(The Mog Nation Wiki, an archive)

ရခိုင်ရိုးရာ၊ ဖြစ်ခြင်းရာကို၊ ကျွန်ဆရာမှာ၊ ပြောပြမည်။ ထီးကခရိုင်၊ မင်းထိုင်ပြည့်ဖြိုး၊ ပြည်ပဂိုး။ ပဂိုးမင်းသမီး၊ ပြည်ကိုခွဲခါ၊ နှမကားတောင်၊ မောင်ကားမြောက်ဦး၊ မြစ်မင်းင်္ဂဂါ၊ သီတာတရိုး၊ နှမနီကေ၊ သံတွဲမြို့၊ မောင်ရို့နီကေ၊ ရခိုင်မြို့။ ရခိုင်မင်းသား၊ နန်းထက်ဖွား၊ လှငြားတင့်တယ်၊ မိခင်၀မ်းမှာ၊ သန္ဓေတည်။ ကိုးလကပင်၊ ကိုယ်၀န်ကြင်၊ ခမည်းလွန်းတင်၊ ဖဘုရင်၊ ဘုရင်လွှတ်လွှတ်၊ ရခိုင်မြို့မှာ၊ မကြံတတ်။ ကျွန်မပြည့်ကူ၊ ကိုယ်ယူကိုယ်မ၊ သနားစဖွယ်၊ သျှင်မ၀မ်းကို၊ စမ်းကြည့်ရေခါ၊ ချစ်သျှင်မမှာ၊ မိမ္မမဖြစ်၊ ယောင်္ကျားဖြစ်မည်။ ယောင်္ကျားဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်၊ ဇောင်လည်းလေ၊ ဇောင်လည်းအလို၊ ပြည့်ကျွန်မမှာ၊ ဇမ်းတိုက်ဆိုရေ။
ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင်းကြကြီးရေ။ ငါ့မှာဟိငြား၊ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ငါ့အနားတွင်၊ ခုရောက်စီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။
ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ငွေကလောင်ကိုင်၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးမတ်လေးသွယ်၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ မောင်ဖွားလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ တချက်နှစ်ချက်၊ ပျိုင်သင်ပုန်းမှာ၊ ခေါက်လို့တွက်ခါ၊ မိမ္မမဖြစ်၊ ချစ်သျှင်မမှာ၊ ယောက်ကျားဖြစ်မည်။ ယောက်ကျားဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်။ ဇောင်လည်းလေ၊ ဇောင်လည်းအလို၊ ကံ့ကူသည်နှင့်၊ ၀လံသည်မှာ၊ တွက်တိုင်းဆိုရေ။ ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင့်ကြကြီးရေ။ ကြက်ဖကြိမ်သီး၊ မောင်လုံးကြီး၊ ရှောက်ရှောက်လဲဖမ်း၊ စုန်းမင်းလယ်ကို၊ ရီမိုးသန်း။ ဂေါင်းရင်းကနီ၊ မဟာကျီကို၊ မောင်ကိုးရေ။ ခြီရင်းကစောင့်၊ သျှင်မဂေါက်ကို၊ မောင်ကိုးရေ။ ဇောင်ပင်တရီး၊ ရခိုင်မင်းမှာ၊ မကျီသီး၊ ကိုးလကပင်၊ ဆယ်လစိမြောက်၊ သားပန်းပင်ကို၊ ဖွားလာရေခါ၊ သားပန်းပင်ကို၊ နန်းတောင်ညာမှာ၊ အရှင်မမွီး၊ အသီရာမွီးရေ။
ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင့်ကြကြီးရေ။ နဖူးကိုခတ်၊ ရင်ကိုသတ်၊ ရပ်ပတ်ကြိုကြို၊ ရခိုင်မင်းမှာ၊ နန်းတောင်ညာမှာ၊ လှုးလို့ငိုခါ၊ အထက်ဒေဝါ၊ အသျှင်သိကြား၊ ခင်းထားကမ္မလာ၊ နီရာသင်းဖုန်း၊ တင့်ကြော့လုံးစုံ၊ သိကြားဖုံမှာ၊ မနီနိုင်ဘဲ၊ နတ်မျက်တထောင်၊ အဟန်ဆောင်၊ နတ်ပြည်ယာဉ်မှာ၊ ကြည့်လိုက်မူကား၊ မည်သည်မျှပင်၊ နတ်ပြည်ယာဉ်မှာ၊ မမြင်ကျင်။ လူ့မျက်တထောင်၊ အဟန်ဆောင်၊ ကြည့်လိုက်မူကား၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ သားပန်းပင်နှင့်၊ ကြောင့်ကြကြီး။ ငါတာခုဝေ၊ ရခိုင်မင်းကို၊ မခီမည်။ ရွှီကြိုးခုနှစ်ပင်၊ သျှင်သိကြားမှာ၊ စလွယ်တင်။ လက်မှာပြောင်၀င်း၊ ခရုသင်း။ သျှင်မင်းမနီ၊ ရခိုင်မြို့ကို၊ ဆင်းလီရေ။ သိကြားရီစင်၊ ဖြန်းလီရေခါ၊ သားပန်းပင်မှာ၊ အသက်ကေ၀င်ပြီး၊ ဝွါးဝွါးဝွါးလို့ ငိုလီရေ။
အသက်ကေ၀င်ပြီး၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နို့ကောင်းသူကို၊ ကောင်းရာရွီးလို့၊ သားကောင်းသားဖြူ၊ နို့ကောင်းသူ၊ ကောက်ယူစို့ငြား၊ အသားဖြူကေ၊ မိမ္မနို့သယ်၊ ရှိကပယ်၊ အငယ်အကြီး၊ နို့ကောင်းရာမှာ၊ ကောင်းရာရွီးလို့၊ အသားဖြူကေ၊ ပူသယ်နို့ရည်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့အုန်းသီးလျှင်၊ နို့လာပြင်းလျှက်၊ သူငယ်စို့ကေ၊ ခံတွင်းမကန်၊ မှောက်ကာလန်၊ နို့အံတတ်တေ။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့ဖရုံလျှင်၊ သူငယ်စို့လျှက်၊ တအောင့်လောက်မှ၊ တပေါက်ရလို့၊ မ၀ခင်ပင်၊ သူငယ်ရို့မှာ၊ ပျင်းစိတ်၀င်လို့၊ မစို့ချင်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ မမဲမဖြူ၊ မဆူမကြုံ၊ နို့အုံညီညွတ်၊ စနီနံ၊ ရွှီရင်ဖတ်မှာ၊ သားမြတ်မကျ၊ ဘေးတဖက်က၊ တနာရီမှာ၊ လေးယောက်ထလို့၊ မင်းသားညီမောင်၊ လှသားမောင်၊ ဘုန်းခေါင်နန်းလယ်၊ မြဧယိုင်မှာ၊ တင်ကာလွှဲကေ၊ မွီးစားရေလေ။
တညဉ့်သားနှင့်၊ တရက်သားမတူ၊ ပန်းတံမောင်မှာ၊ ကြီးတော့မူ။ တရက်သားနှင့်၊ တလသားမတူ၊ ပန်းတံမောင်မှာ၊ လှတော့မူ။ ခုနစ်နှစ်သား၊ ရွယ်ရောက်သောခါ၊ တရပိုဒ်တဆူ၊ ကံ့ကူတခဲ၊ ဒေါ်လွန်းကြင်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖမှာ၊ ဆွမ်းတပွဲနှင့်၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ကူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ဝိဟာစံ။ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ သားရင်သွီးကို၊ လက်ထက်အပ်တေ။ ကကြီးခငယ်၊ အရင်းသွယ်၊ သုံးဆယ်သုံးလုံး၊ သုံးသင်ပုန်း၊ တလုံးမကျန်၊ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ ရွီးကာပြန်။ ရွှီကျောင်းသခင်၊ အသျှင်တစ၊ ပန်းတံမင်းသား၊ တပည့်မောင်ကို၊ စာလုံးပြ။ ပန်းဇင်းပျို၊ မောင်တိုတစ၊ ပန်းတံမင်းသား၊ လူလှမောင်ကို၊ စာကြောင်းပြ။ ပန်းတံမင်းသား၊ မောင်တာလွှတ်လွှတ်၊ ရွှီကျောင်းသခင်၊ အသျှင်ဘားမှာ၊ စာမဖတ်။ ရွှီကျောင်းသခင်၊ အသျှင်မာန်ပေါက်၊ နဖူးစမှာ၊ ရွှီရောင်တောက်။ စာကြိုးနှင့်နှောင်၊ စာပေါင်နှင့်သတ်၊ ပန်းတံမောင်ကို၊ ကျောင်းလက်ခင်းမှာ၊ လှုးပျာသတ်တေ။ မျက်ခမ်းထဲမှာ၊ မျက်ရည်ဖျင်ဖျင်၊ စာလုံးကိုပင်၊ ကြည့်မမြင်။ တဆယ့်ငါးနှစ်၊ ပန်းတံမင်းသား၊ လူလှမောင်၊ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ လူသျှင်ဖြစ်တေ။
ကိုးလကပင်၊ သံတွဲသူကို၊ ကိုယ်၀န်ကြင်။ ကျွန်မပြည့်ကူ၊ ကိုယ်ယူကိုယ်မ၊ သနားစဖွယ်၊ သျှင်မ၀မ်းကို၊ စမ်းကြည့်ရေခါ၊ ယောက်ျားမဖြစ်၊ ချစ်သျှင်မမှာ၊ မိမ္မဖြစ်မည်။ မိမ္မဖြစ်လဲ၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီမွီးဖို့၊ ဇောင်လဲအလို၊ ပြည့်ကျွန်မမှာ၊ ဇမ်းတိုက်ဆို။ ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ယာမှာ၊ ကြောင်းကြကြီး။ ငါ့မှာဟိငြား၊ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ မောင်ဖွားလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ တချက်နှစ်ချက်၊ ပျိုင်သင်ပုန်းကို၊ ခေါက်၍တွက်သော်၊ ချစ်သျှင်မမှာ၊ ယောင်္ကျားမဖြစ်၊ မိမ္မဖြစ်မည်။ မိမ္မဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်။ ဇောင်လဲလေ၊ ဇောင်လဲအလို၊ ကံ့ကူသည်နှင့် ၀လံသည်မှာ၊ တွက်တိုင်းဆိုရေ။
ကိုးလကပင်၊ ဆယ်လစိမြောက်၊ သမီးတော်ကို၊ ဖွားလာရေခါ၊ သမီးတော်ကို၊ အရှင်မမွီး၊ နန်းတောင်ညာမှာ၊ အသီရာမွီးရေ။ ဇောင်စကားကို၊ ကြားရေနိက၊ နဖူးကိုခတ်၊ ရင်ကိုသတ်၊ ရပ်ပတ်ကြိုကြို၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖမှာ၊ လှူးလို့ငိုခါ၊ အထက်ဒေဝါ၊ အသျှင်သိကြား၊ ခင်းထားကမ္မလာ၊ နီရာသင်းဖုန်း၊ တင့်ကြော့လုံးစုံ၊ သိကြားဖုံမှာ၊ မနီနိုင်ဘဲ၊ နတ်မျက်စိတထောင်၊ အဟန်ဆောင်၊ နတ်ပြည်ယာဉ်ကို၊ ကြည့်လိုက်မူကား၊ မည်သည်မျှပင်၊ မမြင်ကျင်။ လူ့မျက်တထောင်၊ အဟန်ဆောင်၊ ကြည့်လိုက်မူကား၊ ရခိုင်ဘုရင်၊ အသျှင်တရီး၊ သမီးကညာနှင့်၊ ကြောင့်ကြကြီး။ ငါတာခုဝေ၊ ရခိုင်မင်းကို၊ မခီမည်။ ရွှီကြိုးခုနှစ်ပင်၊ သျှင်သိကြားမှာ၊ စလွယ်တင်၊ လက်မှာပြောင်း၀င်း၊ ခရုသင်း၊ သိကြားမနီ၊ သံတွဲသူကို၊ သိကြားရီစင်၊ ဖြန်းလီရေခါ၊ အသက်ကေ၀င်ပြီး၊ ဝွါးဝွါးဝွါးလို့ ငိုလီရေ။
အသက်ကေ၀င်ပြီး၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နို့ကောင်းသူကို၊ ကောင်းရာရွီးလို့၊ သားကောင်းသားဖြူ၊ နို့ကောင်းသူကို၊ ကောက်ယူစို့ငြား၊ အသားဖြူကေ၊ မိမ္မနို့သယ်၊ ပူသယ်နို့ရည်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့အုန်းသီးလျှင်၊ နို့လာပြင်းလျှက်၊ သူငယ်စို့ကေ၊ ခံတွင်းမကန်၊ မှောက်ကာလန်၊ နို့အံတတ်တေ။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့ဖရုံလျှင်၊ သူငယ်စို့လျှက်၊ တအောင့်လောက်မှ၊ တပေါက်ရလို့၊ မ၀ခင်ပင်၊ သူငယ်ရို့မှာ၊ ပျင်းစိတ်၀င်လို့၊ မစို့ချင်။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း၊၊ မမဲမဖြူ၊ မဆူမကြုံ၊ နို့အုံညီညွတ်၊ စနီနံ၊ ရွှီရင်ဖတ်မှာ၊ သားမြတ်မကျ၊ ဘေးတဖက်က၊ တနာရီမှာ၊ လေးယောက်ထလို့၊ သံတွဲသူ၊ ဖြူမယ်လှကို၊ မြဧယိုင်မှာ၊ တင်ကာထားကေ၊ မွီးစားရေလေ။
ခုနစ်နှစ်သမီး၊ အရွယ်ရောက်သောအခါ၊ ဆံထုံးထုံးတတ်၊ ပန်းပန်တတ်၊ ရပ်တတ်ကပင်၊ သံတွဲသူကို၊ ယိုင်ခတ်သင်။ ဦးစံတင်၊ အယင်မွီးကေ၊ မယ်ကြီးတစ၊ သံတွဲသူကို၊ ယိုင်ကြောင်းပြ။ လွမ်းလို့ကြင်၊ နို့သျှင်တစ၊ သံတွဲသူ၊ ချစ်သမီးကို၊ ရွမ်းကြောင်းပြ။ သံတွဲသူ၊ ချစ်ဖြူလွှတ်လွှတ်၊ မြယိုင်စင်မှာ၊ မခတ်တတ်။ လွမ်းလို့ကြင်၊ နို့သျှင်မာန်ပေါက်၊ နဖူးစမှာ၊ ရွှီရောင်တောက်။ ယိုင်ကြိုးနှင့်နှောင်၊ ယိုင်ပေါင်နှင့်သတ်၊ သံတွဲသူကို၊ မြယိုင်စင်မှာ၊ ကြင်းပျာသတ်ခါ၊ မျက်ခမ်းထဲမှာ၊ မျက်ရည်ဖျင်ဖျင်၊ သံတွဲသူမှာ၊ ခြည်လုံးကိုပင်၊ ကြည့်မမြင်။ တဆယ့်ငါးနှစ်၊ သံတွဲသူမှာ၊ မိခင်အိမ်နှင့်၊ ဖခင်အိမ်မှာ၊ လူသျှင်ဖြစ်တေ။ တလင်္ဂုနီ၊ စနီရန်ဖက်၊ သံတွဲသူနှင့်၊ ပန်းတံမောင်မှာ၊ တဂြက်ဂြက်။ ရက်ကမသင့်၊ အရီးကေအသျှင်၊ အခင်ပင် မသနား၊ သံတွဲသူနှင့်၊ ပန်းတံမောင်ကို၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ခွဲလို့ထားရေ။ တဆယ့်ငါးနှစ်၊ အရွယ်ရောက်ခါ၊ သံတွဲသူမှာ၊ လူသျှင်ဖြစ်တေ။ တဖက်ကေတချက်၊ သံတွဲသူမှာ၊ မြယိုင်စင်မှာ၊ နွှဲပျာရက်တေ။ အဖြူရွန်းကို၊ နှိပ်ပျာထိုးလို့၊ ချောင်းမှာနီရေ၊ ပုဇွန်စိတ်ကေ၊ ငါးချေမကြွင်း၊ မယ်လက်ရာမှာ။ ပေါ်ပျာလတ်ကေ၊ ဆင်မျက်ကွင်း။ အနီရွန်းကို၊ နှိပ်ပျာထိုးလို့၊ တောမှာနီရေ၊ ပုရွက်စိတ်ကေ၊ နှံချေမကြွင်း၊ မယ်လက်ရာမှာ၊ ပေါ်ပျာလတ်ကေ၊ အံကိုးကွင်း။ တဖက်တချက်၊ သံတွဲသူမှာ၊ မြယိုင်စင်မှာ၊ နွဲပျာရက်ခါ၊ ညှိုးညှိုးငယ်ငယ်၊ သံတွဲသူမှာ၊ အိမ်သာယာကို၊ တက်ခရေ။ မိနံဘားနှင့်၊ ဖနံဘားမှာ၊ ထိုင်လာရေ။
လက်ခြီဆယ်ချောင်း၊ စုံစွာပေါင်း၊ လက်ကောက်ရုံ့တုံ၊ ကြာမုံအဆင်၊ လက်ဆယ်ချောင်းကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ မိနှင့်ဖကို၊ ရှိမိုးခိုးရေ၊၊ မြင်းမိုရ်ကြီးခြင်း၊ ငါ့ကိုကြင်ကေ၊ မွီးဖရင်း။ ဖခင်ပဒေ၊ ပီးလိုက်လီ။ မြင်းမိုရ်ကြီးခြင်း၊ ငါ့ကိုကြင်ကေ၊ မွီးမိရင်း။ မိခင်ပဒေ၊ ပီးလိုက်လေ။ အချေကပင်၊ တခါရံထူး၊ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ ပန်းဇင်းပျိုကို၊ မလောင်းဖူး။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ ဘုရားကြီး။ တခါရံပင်၊ မြတ်သျှင်ပင်ကို၊ မဖူးဖူး။ မယ်ဒါဒါ၊ မယ်ဒါခု၀ယ်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖယောင်၊ ကူတော်တိုက်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းခီမည်။ ငွေစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းခီမည်။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ကူတော်တိုက်မှာ၊ ဘုရားကြီး။ ဒေါ်လဲလေ၊ ဒေါ်လဲခု၀ယ်၊ မြတ်သျှင်ပင်ကို၊ ဖူးခီမည်။ ဖခင်ပဒေ၊ ပီးလိုက်လီ။ မိခင်ပဒေ၊ ပီးလိုက်လီ။ ပဒေတောင်းလီရေ။
လားကားလားခီ၊ ချစ်သမီးလေ၊ တံဆီးတပေါက်၊ ယင်မသောက်ခင်၊ မိခင်ထံနှင့်၊ ဖခင်ထံမှာ၊ ခုရောက်စီ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ သံတွဲသူ၊ ချစ်သူဆွမ်းပန်း၊ ချက်လတ်တေ။ ဆွမ်းပန်းချက်ပြီး၊ မြသပိတ်မှာ၊ ခူးပျာထည့်ခါ၊ လေးတောင်ကျော်၊ ငါးတောင်တိုက်ကို၊ ၀င်ခရေ။ တပင်တပင်၊ မယ့်ဆံပင်ကို၊ ဆီနှင့်ပျင်၊ တပင်ထက်မှာ၊ နှစ်ပင်ပျံ့ပျူး၊ မယ့်ဆံပင်ကို၊ ပန်းဆီလူးရေ၊။ ဆင်စွယ်အဖီး၊ ဆိုင်သာယာမှာ၊ အဖ၀ယ်ကေ၊ ငါးဆယ်ပီး။ မဖြီးစလို၊ မကိုင်စလောက်၊ ၀က်ခေါက်မျှမျှ၊ နဖူးပြင်မှာ၊ တင်ပျာထားကေ၊ မိမျက်တွက်။ မိမ္မဆံထုံး၊ ကျောက်သားလုံး၊ ရွန်းလုံးဆံကျင်၊ စမ်းမမြင်။ သီသီသပ်သပ်၊ သံတွဲသူ၊ မယ်ထွီးဂေါင်းမှာ၊ မြဆံထုံးကို၊ ထုံးပြန်လတ်ကေ၊ ချောမွတ်မွတ်နှင့်၊ ဥဒေါင်းကေအတောင်၊ ကျီးတောင်ဆံဆပ်၊ မယ်ရို့ဂေါင်းမှာ ပန်းမွှီးမွှီးနှင့်။ နားမှာကြည့်လည်း၊ ကလုတ်ကယင်၊ စီရင်တဖက်၊ သံတွဲသူ၊ မယ်ထွီးနားမှာ၊ မြနားဘက်နှင့်။ လက်မှာကြည့်လည်း၊ ဖောက်ဖီးပွင့်နွယ်လိမ်၊ ကျောက်မျက်စီ၊ မှန်စီတဖက်၊ ဘယ်ဖက်လက်နှင့်။ ညာဖက်လက်မှာ၊ ပြောင်ပြောင်လက်တေ။ ကိုယ်မှာကြည့်လည်း၊ သရက်ကေအကျ၊ မယူပန်းခက်၊ ဥဒေါင်းကြိုးကြာ၊ ကိန္နရာ၊ ရုပ်ပုံများစွာ၊ မယ်ဘာဇူမှာ၊ ရုပ်ပုံချလို့၊ သံတွဲသူ၊ ချစ်သမီးမှာ၊ ၀တ်လတ်တေ။ ခါးမှာကြည့်လည်း၊ မှင်းကျိုးပွင့်ထပိန်၊ အခြီသုံးဆင့်၊ မှင်းကျိုးပွင့်ကို၊ ၀တ်လတ်တေ။ ဒွါဒရာ၊ မောက်ကာခါးကြိုး အဖျားစိုင်မှာ၊ ရွှီခြည်ထိုး။ ခါးကြိုးတရပတ်၊ ပန်းပုံချပ်။ မြဲပါစီချင်၊ ခယောက်ငင်။ ဒွါပင်ပင်၊ ဒွါပင်သီသပ်၊ ခါးကြိုးမွှီးကို၊ အောက်ကချပ်တေ။ သံတွဲသူ၊ ချစ်သမီးမှာ၊ ၀တ်လတ်တေ။
ဟော့ဟန်းမရယ်၊ သံတွဲသူ၊ ချစ်သူရယ်ကေ၊ ခပြုံးရယ်။ တခါရယ်၊ ငါးဆယ်တန်ယင့်။ ကုလားမရမာ၊ လူတာတသီး၊ သံတွဲသူကို၊ သတင်းမီးရေ။ ကုလားမရမာ၊ မြင်သမျှလူ၊ သံတွဲသူ၊ မယ်ကိုမြင်ကေ၊ နှလုံးပူ။ ညှိုးညှိုးငယ်ငယ်၊ သံတွဲသူကား၊ သံတွဲမြို့ကို၊ အိမ်သာယာက၊ ထွက်ခရေ။ အိမ်သာယာက၊ ဆင်းခရေ။ မချီချင်၊ ချီချင်ဖဝါး၊ ကမ်ဖာမြီမှာ၊ ကင်းနှယ်တွား။ တို့တီတီ၊ တို့တီတို့တွတ်၊ ကြက်တည်ကျင်လေ၊ မြီမှာယက်ယောင်။ အယွေရောက်မ၊ ဘုရားဖူးဇောင်၊ မလားလား။ ရောက်မအယွေ၊ ဘုရားဖူးဇောင်၊ လားကတ်မည်။ လာလဲလေ၊ လာလဲမယ်ယေ၊ ဂူတော်တိုက်ကို၊ လားကတ်မည်။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ မြတ်သျှင်ပင်လေ၊ ဘုရားကြီး။ လာလဲလေ၊ လာလဲမယ်ယေ၊ မြတ်သျှင်ပင်ကို၊ ဖူးကတ်မည်။ သံတွဲသူ၊ ချစ်သူမြူးပျော်၊ သံတွဲမြို့မှာ၊ ကျူးလို့ခေါ်ရေ။ ရှိကကြည့်လည်း၊ ရှိကဗိုလ်ကျိုင်၊ သံတွဲသူမှာ။ ရွီမနိုင်။ နောက်ကကြည့်လည်း၊ နောက်ကဗိုလ်ကျိုင်၊ သံတွဲသူမှာ၊ ရွီမနိုင်။ ဗိုလ်ကျိုင်ကျိုင်၊ ဗိုလ်ကျိုင်အကြား၊ မချီချင်၊ ချီချင်ဖဝါး၊ သံတွဲသူ၊ ချစ်သူဖဝါး၊ ကမ်ဖာမြီမှာ၊ ကင်းယောင်တွား။ တို့တီတီ၊ တို့တီတို့တွတ်၊ ကြက်တည်ကျင်လေ၊ မြီမှာယက်ယောင်။ ဗိုလ်ကျိုင်ကျိုင်၊ ဗိုလ်ကျိုင်အကြား၊ ဇင်္ကြန်လမ်းကို၊ လျှောက်လှမ်းလားရေ။ လားတုံလားတုံ၊ လားငြားတုံ၊ လားစိုင်လားစိုင်၊ လားငြားစိုင်၊ လားစိုင်တုံမြောက်၊ ဂူတော်တိုက်မှာ၊ ဇီတေ့ရောက်တေ။
ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ဝိဟာစံ။ အသျှင်နောက်က၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကိုယ်ကြပ်မကွာ၊ ပါလီရေ။ ကျောင်းတလင်းမှာ၊ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာညှိုးငယ်၊ သူငယ်ချင်းနှင့်၊ ဒိုးတလင်းမှာ၊ ဒိုးထိုးရေ။ ကျောင်းတလင်းမှာ၊ အံလူးရေ။ နှမမယ်၊ မယ်လေလာဆိုက်၊ မောင်လာခိုက်၊ မျက်ရစ်လုံးဆုံ၊ ကျောင်းတလင်းမှာ၊ ဇိတေ့ကြုံ။ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကျီးကန်းရွီမှာ၊ ငှက်ဝါတကောင်၊ ကျသို့ယောင်။ ခပြီခပြုံး၊ သံတွဲသူမှာ၊ မြပဝါကို၊ သွားမှာဖုံး။ ခပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်။
အသူ့ရင်သွီး၊ ပါးတံရင်းမှာ၊ ညှင်းယင်ပြီးကေ၊ မယ့်မောင်ကြီး။ မောင်တာဒါ၊ မောင်ဒါလွှတ်လွှတ်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ပန်းတံမင်းသား၊ လူလှမောင်က၊ ဇောင်စကားကို၊ ကြားရေနိက၊ ခပြီခပြုံး၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ပုဝါချေကို၊ သွားမှာဖုံး။ ခပြုံးရယ်သွင်၊ သူ့ကိုမြင်ကေ၊ ရယ်မှုဆင်။ ငါတာတာ၊ ငါတာကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလေ၊ သိချင်သို့သော်၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်။ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ဝိဟာစံ။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလေ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ မီးကြည့်လီ။ ငါတာတာ၊ ငါတာကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။
ရယ်ပြုံးရယ်ပြုံး၊ သံတွဲသူ၊ ငယ်မျောက်သားက၊ ကျောင်းသာယာကို၊ တက်ခရေ။ ရွှီစလောင်းနှင့်၊ အသျှင်မြတ်ကို၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းလီရေ။ ငွေစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ ပန်းဇင်းပျိုကို၊ လောင်းလီရေ။ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းလောင်းပြီး၊ ရင်ဝလေးတောင၊် ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ ဘုရားကြီး။ ပန်းမကောင်းလည်း၊ ပန်းကောင်မယ်မှာ၊ တင်လတ်တေ။ ဆုမကောင်းလည်း၊ ဆုကောင်းမယ်မှာ၊ တောင်းလတ်တေ။ ဆုကောင်းတောင်းပြီး၊ ပန်းတင်ပြီးခါ၊ နီလဲခညို၊ ညချမ်းနီမှာ၊ တောင်ရိပ်ခို၊ ဂြိုးညိုအိပ်ဆိုက်၊ ကူတော်တိုက်မှာ၊ ညလည်းမိုက်။ မယ်ထွီးလားချိန်၊ ညချမ်းနီမှာ၊ ပိုးပွင့်ချိန်။ လားချိန်တန်၊ လားစိုင်မယ်ရို့၊ လွမ်းလို့ကြင်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖက၊ ဒေါ်လာပျာလို့၊ တန်းကိုလက်ကိုင်၊ တိုင်ကိုလက်ဆွဲ၊ နွဲ့ကောင်းသာဖွယ်၊ သံတွဲမြို့က၊ မျှော်ယင့်မည်။
လက်ခြီဆယ်ချောင်း၊ သံတွဲသူမှာ၊ ဆုံစွာပေါင်း၊ လက်ကောက်ရုံ့တံ၊ု ကြာမုံအဆင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ ရှိမိုးခိုး။ ရွှီကျောင်းသခင်၊ အသျှင်လွှတ်လွှတ်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ရွှီကျောင်းသခင်၊ အသျှင်ခုဝေ၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြရေ။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင်သား။ ဆံထုံးကွင်းချွတ်၊ နဘီ၀တ်၊ ချောမွတ်ရွှီရောင်။ ရခိုင်ကျွန်းမှာ၊ ပန်းတံမောင်ချင့်၊ နင့်မျောက်သားချင့်၊ နင်မသိလား။ ဇောင်စကားကို၊ ကြားရေနိက၊ သံတွဲသူ၊ မယ်တာ အားပါးရလီရေ။
နှမမယ်၊ မယ်လေလာခိုက်၊ မောင်လာဆိုက်။ မျက်ရစ်လုံးဆုံ၊ ကျောင်းတလင်းမှာ၊ ဇီတေ့ကြုံခါ၊ ပန်းတံမင်းသား၊ လူလှမောင်၊ ကျောင်းတလင်းမှာ၊ ဒိုးထိုးရေ၊၊ ကျောင်းတလင်းမှာ၊ အံလှူးရေ။ သံတွဲသူမှာ၊ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကပြီကပြုံး၊ မြပုဝါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင့်သား။ ဆံထုံးကွင်းချွတ်၊ နဘီ၀တ်၊ ချောမွတ်ရွှီရောင်၊ ရခိုင်ကျွန်းမှာ၊ မျောက်သားမောင်၊ မယားလျာ၊ သားလျာမောင့်မှာ၊ ဟိရေလား။ မယားလျာ၊ သားလျာစမ်းလည်း၊ သံတွဲမြို့မှာ၊ စမ်းခလေ့။ ဇောင်စကားကို၊ ကြားရေအခါ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကပြီကပြုံး၊ ပုဝါချေကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မယ်ကိုမြင်ကေ၊ ရယ်မှုဆင်။ သံတွဲသူ၊ ငယ်မျောက်သားဝေ၊ ချစ်လိပ်ပြာစင်၊ မောင်စကားကို၊ ရွှီနားတင်၊၊ တလင်္ဂုနီ၊ စနီရန်ဖက်၊ ဒေါ်နှင့်မောင်မှာ၊ တဂြက်ဂြက်။ ရက်ကမသင့်။ အရီးကေအသျှင်၊ အခင်ပင် မသနား၊ ဒေါ်နှင့်မောင်ကို၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ခွဲလို့ထားရေ။ ဘဇောင်ကြံကေ၊ ဝါးတလုံးမှာ၊ ကုန်းချင်းနံပြိုင်၊ အတူထိုင်၊ ရွှီလိုင်ကိုဆွဲ၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ပျော်ရမည်။ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာစကား၊ ပြောလိုက်တေခါ၊ သံတွဲသူ၊ ငယ်မျောက်သားက၊ အမိမကြိုက်၊ ဟိလီပတ်စီ၊ အဖမကြိုက်၊ ဟိလီပတ်စီ၊ နှစ်ပါးကြိုက်သူ၊ သဘောတူကေ၊ ယူလီဖို့ရာ။ လာရာလာလတ်၊ မောင်တယောက်ကို၊ လက်မလွှတ်။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ခုဝေ၊ ဇောင်စကားကို၊ သံတွဲသူမှာ၊ ပြောလီရေ။ ယင်းပိုင်ဆိုပြီး၊ သံတွဲသူ၊ ငယ်မျောက်သားကား၊ သံတွဲမြို့ကို၊ ပြန်လီရေ။
အခြီ၀င်း၀င်း၊ ကြက်မင်းလည်းတွန်၊ သံတွဲမြို့မှာ၊ မိုးလင်းပြန်ခါ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ သံတွဲသူ၊ ငယ်မျောက်သားထံ၊ လားလီရေ။ အသီးတိုတောင်း၊ ဗိုင်း၀င့်ရာနှင့်၊ ခြည်ဖြတ်ရာမှာ၊ သံခြည်ခေါင်း၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်မှာ၊ ခြည်ခေါင်း မောင်နှင့်မှုတ်ကတ်တေ။ ခနဲစကား၊ ဘားဇီစကား၊ ပြောလီရေ။ ခုနှစ်ကယ်ရက်၊ သျှစ်ရက်စိလို့၊ ဥဒရာဇ်စံပါယ်၊ မြုံပြည်ရပ်က၊ ဇရပ်ကျိုးနှင့်၊ သီကျိုးနာမည်၊ မြုံပြည်ရပ်က၊ ပင့်ဆိုင်းရေ။ ခုနစ်ကယ်ရက်၊ သျှစ်ရက်စိကေ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ ကိုယ်ကြပ်မကွာ၊ မြုံပြည်ရပ်ကို၊ လားရမည်။ ဇောင်စကားကို၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ သံတွဲသူ၊ ချစ်မျောက်သားကို၊ ပြောလီရေ။ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ ဇရပ်ကျိူးနှင့်၊ သီကျိုးနာမည်၊ ဥဒရာဇ်စံပါယ်၊ မြုံပြည်ရပ်က၊ ပင့်ဆိုင်းရေ။ ကျောက်ဂူဘုရား၊ ခုနှစ်ပါးလည်း၊ တည်လိမ့်မည်။ သဲဇာတီလည်း၊ တည်လိမ့်မည်။ အကောက်တထောင်၊ ၀င်္ကပါလည်း၊ တည်လိမ့်မည်။ ချောင်းကြီးလဟာ၊ မကူးသာ၊ ချောင်းငယ်ပျက်လက်၊ တန်းထားပျက်ကို၊ ဆင်လိမ့်မည်။ အတောင်သုံးဆယ်၊ တင်းခွန်ရှည်ကို၊ လွှင့်လိမ့်မည်။ မြုံပြည်အရပ်က၊ ပင့်ထားရေ။ များများမကြာ၊ မြုံပြည်အရပ်မှာ၊ သုံးနှစ်တာ၊ ငါတာခု၀ယ်၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ ကိုယ်ကြပ်မကွာ၊ မြုံပြည်အရပ်ကို၊ လားရဖို့ယာ။ ဇောင်စကားကို၊ ကြားရေနိက၊ မယ်တာတရီး၊ သံတွဲသူမှာ၊ ကြောင်းကြကြီးရေ။ ဘဇောင်ကြံကေ၊ မြုံပြည်ရပ်ကိ၊ု လားနိုင်မည်။ လားပြန်ကေလည်း၊ မြုံမင်းသမီး၊ အထွီးလှစွာ၊ နာမည်ထားကေ၊ ပန်းနီလာ။ အသက်သုံးဆယ်၊ အရွယ်တိုင်ပြီး၊ ပန်းနီလာကို၊ လင်မပီး။ သူ့လင်မြင်ကေ၊ ဖျက်တတ်တေ။ သူ့သားမြင်ကေ၊ ဖျက်တတ်တေ။ ဖျက်တေအစစ်၊ ပန်းနီလာမှာ၊ မြုံပြည်စျီးမှာ၊ ကွမ်းမျက်ချစ်နှင့်၊ မောင်ကိုမြင်လီ၊ ကပြီကပြုံး၊ မြပဝါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်ဖို့။ ရယ်မှုလည်းဆင်၊ ယင်းခါမချို့၊ မြုံပြည်ရပ်မှာ၊ ပန်းနီလာနှင့်၊ ပျော်လီဖို့။ သူ့ဓါးကိုကိုင်၊ သူ့အပိုင်။ သူရီကိုသောက်၊ သူ့လက်အောက်။ အရာတဖန်၊ သံထန်ပြန်လို့၊ မယ်ထံပါးသို့၊ ရောက်ခဲဖို့။ ဇောင်ပိုင်လည်းဆို၊ သံတွဲသူမှာ၊ ငိုလည်းငို။ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ တပြည်ပြည်၊ တပြည်ကားကွဲ၊ မောင်တယောက်ကို၊ မကြောင့်ကြကဲ့။ ထပိန်တိုတောင်း၊ ရိုင်းသူမမှာ၊ ဝါးနဒေါင်းနှင့်၊ စကားကိုထက်၊ ဘားဇီကိုပင်၊ ပန်းနီလာကို၊ မပြောချင်။ တဖဲ့ကေ၊ တဖဲ့ကိုမျှ၊ သံတွဲသူ၊ ငယ်မျောက်သားဝေ၊ မကြောင့်ကြကဲ့။ များများမကြာ၊ မြုံပြည်ရပ်မှာ၊ သုံးနှစ်တာ။ ဒန်းစိထိုက်ထံ၊ သံတွဲသူ၊ ငယ်မျောက်သားမှာ၊ ရွှီဖျာထက်မှာ၊ ပျိုးထားပြန်။ ဒန်းစိလည်းပေါက်၊ သံတွဲမြို့မှာ၊ မောင်လည်းရောက်ဖို့။ ဇောင်ပင်တရီး၊ သံတွဲသူ၊ ချစ်မျောက်သားမှာ၊ မယုံသီး။ မဟုတ်ကေလဲ့၊ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်မှာ၊ သစ္စာခွင်ကို၊ တက်ကတ်မည်။ ဒါးရှည်လှံရှည်၊ မညောင်းရှည်၊ ဒါးရှည်စုံမြောက်၊ ဒေါ်နှင့်မောင်၊ သစ္စာခွင်မှာ၊ မိုးကြိုးကျောက်နှင့်၊ ကျောက်ခုံးတိုင်၊ သံတိုင်အကြား၊ ဒေါ်နှင့်မောင်မှာ၊ သစ္စာထား၊ ကျောက်ခုံးတိုင်၊ သံတိုင်ကျိုးလည်း၊ ကျိုးလီပတ်စီ၊ မောင်ထွီးသစ္စာ၊ မြုံပြည်ရပ်မှာ၊ ပန်းနီလာနှင့်၊ မယွင်းပါ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ ဒေါ်နှင့်မောင်၊ သစ္စာမောင်နှင့်၊ ထားလီရေ။ ဒန်းစိထိုက်တန်၊ ရွှီကျောက်ဖျာမှာ၊ သံတွဲသူမှာ၊ ပျိုးထားပြန်။ ခုနစ်ကေရက်၊ သျှစ်ရက်စိလို့၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ တောင်မွိခြင်းခြင်း၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ယပ်တစင်းနှင့်၊ သပိတ်အိုးလိုင်လွယ်၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ မြုံပြည်အရပ်ကို၊ လိုက်ခရေ။ လားစိုင်လားစိုင်၊ လားငြားစိုင်၊ လားစိုင်တုံမြောက်၊ မြုံပြည်ရပ်မှာ၊ ဇီတေ့ရောက်တေ။ မြုံပြည်ရပ်မှာ၊ ဇီတေ့ရောက်ခါ၊ အကောက်တထောင်၊ ၀င်္ကပါ၊ သျှစ်သောင်းလေးထောင်၊ တည်လီရေ။ သဲဇာတီလည်း၊ တည်လီရေ။ ကျောက်ဂူဘုရား။ ခုနစ်ပါးလည်း၊ တည်လီရေ။ ချောင်းကြီးလဟာ၊ မကူးသာ၊ ချောင်းငယ်ပျက်လက်၊ တန်းထားပျက်ကို၊ ဆင်လီရေ။ အတောင်သုံးဆယ်၊ တင်းခွန်ရှည်ကို၊ လွှင့်လီရေ။ များများမကြာ၊ ပန်းတံမင်းသား၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ မြုံပြည်ရပ်မှာ၊ သုံးနှစ်ကြာရေ။ သုံးနှစ်ကြာခါ၊ မြုံမင်းသမီး၊ အထွီးလှစွာ၊ နာမည်ထားကေ၊ ပန်းနီလာ။ နှမမယ်၊ မယ်လေလာခိုက်၊ မောင်လာဆိုက်၊ မျက်ရစ်လုံးဆုံ၊ ပန်းနီလာနှင့်၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ မြုံပြည်စျီးမှာ၊ ဇီတေ့ကြုံ။ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကပြီကပြုံး၊ မြပဝါကို၊ သွားမှာဖုံး၊ ကပြုံးရယ်သွင်၊ မောင်ကိုမြင်၊ ပန်းနီလာမှာ၊ ရယ်မှုဆင်။ ကျီးကန်းရွီမှာ၊ တုတ်ကျာတကောင်၊ ကျသို့ယောင်၊ အသူ့ရင်သွီး၊ ပါးတံရင်းမှာ၊ ညှင်းယင်ပြီးကေ၊ အသူ့သွီးလဲ။ မောင်တာဒါ၊ မောင်တာလွတ်လွတ်၊ မယ်ကိုချစ်ကေ၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ ပန်းနီလာမှာ၊ မီးလီရေ။ ဇောင်စကားကို၊ ကြားရေခါက၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကပြီကပြုံး၊ မြပဝါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မယ်ကိုမြင်ကေ၊ ရယ်မှုဆင်။ ငါပင်ကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလည်း၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွန်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ဝိဟာစံ။ ပန်းနီလာ၊ ချစ်သူမယ်ဝေ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မီးကြည့်လီ။ ပန်းနီလာ၊ ချစ်သူမနီ၊ ရွှီကျောင်းသခင်၊ အသျှင်ထံကို၊ တက်ခရေ။ လက်ခြီဆယ်ချောင်း၊ ပန်းနီလာမှာ၊ ဆုံစွာပေါင်း။ လက်ကောက်ရုံ့တုံ၊ ကြာမုံအဆင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ ပန်းနီလာမှာ၊ အသျှင်မြတ်ကို၊ ရှိမိုးခိုးရေ။ ရွှီကျောင်းသခင်၊ အသျှင်လွတ်လွတ်၊ တပည့်မောင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ရွှီကျောင်းသခင်၊ အသျှင်ခုဝေ၊ တပည့်မောင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောလီရေ။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင်သား။ ဆံထုံးကွင်းချွတ်၊ နဘီ၀တ်၊ ချောမွတ်ရွှီရောင်၊ ရခိုင်မြို့မှာ၊ ပန်းတံမောင်ချင့်။ ဇောင်စကားကို၊ ကြားရေခါက၊ ပန်းနီလာကား၊ မောင်ဟိရာကို၊ လားလီရေ။ နဘေးဖြူ၊ ချစ်သူမောင်ဝေ၊ မယားလျာ၊ သားလျာမောင့်မှာ၊ ဟိရေလား။ မယားလျာ၊ သားလျာစမ်းလည်း၊ မြုံပြည်ရပ်မှာ၊ စမ်းခလေ့။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်စကား၊ ပန်းနီလာမှာ၊ ပြောလီရေ။ စကားကိုထား၊ ဘားဇီကိုပင်၊ ပန်းနီလာကို၊ မပြောချင်။ မပြောချင်လည်း၊ သူ့ဒါးကိုကိုင်၊ သူ့အပိုင်။ သူ့ရီကိုသောက်။ သူ့လက်အောက်။ မချစ်ကေလည်း၊ အောင့်ကာနမ်းရေ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ဆိုလည်း၊ ယခုတိုင်တိုင်၊ ပန်းနီလာ၊ ချစ်မျောက်သားဝေ။ မြုံပြည်ရပ်မှာ၊ မနီနိုင်။ ငါတာခု၀ယ်၊ ရခိုင်မြို့ကို၊ ပြန်ရမည်။ ရခိုင်မြို့ကို၊ ပြန်ပြန်ကေလဲ့၊ နောက်နောင်တခါ၊ မြုံပြည်ရပ်ကို၊ ရောက်သောခါ၊ ပန်းနီလာ၊ ချစ်မျောက်သားကို၊ ထိမ်းမြားမည်ရာ။ ဇောင်စကားကို၊ ကြားရေခါ၊ ဇောင်ပိုင်တရီး၊ ပန်းနီလာမှာ၊ မယုံသီး။ ဥဒေါင်းတကောင်၊ အတောင်သတ်လို့၊ ငါရောက်ပြန်ကေ၊ မြုံပြည်ရပ်မှာ၊ တွန်လိမ့်မည်။ ဥဒေါင်းတကောင်၊ ထိုက်ထံပြီးကေ၊ ပန်းနီလာကို၊ အပ်လီရေ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်တရီး၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်နှင့်၊ သုံးနှစ်စိကေ၊ တောင်မွိခြင်းခြင်း၊ ယပ်တစင်းနှင့်၊ သပိတ်လိုင်လွယ်၊ ရခိုင်မြို့ကို၊ ပြန်ခရေ။
သုံးနှစ်စိလည်း၊ သံတွဲသူမှာ၊ တနိတခါ၊ တလတခေါက်၊ ဒန်းစိပေါက်ကို၊ ကြည့်လီရေ။ ဒန်းစိလည်းပေါက်၊ သံတွဲမြို့ကို၊ မောင်လည်းရောက်မည်။ အသူလာရေ၊ သံတွဲမြို့က၊ ခွီးဟောင်ရေ။ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာလာရေ၊ သံတွဲမြို့မှာ၊ ခွီးဟောင်ရေ။ သံတွဲသူ၊ မယ်တာမျက်စိ၊ ပန်းတံမင်းသား၊ မျောက်သားမောင်ကို၊ မြင်ခီမိ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ဆိုလို့၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ဝါးတလုံးမှာ၊ ကုန်းချင်းနံပြိုင်၊ အတူထိုင်၊ ရွှီလိုင်ကိုဆွဲ၊ ဒေါ်နှင့်မောင်ရို့၊ ပျော်ရမည်။ ပန်းတံမင်းသား၊ လူလှမောင်ဝေ၊ မိသအိုနှင့်၊ ဖသအိုကို၊ ခေါ်ပြီးကေလည်း၊ သံတွဲသူ၊ ချစ်မျောက်သားကို၊ ဆိုခလေ့။
(ပဒေ) = အခွင့်
(အဆက်ဟိပါသိမ့်သည်။ ၀တ္ထုမှာ ၀တ္ထုရှည်ဖြစ်ပါသည်။ ပီစောင်မှတဆင့်ကူးယူခြင်းမဟုတ်ပါ။ နှုတ်တိုက်ရွတ်ဆိုသည်ကို ပြန်ရွီးထားခြင်းဖြစ်ပါသည်။ ပီမူတိုက်ရိုက်မဟုတ်သော်လည်း ပီမူမှတဆင့်ကူးထားသောလက်ရွီးမူကို ထရီပူရတွင် ကိုယ်တိုင်မြင်ဖူးပါသည်။ ယခု လုံးချင်း၀တ္ထုအရွယ်အထူဟိပါသည်။ ပီင်္အဂါဆိုလျှင် အင်တန်များများဟိမည်ဟု ခန့်မှန်းရပါသည်။)
Posted by thahlaoo at 6:39 PM
End Notes and External links
- source: ” သံတွဲသူ နှင့် ပန်းတံမင်းသားဝတ္ထု ” | ရွာတော် မင်းရပ် – The Village of Mong Rup
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


