အရိယသစ္စာ ဆိုတဲ့ စကားလုံး

(The Mog Nation Wiki, an archive)


ဓမ္မစကြာပါဠိထဲမှာ ပါရှိတဲ့ “အရိယသစ္စာ” ဆိုတဲ့ စကားလုံးဟာ နောက်တိုးစကားလုံးတစ်လုံးဖြစ်နိုင်ကြောင်း ပါဠိစကော်လာကြီး ကေအာရ်နော်မန်က ထောက်ပြဖူးတယ်။

သူပြတဲ့ဆင်ခြေကတော့ နှစ်ချက်ပါပဲ။ ပထမအချက်ကတော့ အရိယသစ္စာ ဆိုတဲ့ စကားလုံးကို ဖယ်ထုတ်လိုက်လဲ သုတ်ဟာ အနက်မယွင်းဘူး။ မူလအတိုင်းပဲ အကျိုးသက်ရောက်မှုတန်ဖိုးရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

ဒုတိယအချက်ကတော့ ဒုတိယအရိယာသစ္စာလို့ ဆိုနိုင်တဲ့ သမုဒယသစ္စာမှာ ပါဠိတော်လာ ဝါကျတွေဟာ သမုဒယကိုပယ်ဖို့မဟုတ်ပဲ သမုဒယသစ္စာကိုပယ်ဖို့ ဖြစ်နေပါတယ်။

ဥပမာ- “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗန္တိ မေ ဘိက္ခဝေ…..” စတဲ့ ဝါကျမျိုးတွေကို ဆိုလိုချင်ပုံရပါတယ်။

“ရဟန်းတို့…ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိ

ယာတို့၏ အမှန်တရားကို ပယ်အပ်၏.”.. လို့ မြန်မာဘာသာပြန်မှာလည်း တွေ့ရတဲ့အခါမှာ ဆင်းရဲခြင်းအကြောင်းတဏှာကိုပယ်တာထက် ဆင်းရဲခြင်းအကြောင်းတရားအရိယာတို့ရဲ့ အမှန်တရားကိုပယ်ပါလို့ ဆိုသလိုဖြစ်နေလို့ အဓိပ္ပာယ် နှစ်ခွထွက်နေပါတယ်။ သမုဒယဟာ ပယ်ရမဲ့အရာဖြစ်တယ်လို့ဆိုရင်ရှင်းတယ်။ သမုဒယသစ္စာဟာ ပယ်ရမဲ့အရာဖြစ်တယ်လို့ ဆိုလိုက်တော့ သစ္စာတရားဖြစ်ပြီးပယ်ရမလား ဆိုတာ ဘာသာဗေဒ ပြဿနာပေါ်လာပုံရပါတယ်။

ဒီအချက်တွေကိုထောက်ပြီး အရိယသစ္စာဆိုတဲ့စကားလုံးဟာ သုတ်ထဲမှာနောက်ကျမှရောက်ရှိလာတဲ့ ဝေါဟာရတစ်ခုဖြစ်နိုင်ကြောင်း နော်မန်က ကောက်ချက်ဆွဲတာဖြစ်တယ်။ သူ့ကောက်ချက် ဘယ်လောက်ခိုင်မာမှုရှိသလဲဆိုတာကတော့ ပါဠိစကော်လာတွေချင်းငြင်းခုံစရာပေါ့။

တကယ်တော့ “အရိယသစ္စာ” ဆိုတဲ့ စကားလုံးဟာ ပါဠိစာပေထဲမှာ တင်းကြမ်းတွေ့နေရတဲ့အသုံးတစ်ခုဆိုတာတော့အမှန်ပါ။ နိကာယ်ကြီးတွေကစလို့ ထေရီ ထေရာဂါထာတွေ ဥဒါန်းပါဠိတွေ ပဋိသမ္ဘိဒါမဂ် စတာတွေ မှာလည်း ဒီစကားလုံးကို တွေ့ရသလို နောက်ပိုင်းပေါ်တဲ့ ဝိသုဒ္ဓိမဂ်လို အဋ္ဌကထာ ဋီကာတွေမှာလည်း ဒီ စကားလုံးကို နှစ်သက်စွာသုံးစွဲကြတာကိုတွေ့ရတယ်။

ဒီတွေ့ရှိချက်ကို အခြေခံလို့ ဒေါက်တာစတီဗင်ဘတ်ချလာက သူ့ရဲ့ နောက်ဆုံးစာအုပ် After Buddhism မှာ ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရဟာ သစ္စာ၄ပါး မဟုတ်ပဲ လုပ်ငန်း၄ပါး ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒုက္ခကိုသိရန် သမုဒယကိုပယ်ရန် နိရောဓကိုမျက်မှောက်ပြုရန် မဂ္ဂကိုပွားများရန် စတဲ့ လုပ်ငန်းလေးခုပဲဖြစ်တယ်လို့ သူက ဆိုထားတယ်။ ဒီလုပ်ငန်း ၄ ခုကို အရှိအတိုင်းသိတဲ့ သစ္စဉာဏ် ဘာလုပ်ရမလဲဆိုတဲ့ လုပ်ငန်းကိုသိတဲ့ ကိစ္စဉာဏ် နဲ့ လုပ်စရာတွေကိုလုပ်ပြီးပြီဆိုတာကိုသိတဲ့ ကတဉာဏ်ဆိုတဲ့ ဉာဏ်၃ပါးနဲ့ လုပ်ငန်း၄ လီ မြှောက်တော့ ၁၂ပါးသော လုပ်ငန်းသိမှုတွေပြီးမြောက်မှုတွေ ဖြစ်ရပါသတဲ့။ ဒါဟာ တရားဦးရဲ့ အနှစ်ချုပ်ပဲလို့ သူကဆိုပါတယ်။

အစဉ်အလာဘာသာရေးအတွက်ကတော့ အရိယသစ္စာ ဆိုတဲ့ စကားလုံးကချိုမြိန်စရာပါပဲ။ မွန်မြတ်သောအမှန်တရားဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ လုပ်ငန်းရှုထောင့်ကကြည့်ရင် ဒီလိုချိုမြိန်သောစကားလုံးတွေဟာလည်း အစွဲတစ်ခုထက်မပိုနိုင်ဘဲ လုပ်ငန်းတွေရဲ့ ရိုးရှင်းတဲ့ဖွဲ့စည်းပုံကိုတောင် အနှောက်အယှက်ဖြစ်စေနိုင်လိမ့်မယ်လို့ဆိုပါတယ်။

ဓမ္မစကြာရဲ့ အနှစ်အသားဟာလည်း ဒီလုပ်ငန်းလေးခုကို ဉာဏ်သုံးပါးနဲ့ ပိုင်းခြားသိမြင်လုပ်ဆောင်ပြီးမြောက်ခြင်းပါပဲ။ ဒီသဘောကို တရားပြီးတဲ့အခါ နိဂုံးဆွဲပေးတဲ့ ကောဏ္ဍညမထေရ်ကြီးက “ယံကိဉ္စိသမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓ ဓမ္မန္တိ” လို့ ဆိုပါတယ်။ အကြောင်းမှီစွဲဖြစ်သမျှတရားတွေဟာ ငြိမ်းရချုပ်ရသည်သာ= လို့ သူကဆိုတော့ ဗုဒ္ဓက အေး ကောဏ္ဍညကြီးတော့ တရားသိသွားပြီ လို့ မှတ်ချက်ပြုပါတယ်။ ဒီတရားလေးဟာ ဗုဒ္ဓဓမ္မရဲ့ အနှစ်ချုပ်ပါပဲ။ ဒုက္ခဟာ ဘုရားသခင်ဖန်ဆင်းလို့ဖြစ်လာတာမဟုတ်သလို အကြောင်းမဲ့ဖြစ်လာတာလည်းမဟုတ်ပါဘူး။ ဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားကိုသိသလို ပယ်နိုင်တဲ့နည်းလမ်းကိုသိရင် ဒုက္ခငြိမ်းတာပါပဲ လို့ သူသိသွား (သောတာပန်တည်သွား) ပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဓမ္မစကြာဟာ တိုတိုကျစ်ကျစ်ဖြစ်ပေမဲ့ ဗုဒ္ဓတရားလမ်းတစ်ခုလုံးရဲ့ အနှစ်ချုပ်လိုလည်းဖြစ်နေတယ်။ လုပ်ငန်းရပ်၄ ခု နဲ့ သိမှု ၁၂ မျိုးကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ အနှစ်သာရ သဘောပေါက်ရမဲ့ ပွိုင့်ကိုလည်း တိတိကျကျရည်ညွှန်းထားပါတယ်။ ဒီသုတ်မှာ ပဉ္စဝဂ္ဂီတွေဟာ ရဟန္တာမဖြစ်ကြသေးပဲ သောတာပန်သာတည်ကြတယ်။ နောက် ၅ ရက်အကြာမှာ ခန္ဓာ၅ပါးကို လက္ခဏာ၃ပါးနဲ့ ဆင်ခြင်ချေဖျက်ပြတဲ့ အနတ္တလက္ခဏာသုတ်မှာ သူတို့ အာသဝေါကုန်ခမ်းရဟန္တာလမ်းကိုရောက်ကြပါတော့တယ်။

~ Lynn Htet Swe



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment