မြေယာနဲ့ အိမ်ယာလိုအပ်ချက်ပြဿနာ

မြေယာနဲ့ အိမ်ယာလိုအပ်ချက်ပြဿနာ

(13th March, 2022)

တကယ်တော့ affordable housing(လူတိုင်းလက်လှမ်းမီနိုင်တဲ့ အိမ်ရာစီမံကိန်း)ဆိုတာ Good Governance (ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်)ရဲ့ သွင်ပြင်လက္ခဏာတစ်ခုဖြစ်တယ်။ အစိုးရကောင်းတစ်ရပ်ဟာ နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ပေးနိုင်ဖို့လိုတယ်။ တန်ဖိုးသင့်ပဲခေါ်ခေါ် တန်ဖိုးနည်းပဲခေါ်ခေါ် မိမိဝင်ငွေနဲ့ အရစ်ကျစနစ်ဝယ်ယူလို့ရတဲ့ အိမ်ရာစနစ်တွေ၊ ငှါးရမ်းခနှုန်းထားသက်သက်သာသာနဲ့ ငှါးရမ်းနေလို့ရမယ့် အိမ်ရာစီမံကိန်းတွေ အကောင်အထည်မဖော်နိုင်ခြင်းက ကျူးပြဿနာတွေရဲ့အစဖြစ်တယ်။

မြေအသုံးချမှု မူဝါဒတွေ ပီပီပြင်ပြင်မရှိတာ၊ ချမှတ်ထားတဲ့မူဝါဒတွေကို ရှိတဲ့ဥပဒေတွေက အောင်မြင်အောင် အကောင်အထည်မဖော်နိုင်တာကအစ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုတွေအလယ် တရားမဝင်ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို မထိန်းချုပ်နိုင်တာအဆုံး အားလုံးဟာ မြေယာပြဿနာတွေရဲ့ အကြောင်းတရားတွေဖြစ်တယ်။

ဒီနိုင်ငံမှာ မြေယာဥပဒေတွေက ရှေ့ရောက်နေပြီးတော့ မြေအသုံးချမှုမူဝါဒက နောက်ရောက်နေတယ်။ မြေယာဥပဒေတွေကလည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုအားနည်းပြီး မြေအသုံးချမှုမူဝါဒကို ရောက်အောင်အကောင်အထည်ဖော်နိုင်ဖို့ထက် ဥပဒေအချင်းချင်းဝိရောဓိဖြစ်နေတာကများတယ်။ နှစ်စဉ်လူဦးရေတွေတိုးလာတယ်၊ စီးပွါးရေးကျပ်တည်းမှုတွေ၊ နယ်ဘက်တွေမှာ လုံခြုံမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတာတွေကြောင့် မြို့ပြမှီခိုသူ၊ မြို့ပြကို ပြောင်းရွှေ့ဝင်ရောက်လာသူ အရေအတွက်မြင့်တက်လာတယ်။ ဒါပေမယ့် တရားဝင်လူနေဧရိယာတွေက တိုးချဲ့မလာဘူး။ စက်မှုဇုံ၊ စီးပွါးရေးဇုံစတဲ့ အကြောင်းပြချက်တွေနဲ့ မြို့သစ်တွေကို တိုးချဲ့ဖော်ထုတ်ကြပေမယ့် မြို့ပြလူဦးရေဖောင်းပွလာမှုကြောင့် မြို့သစ်တွေတိုးချဲ့တာကတော့ ရခိုင်ပြည်နယ်မှာ အတော်နည်းတယ်။ လက်ရှိတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကလည်း ပုဂ္ဂလိကတွေအနေနဲ့ လူနေဧရိယာတွေ တရားဝင်လျှောက်ထားဖော်ဆောင်နိုင်ဖို့ အတော်ခက်တယ်။

လယ်မြေနဲ့ မြေလွတ်မြေရိုင်းလို စိုက်ပျိုးမြေတွေကို တရားဝင်လူနေထိုင်ခွင့်အတွက် လျှောက်ထားဖို့ အဆင့်ပေါင်းများစွာနဲ့ နေပြည်တော်အထိ လျှောက်ရတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ စိုက်ပျိုးမြေတွေကို မြေအမျိုးအစား ပြောင်းလဲခွင့် အားမပေးထားတဲ့သဘော။ တရားဝင်လျှောက်ထားပိုင်ဆိုင်ခွင့် မလွယ်ကူဘဲ အိမ်ရာလိုအပ်ချက်တွေကိုလည်း မဖြည့်ဆည်းပေးနိုင်တဲ့အခါ လူနေအိမ်ရာကျူးကျော်မှုတွေဖြစ်လာတယ်။

ကျူးကျော်တိုင်းကိုတော့ အမှန်တကယ် နေရေးထိုင်ရေးခက်ခဲလို့ကျူးတယ်လို့ သတ်မှတ်လို့တော့မရဘူး။ စာတမ်းတစ်စောင်မှာတော့ အုပ်စု (၄)မျိုးခွဲပြထားတယ်။ (Real Squatter) အမှန်တကယ် နေစရာမရှိလို့ ကျူးတဲ့အုပ်စု၊ (Landlord Squatter)မြေရှင်ကျူးတွေ၊ နေစရာရှိချင်လည်းရှိမယ်၊ ကိုယ်တိုင်ကျူးလည်းဖြစ်ရင်ဖြစ်မယ်၊ မြေလွတ်တွေ့လို့ နေရာဦးပြီး ပြန်ရောင်း/ငှါးစားတဲ့ အုပ်စု၊ (Professional Squatter) ပရိုကျူး/လုပ်စားတွေ၊ နေရာလွတ်တစ်နေရာတွေ့ရင်ဝင်ကျူးမယ်၊ အဖိုးအခရရင် ဖယ်ပေးပြီး နောက်တစ်နေရာ လိုက်ကျူးမယ်၊ (Anarchistic Squatter)မင်းမဲ့စရိုက်ဆန်ဆန်ကျူးတာတွေ၊ လူအုပ်စုဖွဲ့ မိုက်ကြေးခွဲကျူးတာတွေမျိုးပေါ့။ ကျူးရှင်းရတာ တက်လာသမျှ အစိုးရတိုင်းရဲ့ပြဿနာပဲ။ ရွေးကောက်ခံအစိုးရတစ်ချို့ကတော့ ကျူးဆီကတောင် ကရုဏာရှင်မဲ ရအောင်ယူသွားလေ့ရှိကြသေးတယ်။

ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ မြေယာစီမံခန့်ခွဲ လုပ်ပိုင်ခွင့်ကလည်း မြို့ပြအိမ်ရာလိုအပ်ချက်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အဟန့်အတားဖြစ်တယ်။ ၂၀၀၈ ခြေ/ဥမှာ မြေယာစီမံခန့်ခွဲခွင့်ဟာ ဇယား-၂၊ ပြည်ထောင်စု အခွန်အကောက်စာရင်းမှာပါတယ်။ ပြည်နယ်တွေက မြေယာစီမံခန့်ခွဲခွင့်မရှိတဲ့သဘော။ တကယ်လည်း လယ်ယာမြေ(လယ်မြေမဟုတ်)မှအပ မြေလွတ်၊မြေလပ်၊မြေရိုင်းတွေ၊ စားကျက်မြေတွေ၊ သစ်တောမြေတွေအကုန်လုံးဟာ လူနေထိုင်ဖို့အတွက် မြေအသုံးချခွင့်လျှောက်ချင်ရင် နေပြည်တော်ကို တင်ရတယ်။ ပြည်နယ်အစိုးရတွေက သဘောထားမှတ်ချက်ပေးခွင့်ပဲရှိတယ်။ မြို့မြေ၊ရွာမြေ စီမံခန့်ခွဲမှုတွေကလည်း ထွေ/အုပ်ဌာနအဆင့်ဆင့်က အခွန်တော်အရာရှိတွေကတစ်ဆင့်သွားတယ်။ အကြီးဆုံးအခွန်တော်အရာရှိ ဘဏ္ဍာတော်မင်းကြီးကတော့ နေပြည်တော်က ထွေ/အုပ်ညွှန်ချုပ်ဖြစ်တယ်။ဒါပေမယ့် ရန်ကုန်မြို့တော်စည်ပင်နဲ့ မန္တလေးမြို့တော်စည်ပင်တွေဟာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအောက်မှာရှိတဲ့ဌာနတွေဖြစ်ပေမယ့် မြို့ပြမြေယာစီမံခန့်ခွဲခွင့်ကို ဗဟိုအစိုးရကနေ လွတ်လွတ်ကျွတ်ကျွတ်လုပ်ပိုင်ခွင့်ရှိနေတယ်။ တိုင်းဒေသကြီးအစိုးရ လိုငွေတစ်ချို့ကိုတောင် သူထိန်းသိမ်းထားတဲ့ မြို့ပြအရံမြေတွေကို ရောင်းချပြီး ငွေရှာပေးနိုင်တယ်။ ပြည်နယ်/တိုင်းစည်ပင်တွေဟာ မြို့တော်စည်ပင်တွေရဲ့ လုပ်ပိုင်ခွင့်ကို မရနိုင်သေးဘူး။ မြို့တော်စည်ပင်တွေဟာ ကိုယ်ပိုင်ဘဏ်တွေထူထောင်ခွင့်ရှိပြီး မြို့ပြအိမ်ရာထူထောင်ရေးပရောဂျက်တွေအတွက် ငွေထုတ်ချေးခွင့်ပါရှိသေးတယ်။

အစိုးရကမြေပေးနိုင်တယ်၊ ငွေထုတ်ချေးပေးနိုင်တယ်ဆိုရင် မြို့ပြအိမ်ရာစီမံကိန်းတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုသူတွေဟာလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ စီးပွါးရေးလုပ်ဖို့ အခွင့်သာတဲ့ အခြေအနေ၊ အချိန်အခါမျိုးတော့ဖြစ်ဖို့လိုအပ်တာပေါ့။ ပြည်နယ်အစိုးရတွေဟာ ဌာန၊အဖွဲ့အစည်းတွေက အသုံးမလို ပိုလျှံလို့ပြန်အပ်တဲ့ စွန့်လွှတ်မြေတွေမျိုးကိုတော့ အစိုးရအရံမြေအဖြစ် ခေတ္တထိန်းသိမ်းခွင့်ရပြီး အသုံးလိုရင် ဗဟိုအစိုးရကို တင်ပြပြီး သဘောတူညီချက်နဲ့ အသုံးချခွင့်ရပါတယ်။

မြို့ပြမြေရာတွေတိုးချဲ့ခြင်းဟာ အိမ်ရာလိုအပ်ချက်အတွက် တစ်ခုတည်းသောအဖြေတော့မဟုတ်ပါဘူး။ နောက်(၂)နည်းလောက်တော့ရှိသေးတယ်။ Densification လုပ်တာ။ ရှိပြီးသားမြို့မြေထဲ အထပ်မြင့်အဆောက်အဦတွေ ဆောက်ပြီး အိမ်ရာလိုအပ်ချက်တွေကို ဖြေရှင်းတာ။ ရခိုင်ပြည်က မြို့တွေက အထပ်မြင့်အဆောက်အဦတွေ နည်းပါသေးတယ်။ နောက်တစ်နည်းက Reallocation ပြန်လုပ်တာ။ လူနေထိုင်တဲ့ မြို့နယ်နိမိတ်တွေထဲ တစ်ချို့နေရာတွေကို ရွှေ့ပြောင်းပြီး ပြန်လည်နေရာချတာ။ ဥပမာ- သုဿာန်ဟောင်းတို့၊ စွန်ပစ်စက်ရုံမြေနေရာတို့၊ အသုံးမပြုတော့တဲ့ အားကစားကွင်း၊ မီးလောင်ပြင်တို့လိုမျိုးကို ဖျက်သိမ်းပြီး မြို့ပြအတွက်အကျိုးရှိမယ့် မြေနေရာတွေအဖြစ် ပြန်အသုံးပြုတာမျိုးပေါ့။

ရှိပြီးသား မြို့နယ်နိမိတ်တွေကို ပြန်လည်တိုင်းတာ သတ်မှတ်တာဟာလည်း မြို့ပြစီမံခန့်ခွဲမှု(Urban Management )အတွက် လုပ်ရမယ့်အလုပ်တစ်ခုဖြစ်ပါတယ်။ အရင်ကတော့ 1880 Boundary Act အရ လုပ်တယ်။ အခုတော့ ၂၀၁၉ ခုနှစ်မှာ မြေနယ်နိမိတ်တိုင်းတာသတ်မှတ်ရေး ဥပဒေနဲ့ ၂၀၂၁ နည်းဥပဒေတို့အရလုပ်ရမယ်။ မြေနယ်နိမိတ်တိုင်းတာမသတ်မှတ်ခင် လွဲနေတဲ့ မြေမျိုးတွေကို ပြန်တည့်ကြရလိမ့်မယ်။ လက်ရှိမြို့တွေမှာ လူနေထိုင်တဲ့ဧရိယာဟာ မူလမြို့မြေနဲ့ တိုးချဲ့မြို့မြေဆိုပြီး နှစ်မျိုးခွဲလို့ရတယ်။ မူလမြို့မြေအများစုဟာ ကိုလိုနီခေတ် ဒါမှမဟုတ်အဲ့ဒီခေတ်နဲ့ အနည်းငယ်လောက်ပဲ နောက်ကျတဲ့ကာလက သတ်မှတ်ခဲ့တာတွေများပြီး တိုးချဲ့မြို့မြေဆိုတာကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကနေ ယနေ့အထိ မြို့အသီးသီးမှာ နည်းလမ်းမျိုးစုံနဲ့ တိုးချဲ့နေထိုင်လာကြတဲ့မြို့တွေဖြစ်တယ်။ တစ်ချို့တွေက ဆယ်စုနှစ် နှစ်စုသုံးစု၊ မိဘ ဘိုးဘွားလက်ထက်ထဲက နေထိုင်လာခဲ့ပေမယ့် မြေပြင်မှာ ဥပဒေအရတရားဝင်နေထိုင်ပိုင်ဆိုင်ခွင့်မရဘဲ မြို့တွင်း စိုက်ပျိုးမြေတွေ၊ သုဿာန်မြေ စတာတွေအဖြစ်ပဲပေါက်ပြီး ကျူးလိုဖြစ်နေတဲ့ လူနေအိမ်ယာမြေတွေဖြစ်တယ်။ ကျူးစာရင်းကောက်တိုင်းပါပေမယ့် ဖယ်ရှားရှင်းလင်းဖို့လဲအခက် တရားဝင်ပိုင်ဆိုင်မှုလည်း မရတဲ့မြို့နယ်နိမိတ်ထဲက အနေကြာ ကျူးတွေဖြစ်တယ်။ တစ်ချို့ဆို မြို့လည်ကောင်တောင် ရှိတယ်။

မြို့ပြစီမံခန့်ခွဲရေးအတွက် အရေးပါတဲ့ လမ်း၊ လူနေအိမ်၊ မိလ္လာမြောင်း၊ ရေပိုက်လိုင်း၊ မြေပေါ်၊ မြေအောက် ကေဘယ်၊ Manhole အစရှိတဲ့ အညွှန်းစုံပါတဲ့ Reference Map တစ်ခုအတွက် မြို့မြေကွက်စိတ် ပြန်လည်တိုင်းတာသတ်မှတ်ထားတဲ့ မြေပုံတစ်ပုံဟာ မြို့တိုင်းမှာ Base Map အဖြစ်ရှိဖို့လိုတယ်။ လွဲနေတဲ့မြေမျိုးတွေတည့်မယ်၊ မြေနယ်နိမိတ်တွေ ပြန်လည်တိုင်းတာသတ်မှတ်မယ်၊ ကျူးနေတာတွေ ရှင်းမယ်၊ နေထိုင်ပိုင်ဆိုင်မှုမှတ်တမ်း(Town Land Roll)တွေကောက်မယ်၊ တရားဝင်နေထိုင်ပိုင်ဆိုင်ခွင့်ရအောင်လုပ်ပေးမယ်ဆိုရင် မြို့ပြအခြေချနေထိုင်မှုတွေမှာလည်း တရားမဝင် နေထိုင်ပိုင်ဆိုင်မှုတွေ နည်းလာနိုင်ပါတယ်။ မဟုတ်ရင် ရှေ့ကျူးလို့ နောက်ကျူးတယ်၊ မြို့လည်ခေါင်ကျူးတွေတော့တစ်မျိုး၊ ဆင်ခြေဖုံကျူးတွေတော့တစ်ဖုံ ကိုင်တွယ်ဖြေရှင်းနေရရင် ဥပဒေအရ လက်တွေ့လုပ်ရတဲ့သူတွေကိုယ်တိုင် တရားမျှတမှုကို လစ်လျူရှုရာ ရောက်လာပါမယ်။ ခုခေတ် ကျူးရှင်းတဲ့ပုံစံကတော့ ကာလ၊ဒေသ တစ်ခုသတ်မှတ်ပြီး အကျုံးဝင်သူအကုန်ရှင်းတဲ့ မြို့အစပ် ကိုင်းဖျားကိုင်းနားရှင်းတဲ့ ကျူးပဲရှိပါသေးတယ်။
အိမ်ရာပိုင်ဆိုင်ဖို့လည်းမလွယ်၊ စားဝတ်နေရေးလည်း ခက်ခဲတဲ့ ဆင်းရဲသားလူတန်းစားတစ်ရပ်ကတော့ ကျူးရှင်းစီမံကိန်းတိုင်း ထိခိုက်ခံရမှု အများဆုံး ကရုဏာသက်စရာ လူတန်းစားတစ်ရပ်ပါပဲ။

တရားမဝင်ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို မထိန်းချုပ်နိုင်တာနဲ့ ပတ်သက်ရင်တော့ ရခိုင်ပြည်နယ်က မြေယာဈေးကွက်ဟာ မူးယစ်ဆေးဝါးသမားတွေလို လူတွေအတွက် တရားမဝင်ငွေကြေး ခဝါချရာ စားကျက်ဖြစ်လို့ ဆက်ရေးရင် ရှည်နေပါလိမ့်အုံးမယ်။ Eleven ဂျာနယ်မှာ သန်းစိုး(ဘောဂဗေဒ)ဖြေထားတဲ့ အမေး၊အဖြေမှာ ရှာဖတ်ကြည့်ပါတော့…

Read More – – – >>> https://news-eleven.com/article/226083

(မြေယာပြဿနာတွေနဲ့ အိမ်ရာလိုအပ်ချက်ပြဿနာတွေဟာ အများကြီးကျယ်ပြန့်ပါတယ်။ လက်ရှိ မူဝါဒ၊ဥပဒေတွေအရ သိနားလည်သလောက် ရေးကြည့်တာပါ။ လတ်တလော ကိုယ်ရောက်နေတဲ့ အရပ်ဒေသအတွက်ပဲ ရည်ရွယ်ရေးပါတယ်။)

Mg Thar Phru

Source: on Facebook

Photo Credit – Narinjara

Leave a comment