သျှစ်သောင်းဘုရားတွင်ရှိသော အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များ ဇယား

(The Mog Nation Wiki, an archive)

written by: မောင်ဖြူ (ကြွီတဲကျွန်း)

ရခိုင်သမိုင်းပညာရှင်၊ သမိုင်းသုတေသီများသို့ မေတ္တာရပ်ခံချက်

ရခိုင်သမိုင်းကိုလေ့လာကြည်ပါက ရခိုင်လူမျိုးတို့သည် အလွန်တရာ သမိုင်းအစဉ်အလာကြီးမားသော လူမျိုးတစ်မျိုးဖြစ်သည်ကို ရခိုင်ပြည်မှ ခေတ်အဆက်ဆက် ထင်ပေါ်ကျော်ကြားထင်ရှားခဲ့သော ရခိုင်သမိုင်း ပညာရှင်များ ရေးသားခဲ့သော ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် မင်းစဉ်မင်းဆက်ဇယား ရာဇဝင် မှတ်တမ်းမှတ်ရာများကို လေ့လာကြည့်က သိရှိနိုင်ပါသည်။

သို့သော်လည်း ထိုမှတ်တမ်းမှတ်ရာ သမိုင်းရာဇဝင်များတွင် ကမ္ဘာသိ၊ အိမ်နီးချင်းနိုင်ငံများသိ၊ မြန်မာပြည်သိ ကျောက်စာတစ်ခုဖြစ်သော အာနန္ဒစန္ဒြကျောက်စာပါ မင်းများ ဖော်ပြခြင်းမခံရဘဲ ၊ချန်လှပ်ခံထားရသည်မှာ အလွန်ဝမ်းနည်း ဖွယ်ရာကောင်းသော သမိုင်းဖြစ်စဉ်တစ်ခုအဖြစ် ယနေ့အထိ ရှိနေသည်။

တစ်ချို့သော ပြည်တွင်း ပြည်ပ သမိုင်းသုတေသီများက ရေးသားခဲ့သော မှတ်တမ်းမှတ်ရာများတွင် ရာဇဝင်ပါမင်းအမည်များကို ရေးသားဖော်ပြရာတွင် အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်(၃)ဆက်ရှိရာ၌ မိမိတို့ ဖော်ပြလိုသောမင်းတစ်ချို့ကို ရာဇဝင်ပါမင်း အချို့နှင့် ထပ်တူပြု၍ ဖော်ပြကြပြီး ၊ မိမိတို့မလိုအပ်သော ကျောက်စာပါမင်းများကို ချန်လှပ်ကာ ဖော်ပြခဲ့သည်။

အဆိုးဆုံးမှာ ကျောက်စာတစ်ချပ်တည်းမှာ အကြားအလပ်မရှိ၊ တစ်ဆက်စပ်တည်းရေးထိုးထားသော အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်သုံးဆက်တွင် ဒုတိယမင်းဆက်တစ်ဆက်ကိုသာ ရခိုင်သမိုင်းရာဇဝင်တို့နှင့် ညှိနှိုင်းတိုက်ဆိုင်ကာဖော်ပြကြပြီး၊ အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်တစ်ခုလုံး မင်း(၁၅)ပါးနှင့် တတိယမင်းဆက်ပါ မင်း(၉)ပါးကို မသိကျိုးကျွံပြုကာ ချန်လှပ်ထားကြသည်မှာ ယနေ့တိုင်ဖြစ်နေခြင်းပင်သည်။

ဆိုလိုသည်မှာ အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းအမည် ၊ နန်းစံနှစ် အတိအကျပါသော ပထမမင်းဆက်ပါ မင်း(၁၅)မင်းနှင့် တတိယမင်းဆက်ပါ မင်း(၉)တို့မှာ ရခိုင်ရာဇဝင်လာ ဓညဝတီခေတ် မင်းဆက်တွင်ဖော်ပြခြင်း မခံရသလို၊ ဝေသာလီခေတ်တွင် ယနေ့တိုင် ဖော်ပြခြင်း မခံရသောကြောင်း အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက် နှင့် တတိယမင်းဆက်မှာ ယနေ့တိုင် ရခိုင်ပြည်တွင် စိုးစံခဲ့သော မင်းများမဟုတ်သလို နန်းမရ ၊ ပြည်မဟိသော မင်းဆက်တစ်ဆက် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။

မိမိဘက်မှ လေ့လာမှု အားနည်းခဲ့၍ ထိုသို့မသိခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အကယ်၍ မိမ်ိသည် လေ့လာမှုအားနည်း၍ လိုအပ်ချက်များရှိခဲပါက ရခိုင်ရာဇဝင်လာ မင်းစဉ်မင်းဆက် ဇယားတွင် အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်း (၃၇)ပါးတို့သည် ဓညဝတီခေတ် မင်းများလား၊ ဝေသာလီခေတ်မှ မင်းများလားဟူသော အဖြေကို သိရှိနိုင်ရန် အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းအမည်ပါသော ရခိုင်ရာဇဝင် မင်းစဉ်မင်းဆက် ဇယားတစ်ခုကို ချပြပေးကြပါရန် ရခိုင်သမိုင်းပညာရှင်၊ သမိုင်းသုတေသီများအား ရိုးသားစွာဖြင့် အနူးအညွတ် မေတ္တာရပ်ခံပါသည်။
ကျွန်ပ်ဖော်ပြထားသည်မှာ ရခိုင်ရာဇဝင်လာ မင်းများမဟုတ်ပါ၊ ရခိုင်ပြည် မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားတွင်ရှိသော အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များ ဇယားဖြစ်ပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)

2022 February 17



list of monarchs 1_ by မောင်ဖြူ (ကြွီတဲကျွန်း)
list of monrachs 2_ by မောင်ဖြူ (ကြွီတဲကျွန်း)
list of monarchs 3_ by မောင်ဖြူ (ကြွီတဲကျွန်း)

The Mog Nation Wiki

Leave a comment