောက်ခဲ့တဲ့ သီချင်းတွေပါ ၊ နောက်ရက်တွေအချိန်ရရင် ဒီလိုပဲ ဆက်ပြီး ကိုသန်းမောင်တို့ ကိုဝင်းကိုခိုင်တို့ ကိုသိန်းထိုက်ဇော်တို့ နဲ့ ဆုံဖြစ်ခဲ့တာတွေ လူငြိမ်းခိုင် ကိုဖြူလုံး တို့နဲ့ ပတ်သက်မိတာတွေ ကြိုက်မိ ကြွေမိတဲ့ရခိုင်သီချင်းတွေအကြောင်းရေးပါဦးမယ် ။ ။
” အသူကရေ လှပါရေ ” ဒုတိယပိုင်း
( သန်းတင့် )
ရခိုင် မိုနိုသီချင်းတွေကိုနားထောင်ဖြစ်တော့ အခင်ထွန်း ရေးပြီး ဦးမောင်သိန်း ဆိုတဲ့သီချင်းတော်တော်များများ ကြိုက်မိတယ် ၊ ကျွန်တော် ကမ်းထောင်းကြီးမှာ အဝယ်ဒိုင်ဖွင့်ထားချိန် တေးရေးအခင်ထွန်းကလည်း အဲဒီမှာ သစ်တောအရာရှိဘဝနဲ့ တာဝန်ကျနေချိန်ပါ ၊ ရင်ဘတ်တူသူခြင်းမို့ ရင်းနှီးဖြစ်ကြရင်း နောက်ပိုင်း တယောတလက်နဲ့ ကျွန်တော့ဒိုင်မှာပဲ လာလာနေတတ်ပါတယ် ၊ ဒိုင်ဖွင့်ထားတဲ့နေရာကလည်း ချောင်းကမ်းစပ် လူသူလေးပါးရှင်းတော့ သူကြိုက်ပုံရတယ် ၊ အဲဒီအချိန် သူ့သီချင်း ” အလွမ်းသင်ဆရာမ ” တို့ ဦးမောင်သန်းရေးတဲ့” ပန်းဝေဒနာ ” တို့ အလွန်အောင်မြင်နေချိန်ပေါ့ ၊ ပန်းပွင့်ကြောင့် ဝါးခြမ်းကိုခေါင်းမှာတင်ရတယ် လို့ ရှာရှာ ကြံကြံ ရေးလည်းရေးတတ်သူပါ ၊ ပြောချင်တာက ပန်းပွင့်အရိုးတံပြုတ်ထွက်သွားတော့ ဝါးခြမ်းသေးသေးလေးနဲ့ ညှပ်ပြီးခေါင်းမှာပန်ရတယ်တဲ့ ၊ ဝါးခြမ်းကို မနှစ်မြို့ပေမဲ့ ပန်းမျက်နှာကြောင့် ခေါင်းပေါ်တင်ကြရတဲ့ အဖြစ်တွေကို ပြောတာပါ ၊ ထိထိမိမိရှိလွန်းပါရဲ့ ၊
ရခိုင်စတီဒီယို သီချင်းတွေအကြောင်းပြောမယ်ဆိုရင်တော့ ” လှိုင်းလုံးချေ ” စီရီးကို အစောဆုံး အနေနဲ့ သတ်မှတ်ကြတာကြားမိတယ် ၊ ကျွန်တော် မရောက်သေးခင် နှစ်တော်တော်ကြာကြာထဲကိုက ထွက်တဲ့အခွေပါ အလွန်လည်းလူသိများအောင်မြင်ပါတယ် ၊ တေးရေး တေးဆို ကိုသန်းမောင် ( ရခိုင် မြို့မငြိမ်း လို့ကျွန်တော်တင်စားထားတဲ့ လူ ) ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေ စတင်ခဲ့ရာစီးရီးပါ ၊ သီချင်းကောင်းတွေ အများအပြားနဲ့ မှတ်တမ်းကျန်ခဲ့တဲ့ သမိုင်းဝင် စီးရီးလဲ ဖြစ်ပါတယ် ၊ ခေါင်းစီးသီချင်း လှိုင်းလုံးချေ မှာ ကိုယ့်ကမ်း ကိုယ့်မြေကနေ စီးပွားရှာဖို့ ပညာရှာဖို့ ထွက်သွားကြတဲ့ နုပျိုလှိုင်းလုံးလေးတွေရေ ပြည့်စုံရင့်ကျက်လာတဲ့တနေ့မှာ အားကောင်းမောင်းသန် ဒီကမ်းစပ်ဆီထစ်ချုန်းဖို့ ပြန်လာကြစမ်းပါကွဲ့လို့ အဝေးကမှာနေပုံ ရေးဖွဲ့သီဆိုထားပါတယ် ၊ အမျိုးသားလက္ခဏာ သီချင်းတွေ ၊ သင်္ကြန်သီချင်းတွေ ရေးရာမှာ လည်းဘယ်သူနဲ့မမှတူအောင် ထူးချွန်လှသူ စာဆိုပါပဲ ၊ ကျွန်တော့သူငယ်ချင်းတယောက်ပြောတာပြန်ပြောရရင် ကိုသန်းမောင်ရဲ့ ” ရိုးရာကမမ ” သီချင်းခွေပျက်နေရင် ရခိုင်သင်္ကြန် ခဏစောင့်ပေးနေရသတဲ့ ၊ အဲဒီလောက်ကို သူ့သီချင်းတွေဟာ ဩဇာညောင်းလွန်းလှတယ် ၊ ကျွန်တော်တို့ ရန်ကုန် မန္တလေး သင်္ကြန်မှာ မြနန္ဒာသီချင်းလိုအပ်သလိုမျိုးပါပဲ ၊ နောက်တခု ရခိုင်တေးရေး တေးဆိုတွေကို ကျွန်တော်လေးစားမိတဲ့တချက်က ကိုယ်ပိုင်သံစဉ်ကိုပဲ အဓိကထားပြီးရေးတာကိုပါ ၊ ကော်ပီတွေ မကြားဘူးသလောက်ရှားပါတယ် ၊ ကိုသန်းမောင်ရေးသမျှ ဆိုသမျှနဲ့ပတ်သက်လို့ ကြိုက်သမျှပြောရရင် ပြီးနိုင်မယ်တောင်မထင်ဘူး ၊ ရခိုင့်စာဆို လူချွန်လူမွန်တယောက်ရဲ့ တချို့တလေ လောက်ကိုသာပြောပြပါရစေ ၊
သူအောင်မြင်တဲ့ သီချင်းတွေထဲမှာ ” ဗျာလ “ဆိုတဲ့ သီချင်းဟာ အမျိုးသားလက္ခဏာတွေ သမိုင်းကွက်လပ်တွေ မာန်တွေ အတိတ်ရုပ်ပုံတွေ အများကြီး ထင်ဟပ်စေပါတယ် ၊ ဒီသီချင်းကို စဆိုခဲ့သူက မာန်အောင်သား ကိုကိုနိုင်ပါ ၊ မြောက်ပိုင်းရခိုင်သံနဲ့ နောင်းနောင်းခိုင်ခိုင် ဆိုထားသလောက် အလွန်လည်းအောင်မြင်လွန်းတဲ့သီချင်းဖြစ်ပါတယ် ၊ ကိုကိုနိုင် ကိုတောင် ရခိုင်တပြည်နယ်လုံးက ဗျာလကိုကိုနိုင် ဆိုပြီးခေါ်ရလောက်အောင်အောင်မြင်ခဲ့တယ် ၊ ဒီသီချင်းအကြောင်းပြောမယ်ဆို ရခိုင်သမိုင်းကြောင်းတချို့ကိုပြောပြမှ ပိုပြည့်စုံပါလိမ့်မယ် ၊ သာယာဝပြောတဲ့ ရခိုင်ပြည်ကြီးမှာ တခါတော့ ရောဂါကပ်ဆိုးကြီးတွေ အငတ်ဘေးတွေနဲ့ကြုံလို့ တိုင်သူပြည်သားစီပွားတွေပျက် သေကြေပြေးလွှားကြရဘူးတယ် ၊ ဘုရင်နဲ့ သမားဟူးရား ပညာကျော်တွေလည်း ကြံရာမရတဲ့အဆုံး သီလပြည့်စုံသူ ဆရာတော်ကြီးတပါးကို ချဉ်းကပ်လို့ တင်လျှောက်အကူအညီတောင်းရာ မှာ ဆရာတော်က လောကီအစီအစဉ် အတိတ်နိမိတ် တွေနဲ့ ဗျာလ သတ္တဝါ ကို ဖန်တီးခိုင်းခဲ့တယ် ၊
ဗျာလ ဆိုတာ တကယ်အပြင်လောကမှာ မရှိတဲ့ စိတ်ကူးယဉ် အိပ်မက်အစွမ်း အစတွေကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတကောင်ပါပဲ ၊ နဝရူပ လို့လည်းခေါ်ကြတယ် ၊ အလှအပဆုံး ကိုးမျိုးနဲ့အကောင် ပေါ့လေ ၊ ဒီသတ္တဝါကို ထုလုပ်တဲ့အခါ ချူး သတ္တဝါရဲ့ ခန္တာကိုယ်ကို အရင်ထုလုပ်ပါတယ် အဲဒီနောက်မှ ဆင်ရဲ့ နှာမောင်း ၊ သမင်မျက်စေ့ ၊ မြင်းရဲ့နားရွက် ကြက်တူရွေး ရဲ့ လျှာနဲ့ အာခံတွင်းရဲရဲတောက်အရောင် ၊ ဇာမဏီငှက်ရဲ့ အမြီး ၊ ကျား ရဲ့ ပါးစပ် အစွယ် ၊ ခြင်္သေ့ ရဲ့ ဦးခေါင်း ခြေ လက် လည်ဆံမွေး ၊ ကြံ့ ရဲ့ ဂျို၊ ဒီလိုအားကောင်း တင့်တယ်တဲ့ သတ္တဝါ ကိုးကောင်ရဲ့ အင်္ဂါတွေကို ပေါင်းစပ်လို့ နဝရူပ လို့ခေါ်တာပါ ၊ ဒီ အိပ်မက်သတ္တဝါ ဗျာလ ကို လူအများသွားလာနေတဲ့ လမ်းတွေ ဈေးတွေ စေတီတွေ မြို့ရိုးမုခ်ဦးတွေ နန်းပြင်နန်းတွင်း စသဖြင့် အဆောင်အယောင်အနေနဲ့ထားရင် ခုဖြစ်ဆဲ ဒုက္ခတွေ ပျောက်သွားမယ် စီးပွားတိုး ကျန်းမာ လာဘ်လာဘတွေပေါများလိမ့်မယ်လို့ ဆရာတော်မိန့်တဲ့ အတိုင်း ဘုရင်လည်းစီရင်လို့ တိုင်းပြည်ဝပြောစည်ပင် ဖြစ်တဲ့အကြောင်း သမိုင်းတွေကဆိုပါတယ် ၊ ဆရာတော်ပြောတဲ့ ဂါထာ က ” အ ဗျာလော လာဘော ၊ ယဿတိ ဗျာလော ” လို့ဆိုပါတယ် ၊ အ ဗျာလော – အပူပင်အကြောင့်ကျ ကင်း ၊ လာဘော – ငွေရွှင် ကြေးရွှင် ၊ ယဿတိ – ထိုသတ္တဝါမို့ ၊ ဗျာလော – ဗျာလ လို့တွင်သည် တဲ့ ၊
ဒီအကြောင်းကို ကိုသန်းမောင်ရေးဖွဲ့ထားတာ နားထောင်ရသူတိုင်း ဒီသမိုင်းကိုလည်း တီးမိခေါက်မိသူတိုင်း ခမ်းနားဆန်းပြားတဲ့ တခေတ်တခါသမိုင်းဆီ ပြန်ရောက်သွား သလို ဖြစ်သွားစေမယ်ဆိုတာကိုဖြင့် ကျွန်တော်ရဲရဲ အာမခံရဲပါတယ် ၊
နှာမောင်းကို မြှောက်လို့ ချီလို့ ၊ ခံတွင်းနီနီ မှာ အစွယ်ဖွေးဖွေးတွေ လှစ်လို့ ပြလို့ ၊ ခြေနှစ်ဖက် လက်တဖက်ထောင်ရင်း ကျန်တဲ့လက်တဖက် က မခို့တရို့ အသာအယာ ဟန်ရေးပြဟိန်းဟောက် ဝင့်ကြွား နေဟန် ဗျာလ ရုပ်ထုတွေကို တွေ့ရတိုင်း သိပ်ကျက်သရေ ရှိတာပဲလို့ ကျွန်တော်တော့ထင်မိတယ် ၊ ကိုသန်းမောင် သီချင်းထဲက အတိုင်းပြောရရင် ” ရခိုင့်မာနဂုဏ် ရခိုင့်ဗျာလပုံ ” ပေါ့လေ ၊
( ဆက်ပါဦးမယ် )
” အသူကရေ လှပါရေ ( ၃ ) “
( သန်းတင့် )
ကိုယ်ပိုင်သံစဉ်နဲ့ ရခိုင်စတီဒီယိုသီချင်းတွေကို ပိုပြီးအားကောင်းလာအောင် သီဆိုမောင်းနှင်ခဲ့သူတွေ အများအပြားရှိခဲ့ပါတယ် ၊ ဒီအထဲမှာမှ မြတ်ခိုင်ကျော် တို့ ခိုင်ကျော်လင်း တို့ ဝင်းကိုခိုင် တို့ကို ကျွန်တော် လေးလေးစားစားအမှတ်ထားမိတယ် ၊နောက်ပြီးမိန်ခလေးအဆိုတော် ရှာရှားပါးပါးတယောက်ပေါ်လာတာ ယုယုလှိုင် ပါ ၊ ယုယုလှိုင် နဲ့ မြတ်ခိုင်ကျော် အတွဲခွေထွက်တာကစပြီး ကျွန်တော်စသိ နားထောင်ဖြစ်တယ် ၊ အဲဒီနှစ်တွေ အဲဒီအချိန်ကာလတွေတုန်းက အခုလို ပေါက်ကွဲစရာ ၊စိတ်ဖြေစရာ ၊ကြွေးကျော်လူလုံးပြစရာ စသဖြင့် လူမှုကွန်ယက်တို့ အင်တာနက်တို့ မရှိပါဘူး ၊
ကြွေကွဲပြီ စိတ်အနာ သည်းပြီဆိုရင် မြတ်ခိုင်ကျော်ရဲ့ ” ရွှေပြည်တံတိုင်းခြား ဝီးကွာလားရေ . . ” လို့ ဂစ်တာဝိုင်းဖွဲ့လိုက်ကြတာပါပဲ ၊ အားငယ်စိုးရွံ့နေတဲ့အချိန်မျိုးတွေမှာ ” မင်းဒုက္ခနဲ့ကြိမ်စာသင့်ရပိုင် အလှမ်းဝီးလွန်းလို့ ဒေလူမောပန်းရေ . . ” ဆိုတဲ့ ဝင်းကိုခိုင်ရဲ့ သီချင်းကို သူတို့အုန်းရေလို့ခေါ်တဲ့ ( ကျွန်တော်တို့ကတော့ဓနိရည်ပေါ့လေ ) ချဉ်ချဉ်တူးတူးနဲ့မျှောချလိုက်ကြ ၊ သီတင်းကျွတ် တန်ဆောင်တိုင် ရောက်ပြီဆို ခိုင်ကျော်လင်းရဲ့ ” ဝါကျွတ်ဗျာယ် သူငယ်ချင်းအပေါင်းသင်းရို့ နန့် . .” တို့ ” ညိုချေ ဒီမောင်ရင်ကို ခွဲလို့ ကြည့်ပါယောင့် . . . ” တို့နဲ့ ဝင်္ကဘာကွင်းကို ချီတက်ကြ ၊ပွဲတော်ရဲ့ လမ်းမတွေမှာ စည်တော်သံတွေ ရွှမ်း လို့ ၊သင်္ကြန်အခါဆိုမှဖြင့် အမြိုင်ဆိုင်ဆုံးပေါ့လေ ၊” ပင်ထက်ယံ ဥဩချေကတွန် လေရူးလေရူးပွမ်ပွမ် တန်ခူးကိုရောက်ပြန် ဒေအချိန်ဆို သင်္ကြန်ပိုးက ထရေဗြောင်းဆန် . . ” သီချင်းနဲ့ ” နွီမှာတမ်း” စီးရီးထဲကလို ကျွန်တော်တို့ အင်နဲ့အားနဲ့အသွေးသားထဲကအော်ခဲ့ကြ ” အား . . . ပိတောက်တွေ ပွင့်ဗျာယ်ကား . . “
၊မဏ္ဋပ်တွေမှာ ရေတွေအပြည့်ဖြည့်ထားတဲ့ လောင်းလှေကြီးတွေ၊ ရခိုင်သင်္ကြန်မှာ ထူးခြားတာကတော့ သက်ဆိုင်သူကို ဒါမှဟုတ် သက်ဆိုင်ချင်သူကို ရေလောင်းချင်ရင် ရေတခွက်ကို နှစ်ရာ သုံးရာ နဲ့ဝယ်လောင်းရပါတယ် ၊ဘယ်လောက်လှလဲ ဘယ်လောက်ကြွေနေရလဲပေါ်မှာ မူတည်ပြီး ဈေးတက်သွားတာတွေလည်းကြုံရတယ် ၊ရခိုင်သူတယောက်အနေနဲ့ မိဘကလည်းခွင့်ပြုလိုက်ပြီ ၊ အပျိုအရွယ်လည်းရောက်ပြီ ၊ဆံရစ်ဝိုင်း အုပ်လုံးသိမ်း အရွယ်ကျော်လို့ တပတ်လျှိုဆံထုံးကျော့မှာ တပွင့်ပန်းပန်ကာ ဆိုတဲ့အရွယ်ရောက်ရင် ရပ်ရွာကိုအပ်ရတယ် ၊အဲဒီတော့မှ သင်္ကြန်မဏ္ဋပ်ထဲမှာ ဝင်ထိုင်ခွင့်ရပါတယ် ၊’မဏ္ဋပ်ဝင်’တယ်လို့ သုံးနှုန်းကြတယ် ၊ ခလေးဘဝကနေ အပျိုနေရာရောက်ပြီဆိုတဲ့ အကူးအပြောင်း ချစ်စရာ ဓလေ့စကားပါ ၊ ‘မဏ္ဋပ်ဝင်ဖို့ ခွင့်ပြုပါမေမေ’ ဆိုပြီး ရတနာမိုင်တောင် ရခိုင်သံမပီတပီနဲ့ သီချင်းရှိပါသေးတယ် ၊မဏ္ဋပ်ကို ဦးဆောင်တဲ့ အပျိုခေါင်း သက်ကြီးပိုင်းတွေကလည်း မျက်နှာကြောတင်းတင်းကြီးတွေနဲ့ပေါ့လေ ၊ ဘယ်သူ့လောင်းချင်ရင်ဘယ်လောက်ဆိုတာမျိုး လောင်းမယ့်သူရဲ့ ရောဂါ အပြင်းအပျော့ပေါ်သုံးသပ်ပြီး ဈေးဖြတ်ပါတယ် ၊တခါတလေများ တချို့လှလွန်းဆွေနားမှာ ရေလောင်းဖို့အလှည့်စောင့်ရတာ နာရီနဲ့ချီပြီးတောင် ကိုယ့်စီနီယာမရောက်တာလည်းရှိတတ်တယ် ၊ ” အသူ့သမီးမဆိုနိုင် လပျိုတခိုင် ဝိုင်းဝိုင်းလည်လို့ . . .” ဆိုတဲ့ ရှေးရခိုင်သီချင်းဟာ ဒီလိုစောင့်နေရတဲ့ ဒုက္ခကို စထား နောက်ထားပုံရပါတယ် ၊ နောက်မှတ်မိတာပြောရရင် တချို့ရခိုင်ဒေသတွေမှာ သင်္ကြန်ကို လူပျိုအပျို တရက် ၊ မင်းကျွန်တွေကတရက် ဆိုပြီးသတ်မှတ်ထားကြတယ် ၊မင်းကျွန် ဆိုတာ ဗမာလို အိမ်ထောင်ကျပြီးသူ အအိုတွေကိုပြောတာပါ ၊ အိမ်ယာထူထောင်ပြီးသူတွေဟာ မင်းအစိုးရရဲ့ အခွန်အတုတ်တွေပေးဆောင်ရ လုပ်အား ၊ စစ်ရေး ၊ ပြည်ရေးပြည်ရာ အစေခံရလို့ မင်းကျွန်လို့ ခေါ်ကြတာဖြစ်ပါလိမ့်မယ် ၊အပျိုလူပျိုနေ့ ဆို အအိုတွေက ဘေးနားကပဲ ကူညီထိမ်းသိမ်းပေးရတယ် ၊မင်းကျွန်နေ့ဆိုရင်လဲ အအိုတွေ ကဲကြတာပဲ ၊ အလွန်လဲ ပွဲကြမ်းကြတာပေါ့လေ ၊
ရခိုင်တေးချင်းတွေရဲ့ လာရာ လားရာလမ်းကြောင်းကို စိတ်ဝင်တစားနဲ့ သိချင်နားထောင်ချင်ကြရင် ဘယ်လိုမှချန်ထားလို့မရတဲ့ ၊ကျွန်တော်လည်း လေးလေးစားစား အထင်ကြီးရဆုံး အဆိုတော်လဲဖြစ် ၊ သီချင်းရေးတာလည်အလွန်တော်တဲ့ တေးရေးဆရာလည်းဖြစ်တဲ့ ဝင်းကိုခိုင် ရဲ့ သီချင်းတွေကို ပြောပြမှ ပိုပြီးပြည့်စုံနိုင်မှာပါ ၊အရင်နားထောင်နေကြ အဆိုတော်တွေလို ရခိုင်ပြည်နယ်မြောက်ပိုင်းအသံမျိုးမဟုတ်ပဲ တောင်ကုတ် တို့ သံတွဲတို့ လို ရခိုင်လေသံပျောပျော့နဲ့သီဆိုတတ်သူ ၊ဘယ်သံထူထူနဲ့ အသံကာလာလဲအလွန်လှတဲ့သူပါ ၊သီချင်းအရေးကောင်း ကဗျာသမား စာသမားပါ ၊ရခိုင်တေးချင်းတွေရဲ့ ခုလက်ရှိ အခြေအနေကိုရောက်ဖို့ သူ့အလှည့်အပြောင်းတွေ ၊ သူ့အားထုတ်မှူတွေ ၊သူ့အနုပညာတွေ ၊ သူ့စိုးမိုးမှုတွေ အများကြီးပါလိမ့်မယ်ဆိုတာ ကျွန်တော်ခန့်မှန်းမိခဲ့တယ် ၊ ထူးအိမ်သင် ရဲ့ တကိုယ်တော်စီးရီး ‘ ဝန်ရိုးစွန်းမီး ‘အခွေရဲ့တိုက်တယ်သီချင်း ဝန်ရိုးစွန်းမီးကိုရေးခဲ့တဲ့ တေးရေး ဝင်းကိုဆိုတာ ကျွန်တော်ခုပြောနေတဲ့ ဝင်းကိုခိုင်ပါပဲ ၊ ဒီလောက်ဆိုရင် သူဘယ်လိုဘယ်အဆင့်ဆိုတာ နည်းနည်းလောက်တော့ သိနိုင်မြင်နိုင်မိကြမှာပါ ၊ သူသီချင်းတွေဘယ်အချိန်တွေလောက်က စဆိုတယ်ဆိုတာတော့ မသိပါဘူး ၊ သူ့ပရိတ်သတ်တယောက်အနေနဲ့ စ နားထောင်ဖြစ်ခဲ့တာက “အိမ်လွမ်းစိတ်နဲ့ငါ့ပင်လယ် ” အခွေပါ ၊ ကျွန်တော်ဟာဘယ်တော ဘယ်တောင် ဘယ်လိုမြို့တော်ကြီးခေါင်ခေါင်ကိုရောက်နေပါလေ့စေ ကျွန်တော့ဇာတိပင်လယ်တံငါရွာလေးဆီ အမြဲလွမ်းဆွတ်နေတတ်သူပါ ၊ တေးရေးစန်းကို က ” မတားဆီးချင်ကေ့ ရင်မှာထိမ်းချုပ်လို့မရ အိမ်လွမ်းစိတ်နဲ့ငါ့ပင်လယ် ” လို့ ကျွန်တော့မျက်ရည်ကို အနားလာသပ်ခဲ့ပါတယ် ၊ အဲဒီအခွေမှာ သီချင်းရေးတာတွေကတော့ ကိုတင်ထွဋ် ( ကဗျာဆရာ ၊တေးရေးဆရာ လူငြိမ်းခိုင် ) ရယ် တေးရေး စန်းကို ရယ်နဲ့ ဝင်းကိုခိုင်ကိုယ်တိုင် ဖြစ်ပါတယ် ၊ နောက်နားထောင်စမှာပဲ အလွန်ကြိုက်ခဲ့မိတဲ့ “နှောင်းဝတ္ထု ” စီးရီး ၊
” အစုံအဆန် ကူးခတ်ရင်း လက်ပန်းကျ လှိုင်းတိလေတိကြားမှာ ၊ အစုံးအဆန်ကူးခတ်ရင်း လက်ပန်းကျ မေခလာဆိုစော် ဒဏ္ဋာရီမှာ အိပ်မောကျနေယောင့် . . .” ကျွန်တော်ရဲ့ အပြိုပြို အလဲလဲအဲဒီတုန်းကညတွေအကြောင်းခုပြန်တွေးလိုက်တိုင်း အမြဲဝေဒနာတွေသစ်နေဆဲ
နှောင်းဝတ္ထု ။ ။
( ဆက်ရေးပါဦးမယ် )
.
” အသူကရေလှပါရေ ( ၄ ) “
( သန်းတင့် )
နောက်ပိုင်း ဝင်းကိုခိုင်ရဲ့သီချင်းတွေတော်တော်များများဟာ အရင်ရှိပြီးသားရခိုင်သီချင်းတွေထဲကနေ ဖောက်ထွက် ဖဲ့ထွက်လာတယ်လို့ ကျွန်တော့တော့ထင်တယ် ၊ ကိုယ့်လက်ရှိအခြေအနေကို စစ်ဆေးစောကြောလာတယ် ၊ မေးခွန်းတွေလည်းထုတ်လာတာတွေ့ရတယ် ၊အရင်ကမကြားဘူးတဲ့ သံစဉ်မျိုးစာသားမျိုးတွေ နဲ့ ပြည်မဖက်က အဲဒီအချိန်ခေတ်ပြိုင်ဖြစ်နေတဲ့ အခြေအနေအယူအဆတွေ အတတ်ပညာတွေပေါင်းစပ်လာတယ်ဆိုရမှာပါ ၊ လူငြိမ်းခိုင် တို့လို ကဗျာဆရာတွေက သီချင်းရေးသူတေးရေးဆရာတွေအဖြစ်ပံ့ပိုးခဲ့လို့လည်းဖြစ်နိုင်ပါတယ် ၊ လူငြိမ်းခိုင် ရဲ့ ကဗျာတွေဆိုရင် ကျွန်တော်တို့ ခုထိပြန်ဖတ်တိုင်းကြိုက်နေမိတုန်းပါပဲ ၊
ကျွန်တော်အလုပ်ကိစ္စနဲ့ မာန်အောင်ကျွန်းမှာ ရှိနေစဉ်က ကိုဖြူလုံး တို့အိမ်မှာတခါတလေသွားအိပ်ဖြစ်တတ်တယ် ၊ သီချင်းတွေဆို ကဗျာအကြောင်းတွေပြောတော့ လူငြိမ်းခိုင် လည်း သူနဲ့နှစ်တွေတော်တော်ကြာ နေဘူးခဲ့တယ်လို့ ကိုဖြူလုံးကပြောပြတယ် ၊ ဝင်းကိုခိုင်တို့နဲ့လည်း သူငယ်ချင်းတွေပါ ၊ တရက်တော့ ကျွန်တော့ကို ဒိုင်ယာရီစာအုပ်ဟောင်းလေးတအုပ်ပေးပြီး ဖတ်ကြည့်စမ်းပါဦးတဲ့ ၊ ကိုဖြူလုံးဟာ ဒီစာအုပ်လေးကို မြတ်မြတ်နိုးနိုး နှစ်တွေတော်တော်ကြာအောင် သိမ်းထားခဲ့ပုံရတယ် ၊အဲဒီလိုနဲ့ပဲ လူငြိမ်းခိုင်ရဲ့နေ့စဉ်မှတ်တမ်း တပိုင်းတစကိုဖတ်ခွင့်ရခဲ့တယ်ပေါ့လေ ၊ လှပသေသပ်တဲ့ပေါက်ကွဲမှုတွေ ၊လူငယ်ယောက်ရဲ့ မှောင်တဝက်လင်းတဝက် ခေတ်ကာလတွေ ၊ သူ့ရဲ့ဂီတ ကဗျာတွေနဲ့ ပစ်ပေါက်တုန့်ပြန်ပုံတွေ ၊ ကဗျာဆရာ ဖော်ဝေးရဲ့ ဒိုင်ယာရီ ကို ကိုမိုးဝေးတို့စာအုပ်ထုတ်တာ ဖတ်ရတဲ့နေ့က ကျွန်တော် လူငြိမ်းခိုင်ကို လွမ်းနေမိသေးတယ် ၊ ကျွန်တော် ဖော်ဝေးရဲ့ ဒိုင်ယာရီထက်စောပြီး အဲဒီလိုဒိုင်ယာရီတခုကို ဟိုးအဝေးကြီးက ကျွန်းကြီးတကျွန်းပေါ်မှာ သည်းသည်းရှိုက်ရှိုက်ဖတ်ခဲ့ရဘူးပါတယ် ၊
သာမာန်လမ်းကြောင်းထက် ပိုပြီးကျယ်ပြန့်လာတဲ့ ရခိုင်သီချင်းအများစု ဟာ သူတို့ဆီကမြစ်ဖျားစခံခဲ့တာသေချာပါတယ် ၊ ခုနောက်ပိုင်း ရုပ်မြင်သံကြားမှာ လွှင့်နေတဲ့ ” စိုင်းဒြားမြင်းခွာသံ” ၊ “တမြေထဲမှာ” ၊ ” “ဆိုက်ဘေးရီးယားငှက် “၊ စတဲ့ ဝင်းကိုခိုင် ရေး သူကိုယ်တိုင် ဆိုထားတာတွေကို နားထောင်ကြည့်ရင်ပိုပြီးသိသာပါလိမ့်မယ် ၊ ဝင်းကိုခိုင်နဲ့ ပတ်သက်လို့ရော နောက်ပြီး ရခိုင်တေးချင်းနယ်ပယ်နဲ့ ဆက်စပ်လို့ရော ” တော်ဝင်သဇင် ” စီးရီးကို ရခိုင်သူ ရခိုင်သားတော်တော်များများသိကြမယ်ထပ်တယ် ၊သိန်းထိုက်ဇော် နဲ့ ဝင်းကိုခိုင် အတွဲခွေပါ ၊ ရခိုင်သီချင်းခွေတွေ အားလုံးရဲ့ အကြီးကျယ်ဆုံး အထင်းရှားဆုံးမှတ်တမ်း မှတ်တိုင် လို့ကျွန်တော်တော့သတ်မှတ်ပါတယ် ၊ကျွန်တော်ဟာ ပြင်ပကနေပြီး ခြေသလုံးအိမ်တိုင်လှည့်လည်သွားလာရင်း ရခိုင်ပြည်နယ်ကို ခေတ္တရောက်ခဲ့သူခရီးသွားမို့ မှားချင်မှားနိုင်ပါတယ် ၊ ဂီတပညာရှင်လည်းမဟုတ်ပါဘူး ၊မြင်ခဲ့သိခဲ့သမျှ ကို ပြန်ပြီးလက်ဆင့်ကမ်းသိစေချင်မှုကလွဲရင် တခြားဘာအရောင်မှလည်း ရှိမနေပါဘူး ၊
“တော်ဝင်သဇင် ” အခွေကို နာမည်ကျော် မဇ္ဇျိမလှိုင်း အဖွဲ့က ဂီတမှူး ဇော်မျိုးထွဋ် တို့ ဒရမ်တွတ်ကီ တို့တီးခတ်ပေးထာပါတယ် ၊ဒီအကြောင်းတွေကြောင့်လည်း အထင်ကရဖြစ်ခဲ့တာ ဖြစ်နိုင်တယ် ၊
ကျွန်တော်စစ်တွေမြို့ ရူပတောင်စာတိုက်ရှေ့က ပဲလေ့စ်ဟော်တယ် မှာ အလုပ်ကိစ္စတွေနဲ့ လရှည်နေခဲ့ရဘူးတယ် ၊စစ်တွေတမြို့လုံးမှာ စစ်တွေဟော်တယ် ရယ် ပဲလေ့စ်ဟော်တယ်ရယ် လို့ ဟော်တယ်နှစ်လုံးပဲရှိသေးတဲ့အချိန်ပေါ့လေ ၊သိန်းထိုက်ဇော် ကလည်း ခရီးသွားလုပ်ငန်းတွေ လုပ်ရင်း သူ့ဇာတိမြောက်ဦးနဲ့ စစ်တွေကို ကူးချည် သန်းချည် လုပ်နေတဲ့အချိန်ဖြစ်ပါတယ် ၊ ရောက်ရင်လည်း ပဲလေ့စ်ဟော်တယ်က သူ့အိမ်ပဲ ၊ ဒီလိုနဲ့ ရွယ်တူချင်းလည်းဖြစ် တော့ မျက်မှန်းတန်းမိကြ လက္ဘက်ရည်ဆိုင်ထိုင်ဖြစ်ကြ ၊ တရက်သူရောက်လာချိန်မှာ နိုင်ငံခြားဧည့်သည်တွေအများကြီးယူထားလို့ အခန်းတွေ ပြည့်နေတော့ ကျွန်တော့အခန်းမှာ လာနေပါတယ် ၊ဂစ်တာအကောင်းစားကြီးတလုံးကို အိပ်နဲ့လွယ်လို့ ၊ ကျွန်တော့မှာကလည်း အဲဒီခေတ်အဲဒီအခါက နာမည်ကျော်( National AFD ) ကက်ဆက်ကြီးတလုံးနဲ့ဆိုတော့ အတော်လေးကိုပဲနေရာကြတော့တာပေါ့ ၊
တရက်မှာ သူအခွေလုပ်ထားတာ မာစတာခွေရလာပြီဆိုပြီး အခွေတခွေဖွင့်ပြပါတယ် ၊ကျွန်တော်ပြောခဲ့တဲ့ ဝင်းကိုခိုင်နဲ့ နှစ်ယောက်တွဲ “တော်ဝင်သဇင် “၊ အခုချိန်ထိကျေးဇူးတင်ရပါတယ် ၊အခုချိန်ထိ ကိုယ့်ကိုယ်ကိုလည်း ကြည်နူးဂုဏ်ယူနေမိပါတယ် ၊ဒီလို သမိုင်းတွင်ခဲ့မယ့် သီချင်းခွေကို ပထမဦဆုံးနားထောင်ခွင့် ကြားခွင့်ကြိုက်ခွင့်ရခဲ့တဲ့အတွက် ဘယ်တော့မှလည်းသူတို့ကို မေ့သွားလိမ့်မယ်မဟုတ်ဘူး ၊ လှလိုက်တဲ့သီချင်းတွေ ကြောက်ခမန်းလိလိ ကြက်သီးမွေးညှင်းထဖွယ်စာသားတွေ ၊ ခေါင်းစည်းသီးချင်းက ဝင်းကိုခိုင်ရဲ့ “တော်ဝင်သဇင်”၊ နောက် ” ဧကရာဇ်မြိုင် ” ၊ “စိတ်နာမှုကိုမျိုထားရရေ” ၊ “စောပြည့်ညို” ၊ ” အိမ်ပြန်ချင်လို့နိတိုင်းငိုမိရေ” ၊ စသဖြင့် စသဖြင့် .. ” ၊ . . ဆန္ဒနဲ့ သစ္စာတရား အာကာပြင်လီမှာပျောက်ကွယ်ဗျာယ် . . . စသဖြင့် စသဖြင့် . . ၊. .ပန်းခြောက် ရိုးခြောက် ရွက်ခြောက်ကြွီတဲ့ ရက်တိထဲကတရက် လီညှင်းတိုက်လီတိုင်း လွမ်းလိုမျက်ရည်ဝဲ . . . စသဖြင့် စသဖြင့် ၊ ပြီတော့ ကျွန်တော့ကို ဘယ်တော့ဖြစ်ဖြစ် ဆို့နင့်စေခဲ့ပါသော “စည်းသုံးတန်” ၊
မိဘတွေရဲ့အတားအဆီးကြားမှာ အရင်လမ်းလေးကို အရင်လိုနှစ်ယောက်လျှောက်ခွင့်မရှိတော့သော စည်းသုံးတန်၊အရင်ဆီမီးခွက်လေးကို အရင်လိုထွန်းညှိလို့ နှစ်ယောက်သား တိုင်တည်ဆုတောင်းခွင့်မရလေသော စည်းသုံးတန် ၊ အရင်လိုမဟုတ်တော့တဲ့ အကြည့်စိမ်းတွေနဲ့ ဖြတ်သွားဖြတ်လာတွေ့တာတောင် မခေါ်မပြောရဲကြတော့တဲ့ စည်းသုံးတန် ၊ သီချင်းထဲမှာတော့ဖြင့်ရင် ” စည်းသုံးတန် အခြားခံထားရဗျယ်ကား ကိုယ်ဘဝမှာ ရသေ့ယောင်ဆောင်နိုင်ဖို့ တန်ခိုးမဟိနိုင်သီးရေ့ လူပါ ” တဲ့ ၊ ဇာတ်တော်လာတာက သီတာဒေဝီ ကို စည်းသုံးတန်တားလို့ ထားခဲ့ပါတယ် ၊ဒဿဂီရိ က ရသေ့ရဟန်းယောင်ဆောင်ပြီး လိမ်ညာလှည့်ဖျားလို့ သီတာကိုယူသွားတာပေါ့လေ ၊ သူ့မှာက ဒီလိုကြမ်းတမ်းလှည့်စားတတ်မှု တန်ခိုးတွေအတတ်ပညာတွေမရှိတဲ့ နူးညံ့တဲ့လူသားပါလို့ ကြေကြေကွဲကွဲပြောနေတာပါပဲ ၊အခုနောက်ပိုင်း စည်းသုံးတန်ကို နားထောင်ဖြစ်တဲ့ အချိန်တွေမှာ မောင်သိန်းဇော်ရဲ့ ကဗျာလေးတကြောင်းကို သွားပြီး သတိရနေတတ်ပါတယ် ၊ ” ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ လူအဖြစ်ကို ကျွန်တော်ရလိုသည် ” ၊ တယောက်ယောက်ငိုသံကို သီချင်းတွေနားထောင်နေရင်းနဲ့လည်း ကြားနိုင်တာပဲမဟုတ်လား ။ ။
.
( ဆက်စရာတွေရှိပါသေးသည် )
” အသူကရေလှပါရေ ( ၅ ) “
- ဇာတ်သိမ်းပိုင်း –
( သန်းတင့် )
ဒီအခွေ”တော်ဝင်သဇင်” ထဲမှာ ထူးထူးခြားခြား ကြားရဖို့ခဲယဉ်းတဲ့ အမျိုးသားရေး သီချင်းတပုဒ်ပါလာပါတယ် ၊ ကျွန်တော်တို့ကြားနေကြ တခြားအမျိုးသားရေးသီချင်းတွေလို ရွှေပြည်တော်ကြီးသာစွလေတို့ ဆန် ၊ရေ ၊စပါး ၊ပေါပြည့်များလို့ အမျိူးမြတ်သူအာရီယန်တွေ ၊ အမျိုးချစ်တဲ့သာကီနွယ်တွေ စသဖြင့် အပ်ကြောင်းထပ်ကြားနေရဘူးတဲ့ ပလီစိချောက်ချက်တွေ မတွေ့ရပါဘူး ၊ကျွန်တော်ကိုယ်တိုင် ဒီလိုအဖြစ်အပျက်တွေကို အရှိအတိုင်း မြေပြင်အခြေနေတွေအတိုင်း ပြောရဲဆိုရဲ ဝေဖန်ရဲသူတွေကို မျော်လင့်ခဲ့ဘူးပါတယ် ၊
ဒီလိုနဲ့ပဲ ဝင်းကိုခိုင် နဲ့ ကိုထွန်းလှိုင် နှစ်ယောက်ပေါင်းရေးပြီး သိန်းထိုက်ဇော် သီဆိုထားတဲ့ ” အဖရက္ခိုင် ” သီချင်းဟာ အိပ်ပျော်နေသူများကိုပြင်းပြင်းထန်ထန်လှုပ်နှိုးတာ ကြာခဲ့ရဘူးတယ် ၊သီချင်းအဖွင့်မှာတင် ပြည်ဖုံးကားချသွားပြီဖြစ်တဲ့သမိုင်း ၊ မြေစာပုံတွေအဖြစ်ပဲကျန်တော့တဲ့ အတိတ် လို့ ရက်ရက်စက်စက်ကို ရခိုင်မြေကို သရုပ်ခွဲလိုက်တယ် ၊ အမှန်ပါပဲ ၊ သဇင်ပန်းခိုင် တမြိုင်တမြိုင် လို့သာပြောနေ ဂုဏ်ယူနေကြတာ ကျွန်တော်ရောက်သွားချိန်မှာ သူ့တေးချင်းထဲကလို ” မြေစာပုံထဲ လိုက်ကာချ ” လို့နေပါပြီ ၊မထိမ်းသိမ်းခဲ့ကြ ၊ထိမ်းသိမ်းဖို့အခွင့်အလမ်းတွေလဲနည်းပါးခဲ့ကြ မစောင့်ရှောက်ခဲ့ကြ ၊ ဟိုလူ့လက်ညှိုးထိုး ဒီလူ့အပစ်ပြောနဲ့ သီချင်းက ဒါတွေကို မချိတင်ကဲပြောနေသယောင်ပါပဲ ၊သူသုံးနှုန်းထားတာတွေကို ကြားရတာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ မီးတောက်တခုလို ယိမ်းထိုးဆောက်တည်ရာမဲ့ ၊ပြီးတော့ သံဝေဂ နဲ့ မျက်ရည် ၊
” ကျောက်သားနန့် ထုဆိုက်ခ ဂန္စ့ဝင်ကဗျာရှည် ကမ္ဘာကျော် သုခုမ ” ကဲအရင်လူ ထားခဲ့ကြတဲ့ အမွေဟာ ခုဘာတွေကျန်ပါသေးလဲလို့ ထပ်မေးပါတယ် ၊ ကျွန်တော်ကတော့ သူ့သီချင်းထဲမှာများအဖြေပေးထားလေမလားလိုက်ရှာကြည့်နေမိတယ် ၊ အပြည့်အစုံမဟုတ်ပေမဲ့ ရိုးတိုးရိပ်တိတ်လေးတော့ပြောထားတာတွေ့သလိုပါပဲ “ပဋိပက္ခကျိန်စာ” တဲ့ ၊ခုထိအထင်ရှားဆုံးကျန်နေတဲ့အမွေက ပဋိပက္ခကျိန်စာ တဲ့လား ၊ကျွန်တော်တို့ ဘယ်လောက်တောင်များ ပျောက်ဆုံးသွားကြရပြီလဲ ၊ ရန်သူဘယ်နှစ်ယောက်ကို များရှာလို့တွေ့ခဲ့ကြပြီလည်း ၊တကယ်ရော ရှာလို့တွေ့သူတွေဟာ ရန်သူစစ်စစ်တွေဟုတ်ကြပါရဲ့လား ၊ ကျွန်တော်တို့ကိုယ်တိုင်ကရော ကျွန်တော်တို့ရန်သူအစစ်တွေဖြစ်မနေနိုင်ဘူးတဲ့လား ၊
” ရတနာရွှီမြီ ကျုံလီတိမ်ကောရဗျာယ်ကား ” တဲ့ ၊ တကယ်ပဲ ခေါ်မကြားအော်မကြားအောင် တိမ်ကောပျောက်ဆုံး ကုန်ကြတာတွေအများကြီးပါ ၊သူကဆက်ပြောပါတယ် ၊ခုနေခါမှာ အဘိုးအဘေးတွေ ၊မင်းကောင်းစိုးကောင်း ရှေးရခိုင်ကြီးတွေ ၊ စိုင်းဒြားပညာရှိတွေ စသဖြင့်ပြန်လာကြရင် ဒီလိုရခိုင့်မြေကိုတွေ့လိုက်တဲ့အခါမှာ ဘယ်လောက်များရင်ဆို့လိုက်ကြမလဲ တဲ့ ၊အများကြီးကို စဉ်းစားစရာ နိုးထစရာ တွေနဲ့ ၊ ပြီးတော့ ဘာကိုမှန်းမသိ မချိတင်ကဲဖြစ်ရတယ် ၊ဒီသီချင်းမှာသုံးထားတဲ့ နိမိတ်ပုံတွေ သင်္ကေတတွေဟာလည်း စူးစူးရှရှနဲ့ ကဗျာဆန်လွန်းပါတယ် ၊” အချိန်တန်အိမ်မပြန်ချင်လဲ အိပ်တန်းဝင်ခရရေ ” ဆိုတာတွေ ၊ “အဆိုးမြက် မြေစာပင် ကောက်ရိုးချေကို တွယ်တာရင်း ဒေမြီကိုခင်တွယ်သူရို့” ဆိုတာတွေ ၊
ရခိုင်မှာ ပြောစမှတ်ပြုတဲ့စကား ရှိပါတယ် ၊’ မြေကိုချစ်ရင် တီကောင်ပဲဖြစ်မှာပေါ့ ‘ တဲ့ ၊ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသကို ခင်တွယ်သူ ၊ချစ်တဲ့သူ တွေကို တချို့လူတွေက သရော်တဲ့ စကားပါ ၊နှိမ့်ချ အပစ်ဆိုတာလည်း ဖြစ်ချင်ဖြစ်မှာပါ ၊နာကျည်းစရာ ရှက်စရာကောင်းလွန်းတဲ့ ဒီစကားသံကြားရင် ကျွန်တော်တော့သိပ်ကိုမုန်းမိတယ် ၊ဒီအကြောင်းကို ဒီသီချင်းရဲ့နောက်ဆုံးစာကြောင်းက ” ကျိန်စာမြီကို နှလုံးကွဲအောင် ချိုက်မြတ်နိုးရေ ” လို့ သွေးတွေချင်းချင်းနီပြီး တုန့်ပြန်ထားပါတယ် ၊ရခိုင်ကမ်းရိုးတန်းရဲ့ ပုံသဏ္ဋန်ဟာ မြေပုံပေါ်မှာ ဆိုရင် လဆန်းရက် လမင်းလို ကွေးကွေးလေးတွေ့ရပါလိမ့်မယ် ၊ ဒါကြောင့် အဲဒီမြေကို သူတို့က လခြမ်းမြေ ရယ်လို့တင်းစားကြ စာတွေကဗျာတွေဖွဲ့သီကြတာရှိပါတယ် ၊ ဒါကို ဒီသီချင်းက ကြိမ်စာမြေတဲ့ ၊ ကြားမိစက ကြိမ်စာမြေဆိုတာ ဘယ်လောက်မှန်နေ မှားနေတယ်ဆိုတာကိုတော့ဖြင့် ကျွန်တော်အဆုံးအဖြတ်မပေးနိုင်ခဲ့ပါဘူး ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်ချီ ကြာခဲ့ချိန်တွေကပေါ့ ၊ကြိမ်စာမြေဖြစ်နေပါစေ နှလုံးသားကွဲအောင် ချစ်သတဲ့ မြတ်နိုးသတဲ့ ၊ သူတို့သီချင်းတွေမှာ သူတို့မျက်ရည်တွေကို ကြားရ ၊ သူ့တို့သီချင်းတွေမှာ သူတို့ရှိုက်သံတွေကို မွေးမြရ ၊
ကိုသန်းမောင်ရေးတဲ့သီချင်းတွေ ထဲက သင်္ကြန်သီချင်းတပုဒ် ကတော့ ကျွန်တော်ဘယ်နေရာရောက်ရောက် မျက်ရည်ဝိုင်းရအောင် လုပ်နေတုန်းပဲဆိုတာကို နောက်ဆုံးပြောပြချင်တယ် ၊ သူရေးတာက သင်္ကြန်ရောက်ရင် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဌာနေကိုပြန်ပြီး မိတွေ ဖတွေ ဆွေမျိုးသူငယ်ချင်းတွေနဲ့ ငယ်ကမွှေးမြတို့နဲ့ စသဖြင့် အခါကြီးရက်ကြီးကို ကျော်ဖြတ်ပျော်ပါးဖို့ ပြန်ကြရအောင်လို့ တိုက်တွန်းထားတာပါ ၊ ရခိုင်ရိုးမတောင်ကြီးကို ကျော်ပြီးပြန်ဖို့ အဖော်ညှိတဲ့ အဝေးရောက်နေကြသူတွေအတွက်သီချင်းဖြစ်ပါတယ် ကျွန်တော်ရခိုင်ပြည်နယ်က အပြီးပြန်လာရတော့မယ့်အချိန် ရခိုင်သူငယ်ချင်းတွေ လာပြီးနုတ်ဆက်ကြပါတယ် ၊ ကျွန်တော်မုန်းတဲ့ နွေတနေ့မှာပေါ့ ၊ မျက်နှာလွှဲထားတာတောင် သူ့ရနံ့တွေနဲ့ ရှိမှန်းသိနေရတဲ့ ပိတောက်ပွင့်ဆဲ ရက်တရက်ပေါ့ ၊ တယောက်က ” အဝေး ဒီကောင့်ဖို့သီချင်းရှိတယ် ” ဆိုပြီး ယောင်္ကျားလေး မိန်းခလေး တသိုက်ဝိုင်းလို့သာ က ကြပါတော့တယ် ၊ ကိုသန်းမောင်ရဲ့ ” ရိုးတောင်ကို ကျော်မယ်ကျော်မယ် ကိုယ့်ပြည်ကို ပြန်မယ်ပြန်မယ် ” သီချင်းပါ ၊ သူများတွေ ရိုးမတောင်ကျော်ပြီးဝမ်းသာအားရ ဒီသီချင်းနဲ့ပြန်လာကြချိန် ကျွန်တော့မှာ ရိုးမကိုပြောင်းပြန်ကျော်ဖြတ်လို့ သူတို့ကိုထားခဲ့ပြီး ပြန်လာခဲ့ရပါတယ် ၊ ဆရာငြိမ်းကျော်ရဲ့ ” နွေ၏အလွန်၊ မိုးငွေ့သွန်သော် ၊ကျွန်တော်အိမ်ပြန်ရတော့မည် ” ပိတောက်တွေ ပိတောက်တွေ နှစ်တွေကြာတာတောင် မသိချင်ယောင်ဆောင် ပြီး ဝါလို့ ထိန်လို့ ၊
အခုကျွန်တော် ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အမျိုးတူတွေကြားမှာနေနေရပေမဲ့ ” ရိုးတောင်ကိုကျော်မယ်ကျော်မယ် ကိုယ့်ပြည်ကိုပြန်မယ်ပြန်မယ် ” လို့များကြားရရင် နှစ်နှစ်ကာကာချစ်ခဲ့ဘူးတဲ့ ပြည်လေးတပြည်ကို အမြဲလွမ်းနေမိတတ်ပါတယ် ၊ ဒီသီချင်းသံကြားရင် မုန့်တီ ဟင်းရည် နံ့လေးပဲ မွှေးလာတော့သလိုလို ၊ ရခိုင်စည်တော်သံ တဗြောင်းဗြာင်းပဲ ကြားယောင်လာသလို ၊ လေးလေး လေးလေး မောင်တို့မောင်တို့ ဆိုပြီး ‘ သိုးက ‘ နေကြတာများ ကိုယ့်အနီးအပါးမှာလိုလို ၊ ကိုစိုးကျော် ရဲ့ ကြက်သားသောက်ဆန်းကို ၊ မာန်အောင်ကမ်းခြေတနေရာက ညီမလေး စိုးမေ တို့မိသားစုကို ၊ ကမ်းထောင်းကြီး( မြေပုံ ) ကျောင်းရှေ့က ပိုက်ကျော်ခြင်း ကွင်းလေးကို ၊ ဘယ်ပုံခိုင်းခိုင်း တမျိုးပဲညှပ်တတ်တဲ့ မှိုင်းချေ ရဲ့ဆံပင်ညှပ်ဆိုင်လေးကို ၊ စစ်တွေမောလိတ်က အခင်နီ ကို ၊ ဖရုံကာကျွန်းစုမှာ ရေခူဒိုင်ဖွင့်တော့ မိုးရေခူ လုပ်နည်းသင်ပေးတဲ့ အရီးမချစ်မြ ကို ၊ ‘ဝိုက်စလာ’ မီးပြတိုက်ကို ၊ တိမ်လွှာမို့မိုလွင်တဲ့ ပွိုင့် ကို ၊ စစ်တုရင်တိုးတိုင်း အငြင်းသန်လွန်းတဲ့ ရုပ်ရှင်မင်းသားကျော်ဟိန်းရဲ့ ငယ်သူငယ်ချင်းကြီး အန်ကယ်ကျော်ဇံ ကို ၊ စောပြည့်ညို အဆောင်ရှေ့က ဘူသီးကျော်ဆိုင်လေးတွေကို ၊
ပြီးတော့ ကစ္ဆပနဒီကမ်းစပ်က အစွန်ဆုံးခုံတန်းပြာလေးရဲ့ နောက်ဆုံးအချိန်တွေကို
ပြီးတော့ သူ့နှင်းနဲ့ ကျွန်တော့ဆောင်း ဘယ်လိုပေါင်းလို့မှ သဇင်မပွင့်ဖြစ်ခဲ့တဲ့ လရာသီကို ။ ။
.
(Than tint )
End Notes and External links
- source: “ အသူကရေ လှပါရေ ” [ စ – ဆုံး ] | on Facebook | posted by San Kyaw Myint
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter





