လေ့လာဖတ်ရှုသင့်သည့် စာအုပ် ပုံနှိပ်ထုတ်ဝေတော့မည်

(The Mog Nation Wiki, an archive)

လေ့လာဖတ်ရှုသင့်သည့် စာအုပ် ပုံနှိပ်ထုတ်ဝေတော့မည်


20.3.2022

ဤစာအုပ်ဖြစ်မြောက်ရေးအတွက် လွန်ခဲ့သော ၄ နှစ်ကပင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသနေ ဘော်ရ်ဝါလူမျိုး(မရမာကြီး) Mr. Jewel Barua ဆိုသူက ဒေသတွင်း ရခိုင်လူမျိုးများထံ ကွင်းဆင်းလေ့လာပြီး၊ သုတေသနပြုကာ ရခိုင်-ဘင်္ဂလား အဘိဓာန်ကို ပြုစုရေးသားခဲ့သည်။ သူသည် အလယ်တန်းပြဆရာ၊ ဗုဒ္ဓဘါသာဝင်တစ်ဦးဖြစ်သည်။

ရခိုင်စကားကို ကျွမ်းကျင်စွာ ပြောတတ်သူတော့ မဟုတ်ပေ။ ကျွန်ုပ်နှင့်စကားပြောကြလျှင် စစ်တကောင်းဒေသသုံး ဘင်္ဂလီစကားကို အများအားဖြင့် အပြန်အလှန်ပြောဆိုကြပြီး၊ မတောက်တခေါက် ဘိုလိုမှုတ်ကာလည်း ဆွေးနွေးလေ့ရှိသည်။

သူ့အပြောအရ သူတို့မိသားစု၏မူလနေရပ်မှာ ပါကစ္စတန်နိုင်ငံ၊ ကရာချိဒေသဖြစ်ပြီး၊ အရှေ့ပါကစ္စတန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်သို့ ခွဲထွက်စဥ် ဘာသာရေးအယူမတူသူများကို နှိပ်ကွက်သဖြင့် အရှေ့အရပ်သို့ ဆောက်တည်ရာမရ ထွက်ပြေးကြယင်း စစ်တကောင်းဒေသတွင် အခြေစိုက်ခဲ့ကြသည်။ ယနေ့ထိတိုင် အဖိုးအဖွား၏ဆွေမျိုးများ ရှိနှင့်နေသေးသည်ဟုဆိုသည်။

ဤအဘိဓာန်စာအုပ်သည် ရခိုင်နှင့်ဘင်္ဂလား ဘာသာစကားတို့ကို ပေါင်းကူးပေးမည့်စာအုပ်ဖြစ်လာမည်ဟု ခန့်မှန်းရသည်။ အတွင်းစာသားတင်ဆက်ပုံများ မည်သို့ရှိမည်ကို ကြိုတင်ထုတ်ပြောခြင်းမရှိသော်လည်း စကားလုံးသတ်ပုံအသုံးအနှုံးအချို့ကို မိမိထံ မေးမြန်းဆွေးနွေးလေ့ရှိ၍ ရခိုင်လူမျိုးများအတွက် အထူးလေ့လာသင့်သည့်စာအုပ်တစ်အုပ်ဟု ညွှန်းဆိုချင်ပါသည်။

e-book(pdf file)အဖြစ် အင်တာနက်တွင် ဖော်ပြနိုင်ရေးနှင့် မေးလ် link ရှိလာပါက ပို့ပေးပါရန် အကြံပြုခဲ့ရာ စာတမ်းပြုစုသူ Mr. Jewel Barua က app တစ်ခုအဖြစ် အင်တာနက်တွင် ထုတ်လွှင့်ရန် စီစဥ်ထားရှိသည်ဟုဆိုသည်။

ယနေ့ (20.3.2022)ရက်နေ့ စာတမ်းကို print ထုတ်ဝေလိုက်ပါပြီ။ မည်သို့ရယူကြရမလဲဆိုတာ ကာယိကံရှင်ကိုယ်တိုင် ထုတ်ဖော်ပြောကြားလာပါက မိမိအနေဖြင့် အများသိရှိရန် ဝေမျှသွားမည်ဖြစ်ပါသည်။

ရခိုင်စကားမပြောတတ်သော ဘော်ရ်ဝါတစ်ဦး၏ ကြိုးစားအားထုတ်မှုကို မိမိတို့က အလေးထားလေ့လာသင့်သလို ဘာသာစကား ၂ ခုကို ပေါင်းကူးပေးမည့်စာတမ်းဖြစ်၍ လက်လွတ်မခံသင့်ပါကြောင်း အကြံပြုချင်ပါသည်။

I will support you…in any way Jewel Barua

Written by: Daewa Nadi



The Mog Nation Wiki

Leave a comment