မြို့နယ်ဆရာဝန်ကြီးနှင့် ပက်သက်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသရေဖျက်ခံရမှုများ အတွက် အဖြစ်မှန်နှင့် စပ်လျဥ်း၍ တွေ့ဆုံ ရှင်းလင်းပွဲမှ ကောက်နှုတ်တင်ပြခြင်း
(by – ပြန်ကြားရေးဌာန၊ မာန်အောင်ပြည်သူ့ဆေးရုံ)

မာန်အောင် မြို့နယ်ဆရာဝန်ကြီးနှင့် ပက်သက်၍ မမှတ်မမှန် စွပ်စွဲပြောပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသရေဖျက်ခံရမှုအတွက် အဖြစ်မှန်နှင့် ပက်သက်ပြီး၊ တွေ့ဆုံ ရှင်းလင်း ဆွေးနွေးပွဲ တရပ်ကို မာန်အောင်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ယနေ့ နေ့လည် ၁ နာရီတွင် ကျင်းပခဲ့ပါဿည်။
အဆိုပါ တွေ့ဆုံပွဲကို ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကောင်စီဝင် အဖွဲ့ဝင်များ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ရပ်မိရပ်ဖများ၊ မြို့မိမြို့များ၊ ရပ်ကျေးမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြပါသည်။
ထိုတွေ့ဆုံရှင်းပွဲတွင် မာန်အောင်မြို့နယ်၊ မြို့နယ်ဆရာဝန်ကြီးမှ- “ပထမဆုံးအနေဖြင့် သေဆုံးသွားခဲ့သည့် လူအတွက် အများကြီး စိတ်မကောင်းဖြစ်ရသလို ကျန်ရစ်သည့် မိသားစုတိဝင်များအတွက်လည်း အများကြီး ဝမ်းနည်းကြွေကွဲရပါကြောင်း၊ အမှုမှန်နှင့် တရားမျှတမှုကိုလေ့ အယင်ဆုံး ရပါစီလို့ ဆုတောင်းကြောင်း။ သူဟာ ဆရာဝန်တယောက်ဖြစ်သလို စာရေးဆရာတပိုင်းလည်း ဖြစ်ပါကြောင်း၊ ဆရာဝန်တယောက်၏ သမားကျင့်ဝတ်ကို ထိန်းသိမ်းရသလို၊ စာရေးဆရာတယောက်၏ ပုံရိပ်ကောင်းနှင့် ရပ်တည်ချက်ကို ခိုင်မာအောင် ထိန်းသိမ်း ကျင့်ကြံရပါကြောင်း၊ သမ္မာတရား၊ ကိုယ်ကျင့်တရား၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြစ်သည့် ပြိုဖယ်ရှန်နယ်ကျင့်ဝတ်နှင့် ပက်သက်လာလျှင် သူ့သမိုင်းကြောင်းကို ရှာကြည့်လို့ ရပါကြောင်း၊ သူ့ မွေးရပ် ဇာတိ ပုဏ္ဏားကျွန်းနှင့် သူ တာဝန်ကျခဲ့သည့် စစ်တွေ၊ ဘူးသီးတောင်၊ ယိုးတရုပ်တို့တွင် သူ ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းကို မေးမြန်းစုံးစမ်းလို့ ရပါကြောင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးသားရေး ကိစ္စများမှာ သူ့ရပ်တည်ချက်နှင့် ပက်သက်ပြီး နောက်ခံသမိုင်းကြောင်းကို မေးကြည့်လိုရပါကြောင်း၊ ရခိုင်တယောက် မတရားအလုပ်ခံရသည့် ကိစ္စ၊ ရခိုင်တယောက် တရားမျှတမှုမရရှိမှု ကိစ္စဆိုသည်မှာ ရခိုင်တယောက်၏ ကိစ္စဖြစ်ပါကြောင်း၊ မှန်မှန်ကန်ကန်၊ သမ္မာတရားရှိရှိ၊ ကိုယ်ကျင့်တရားဖြောင့်မတ်မှုနှင့် အမှန်တရားဘက်က ရပ်တည်ဖို့ ဝန်မလေးပါကြောင်း။
ဆေးစာအကြောင်းနှင့်စပ်လျဥ်း၍ ရဲအမှု(Police Case)တိုင်းမှာ ဆရာဝန်များက ဆေးစာ ပေးရပါကြောင်း၊ ယင်းဆေးစာကို တရားရုံးမှာ Expert Opinion ဟုဆိုသည့် ပညာရှင်သက်သေ ထွက်ဆိုချက်အဖြစ် လုပ်ဆောင်ရပါကြောင်း၊ ဆရာဝန်၏ ဆေးစာထွက်ဆိုချက်သည် တရားသူကြီး၏ စီရင်ချက်ချမှု၊ ဆုံးဖြတ်မှုကို အထောက်အပံ့ကူညီမှုသာ ဖြစ်ပြီး၊ အမှုပိတ်သိမ်းရေး၊ ပလပ်ရေး ကိစ္စများနှင့် မသက်ဆိုင်ပါကြောင်း၊ အမှုတည်ဆောက်ရေး ကိစ္စ၊ စွဲချက်တင်ရေး ကိစ္စများကို Law Enforcement Officer လို့ခေါ်သည့် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်သာ ဖြစ်ပါကြောင်း။ ဆေးစာကို အများပြည်သူတိကို ချပြခွင့်၊ ထုတ်ပြောခွင့်မရှိပါကြောင်း၊ ယင်းတာဝန်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ယူရသလို ဆရာဝန်ဘက်မှလည်း တာဝန်ယူရပါကြောင်း၊ ဆေးစာကို ရဲတပ်ဖွဲ့က တောင်းဆိုလာမှသာ ဆရာဝန်ဖက်က ထုတ်ပေးရပါကြောင်း၊ တရားသူကြီးက တရားရုံမှာ ထွက်ဆိုရန် သမ္မာစာနှင့် ဆင့်ခေါ်မှရာ ထွက်ဆိုရပါကြောင်း။
ယခုဖြစ်စဥ်သည် နိုင်ငံတော်အဆင့် အမှုကိစ္စဖြစ်လာမည့် ကိစ္စရပ်ဖြစ်သည်ကို ကြိုမြင်သည့်အတွက် အစကတည်းကနေ သေချာဂရုတစိုက် အထူးအလေးပေး ဆောင်ရွက်ထားပါကြောင်း၊ ပြည်နယ်ကျန်းမာရေမှူးကို ထူးခြားဖြစ်စဥ်အနေဖြင့် သတင်းပို့ထားပါကြောင်း၊ ပြည်နယ်မှုးခင်းဆရာဝန်ကြီးဆီ ဓာတ်ပုံမှတ်တမ်းများ၊ video မှတ်တမ်းများ ပို့ဆောင်၍ သေချာစီစစ်ထားသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ ရေထဲမှ ရရှိသည့် အလောင်းနှင့် ပက်သက်ပြီး၍-
၁။ ရေထဲ မကျမီ သဘာဝရောဂါနှင့် သေဆုံးခြင်းလား။
၂။ ရေထဲကို ကျပြီးခါမှ သဘာဝရောဂါနှင့် သေဆုံခြင်းလား။
၃။ ရေထဲကို မကျခင် ဒဏ်ရာကြောင့် သေဆုံခြင်းလား။
၄။ ရေထဲမှာ ကျပြီးမှ ရရှိသည့် ဒဏ်ရာကြောင့် သေဆုံးခြင်းလား။
၅။ ရေမြုပ်ခြင်း မဟုတ်ဘဲ တခြားမြုပ်နိုင် သည့် အခြေအနေနှင့် သေဆုံးခြင်းလား။
၆။ ရေမြုပ်သေဆုံးခြင်းကြောင်းလား။
-ဆိုပြီး အဓိက အချက် ၆ ချက်ကို ရှာရပါကြောင်း။
သို့သော် အဆိုပါ အချက် ၆ ချက်ကို စာထဲမှာ ပြဌာန်းထားသော်လည်း တကယ့်လက်တွေ့မှာ ဆေးပညာအရ ထင်မြင်ချက် ပေးဖို့ ခက်ပါကြောင်း၊ ယင်းအတွက် အများစုက “ဆေးပညာအရ တိကျသော ထင်မြင်ချက် မပေးနိုင်ပါဟုသာ” မှတ်ချက်ပေးကြပါကြောင်း၊ ယခုဖြစ်စဥ် တွင်လည်း ပြည်နယ်မှူးခင်းဆရာဝန်ကြီး၏ သုံးသပ်ချက်ကို အဓိက ပေါင်းစပ်၍ “ဆေးပညာအရ တိကျသော ထင်မြင်ချက် မပေးနိုင်ပါကြောင်း” ဟုသာ ရေးပေးလိုက်ပါကြောင်း။ “ရေမြုပ်သေဆုံးသည်” ဟု စာတကြောင်း၊ ဝါကျတကြောင်းမှ မပါကြောင်း၊ “ရေမြုပ်သေဆုံးသည်” ဟု ဆရာဝန်ကြီးက ပေးထားသည်ဟု ရဲက ပြောရေဆိုသည်မှာ နှုတ်ကြားစကားဟု ယူဆပါကြောင်း၊ ရဲတပ်ဖွဲ့မှလည်း ဆေးစာကို ထုတ်ပြောခွင့်မရှိသည့်အတွက် တမင်တကာ ဇာတ်လမ်းထွင်၍ ဆရာဝန်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လို၍ ပြောခြင်းလည်း ဖြစ်နိုင်ပါကြောင်း။
လူမှုကွန်ယက်မှာ ဆရာဝန်က ရေမြုပ်သေဆုံးဟု ရေးထားသည့် မဟုတ်မမှန် စွပ်စွဲ အသရေဖျက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု လုပ်ခြင်းသည် နစ်နာမှု အများကြီးရှိပါကြောင်း၊ ပုံမှန်ဆိုလျှင် ဆရာဝန်များကို တရားဝင်တိုင်ကြားသည့် ဖြစ်ရပ်များသည် ကုသရေး
ပိုင်းဆိုင်ရာမှာ ပြည်သူများက အားမရလို့၊ အတိုင်းအတာတခုအထိ ကျေနပ်မှု မရလို့၊ ကုသမှုမှားယွင်းလို့၊ လူနာများ ထိခိုက်ခံစားရလို့ ဆေးရုံဝန်ဆောင်မှုကို အတိုင်းအတာ တခုအထိ ကျေနပ်မှုမရလို့၊ လူနာကို ဆရာဝန်က လာမကြည့်လို့ စသဖြင့် တရားဝင် တိုင်ကြသည်ကများပါကြောင်း။ ယင်းကဲ့သို့ ဖြစ်လျင် ရှင်းရကောင်းပါကြောင်း။
ယခုဖြစ်စဥ်မျိုးကဲ့သို့ ဆရာဝန်ကို ရစရာမရှိအောင် အရှက်ခွဲ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် လုပ်ရပ်မျိုးကအင်မတန် ရှားပါကြောင်း၊ ယနေ့ခေတ်မှာ ရခိုင်လူမျိုး ဆရာဝန်တယောက်ကို ရခိုင်လူမျိုးများ ကိုယ်တိုင်က အသက်အန္တာရယ်ကို ခြိမ်းခြောက်ခြင်း၊ ယင်းဆရာဝန် ဘဝကို ရစရာမရှိအောင် လုပ်သည့် ကိစ္စက ကောင်း ကြုံရခဲ့သည့် ကိစ္စဖြစ်ပါကြောင်း၊ ပြီးလျင် ငွေစား၊ လာဘ်ယူထားသည်ဟု အမှုကို မဟုတ်မမှန် တိုက်ခိုက်ခြင်းသည် ဆရာဝန်ကြီးအတွက် အရှက်ရစရာ ဖြစ်ပါကြောင်း။ ပြည်သူကြားထဲမှာ သိုလော့လောနှင့် ကိုယ်ကျင့်တရား၊ ရိုးသားဖြောင့်မတ်မှု၊ သမ္မာတရား၊ ဆရာဝန် ကျင့်ဝတ်တိကို ပါ အများကြီးထိခိုက်သွားပါကြောင်း။ အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်လို့မရအောင် အထိ စိတ်မကောင်းဖြစ်ရပါကြောင်း။ ငယ်စဥ်ကတည်းကနေ ရိုးသားဖြောင့်မတ်မှု၊ သမ္မာတရားခိုင်မာအောင် ကြိုးစားတည်ဆောက်လာခဲ့သည့် သူ့ ဘဝမှာ ကိုယ်ကျင့်တရားနှင့် ပက်သက်၍ ယခုလိုမျိုး အရှက်ခွဲခံရမည်ဟု တခါမှ အိပ်မက်တောင် မမက်ဖူးကြောင်း။
ဆေးရုံကုသမှု၊ လူနာများကို ကျန်းမာရေး စောင့်ရှောက်မှုတိ အားနည်းသည်ဟု ဝေဖန်ခံရမှု၊ တရားဥပဒေအရ အတိုင်ခံရသည်ဟု ဆိုလျှင်လည်း တာဝန်ပျက်ကွက်မှုနှင့် ပြန်လည် သုံးသပ်မှုကို တည်ဆောက်ပေး၍ ရပါကြောင်း၊ အပြစ်ကို နာခံဖို့ အဆင်သင့် ဖြစ်ပါကြောင်း။
သို့သော် ယင်းကဲသို့ မဟုတ်မမှန်ဘဲ၊ လီဆယ်ပြော၍ လူမှုကွန်ယက်မှာ ကိုယ်ကျင့်တရားပိုင်းကို အရှက်ခွဲခံလိုက်ရမှုအတွက် ပြန်ပြီး ဖြေရှင်းပေးစေလိုပါကြောင်း။ လူမှုကွန်ယက်ပေါ်မှာ ဆရာဝန်မှ ရေမြုပ်သေဆုံး ဆိုပြီး မဟုတ်မှတ်ဘဲနှင့် အသရေဖျက်ထား စာကို စ၍ ရေးသားသူက “သူ မှားကြောင်းကို သူကိုယ်တိုင် ဝန်ခံ၍ ပြန်တင်မှ ပြည်သူကြားထဲမှာ သိုလေ့သိုလေ့ ဒွိရောစိတ်ကို ပပျောက်မည်ဟု မှတ်ယူပါကြောင်း။ မဟုတ်မမှန် ရေးသားဖော်ပြထားသည့် အကောင့်တခုကို ဆက်သွယ်ရေးပုဒ်မဖြင့် တိုင်ကြားထားပါကြောင်း။ မာန်အောင်ဟော်တည် ဖြစ်စဥ်မှာ အဓိက တရားခံမှာ မည်သူလဲဆိုသည်ကို အမြန်ဆုံး ပေါ်ပေါက်စေလိုကြောင်း။ သို့အတွက် ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ မတရားစွပ်စွဲခံရမှုအတွက် ပြန်လည် တည်မတ်ပေးဖို့ ယခု ရောက်ရှိလာသည့် ပုဂ္ဂိုလ်များမှ အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း။
ယင်းကဲ့သို့ မဟုတ်ဘဲ နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်လာပြီး၊ အသရေဖျက်ခံရမှု၊ ကိုယ့်ကျင့်တရား သိက္ခာပိုင်းတိုက်ခိုက်ခံရမှု အတွက် တုန်ပြန့်မှုမရဆိုပါက စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ စိုးရိမ်စိတ်များနှင့် ဆက်လက် တာဝန်ထမ်းဆောင်ရန် ခက်ခဲမည် ဖြစ်ကြောင်း” တင်ပြ ပြောဆိုခဲ့ပါသည်။
မြို့နယ်ဆရာကြီး တင်ပြချက်ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ – ဖြစ်စဥ်များကို ကြားသိရပါကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကာယကံရှင် မိသားစုဝင်များမှလည်း ပူးပေါင်းပါဝင်ဖို့ လိုပါကြောင်း၊ ဆေးစာပါ တကယ့်အကြောင်းအရာပါ အချက်များနှင့် လွဲလျော်ပြီး ဆရာကြီးအပေါ် အသရေဖျက် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ညိုးနွမ်းမှုအတွက် တာဝန်ယူစေကြောင်း ပြောကြားခဲ့ပါသည်။
ပြီးလျှင် နစ်နာသူ ကာယကံရှင် မိသားစုဝင်ဘက်မှ တာဝန်ရှိသူ တစ်ဦးမှ- သူတို့အား ကျောက်ဖြူ ခရိုင်ရဲတပ်ဖွဲ့မှ ဆေးစာမှာ ရေမြုပ်သေဆုံးဟု ပြောလာ၍ ဆရာဝန်မှာ မဟုတ်မမှန် ရေးသားတင်ပြသည့်ဟု မှတ်ယူကြောင်း၊ ဆားချက်စခန်းမှလည်း ဦးနှောက်တွင် ပြည်တည်နာရှိ၍ ရောဂါကြောင်း သေဆုံးရဖြစ်နိုင်ဟု ပြောကြောင်း၊ ကျနော်တို့ ဘက်က သေဆုံးသူ လူငယ်မှာ ဘယ်သောအခါမှ ဆေးခန်း၊ ဆရာဝန်နှင့် ပြသဖူးခြင်း မရှိကြောင်း၊ သို့သော် ယခု ဆေးစာကို ဖတ်ရှု့ကြည့်ပြီးနောက် လုံးဝ ကွဲလွဲမှုရှိပါကြောင်း၊ ဆရာဝန်ဆေးစာမှာ “ဆေးပညာအရ တိကျသော ထင်မြင်ချက် မပေးနိုင်ပါကြောင်း” ဟုသာ ပါရှိ၍ အယင်ကြားသိရသည့်နှင့် လုံးဝ ကွဲလွဲမှု ရှိပါကြောင်း၊ ကြားထားသည်နှင့် မြင်ရသည်က လုံးဝ ကွဲလွဲမှုရှိပါကြောင်း၊ ယခုလို ဖတ်ခွင့်ပေးသည့် ဆရာဝန်ကြီးနှင့် ဌာနဆိုင်ရာများကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးကျော်မြမှ လည်းကောင်း၊ နာရေးအသင်းမှ လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကျေး၊ မြို့မိမြိုဖများက တင်ပြဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဆရာဝန်ကြီး၏ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ညိုးနွမ်းခံရမှု၊ မဟုတ်မမှန်ဘဲ စွပ်စွဲအပြစ်တင်ခံရမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုအတွက် ခုတ်ရာတခြား ချရာ တခြား ဖြစ်ပါကြောင်း၊ လူမှုကွန်ယက်တွင် ယင်းသို့ဖြစ်အောင် လုပ်ဆောင်သည့် သူများအနေဖြင့် ဆရာဝန်ကြီးအပေါ် စွပ်စွဲမှုများကို ပြန်ပြီး ချေဖျက်တောင်းပန်းရမည် ဖြစ်ကြောင်း တင်ပြပြောဆိုခဲ့ကြပြီး တွေ့ဆုံရှင်းလင်းပွဲကို နေ့လည် ၂ နာရီခွဲတွင် ရပ်နားခဲ့ပါသည်။
ပြန်ကြားရေးဌာန
မာန်အောင်ပြည်သူ့ဆေးရုံ
၁၉၊ ၃၊ ၂၀၂၂

