(The Mog Nation Wiki, an archive)
Read the author’s original post
ရခိုင်ကမ်းရိုးတမ်းကိုလေ့လာခြင်း
အပိုင်း (၁၁)
ရခိုင်ကမ်းခြေမြင့်တက်ခြင်း
(Emerging Rakhine Coast)
ဒေါက်တာမျိုးမြင့်
နိဒါန်း
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းဖြစ်ပေါ်လာရသည် ဟု ဆိုသည်။ ထိုအဆိုအရကမ်းခြေများကိုရေလွမ်းမိုးမှုကိုအချိန်ကာလတစ်ခုအတွင်းသက်ရောက်မှုကို ရရှိ မည်ဖြစ်သည်ဟုလည်းသက်သေပြနေကြသည်။ သို့သော်၊ မည်သည့်နေရာနှင့် မည်သည့်အချိန် တွင် ဖြစ်နိုင်သည်ကိုတော့ အတိအကျဖေါ်ပြနိုင်ခြင်းမရှိပါ။ သုတေသနပညာရှင်များသည် နေရာဒေသ အ လိုက်လေ့လာနေကြဆဲဖြစ်သည်။ တချို့သောနေရာဒေသ (ကမ်းခြေများ) သည်ပင်လယ်ရေမျက်နှာ ပြင် အောက်သို့နိမ့်ဆင်းနေကြသည်။ နိမ့်ဆင်းနေရခြင်းမှာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာရ ခြင်း ကြောင့်မဟုတ်ဘဲ၊ မူလကမ်းခြေ၏ နိမ့်ဆင်းနေရခြင်းကြောင့်ဖြစ်သည်။
ရခိုင်ကမ်းခြေတွင် မြင့်တက်နေသလော၊ နိမ့်ဆင်းနေသလော၊မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ ကမ်း ခြေတွင်တွေ့ရှိရသောဘူမိရုပ်သွင်အနေအထားများ နှင့် ရှေးကပြုလုပ်ခဲ့သောသုတေသန စာတမ်း များ ၏ တွေ့ရှိချက်များကို အခြေခံ၍ ကောက်ချက်ဆွဲထားသည်။ ရခိုင်ကမ်းခြေတွင်ဘင်္ဂလားပင်လယ် ကို မျက်နှာပြုနေသောကမ်းခြေကို ကျောက်တန်းများရှိသောကမ်းခြေ (rocky beach) နှင့် သဲကမ်းခြေ (sandy beach) ဟုနှစ်မျိုးခွဲနိုင်သည်။ မည်သည့်ကမ်းခြေမဆို တိုက်စားခြင်း၊ သယ်ဆောင်ခြင်း နှင့် ပို့ချ ခြင်းတို့သည်လည်းဖြစ်မြဲဖြစ်နေလျှက်ရှိသည်။
ကျောက်တန်းများရှိသောကမ်းခြေ နှင့် သဲဖုံးကမ်းခြေတို့တွင် မြင့်တက်ကုန်းမြေ (uplifted marine terraces) နှင့်မြင့်တက်ကမ်းခြေ (uplifted paleo-shorelines) များကိုတွေ့ရသည်။ ရခိုင် ကမ်းခြေ၏နေရာအနှံတွင်တွေ့နေရသည်။မာန်အောင်ကျွန်းတွင်ထင်ရှားစွာတွေ့နေရသည်။မာန်အောင် ကျွန်းတွင်ကိုးကြိမ်ထက်မနည်းသောကမ်းခြေမြင့်တက်ခြင်း၏ ဘူမိရုပ်သွင်အထောက်အထားများကို တွေ့နေရသည်။ မြင်တက်မှုများသည်မာန်အောင်ကျွန်းမှမြောက်ဘက်ပိုင်းသည်တောင်ဘက်ပိုင်း ထက် မြင့်တက်အကြိမ်အရေအတွက် နှင့် မြင့်တက်မှုနှုန်းပိုမြင့်သည်ကိုလည်းမှတ်သားရသည်။
မြင့်တက်ကုန်မြေများ၏ချောင်းသေများတွင်စိုက်ပျိုးရေးမြေယာအဖြစ်အသုံးပြုထားသည်ကိုတွေ့ရသည်။ စိုက်ပျိုးမြေယာများသည် ချောင်းဟောင်းအတိုင်းဖြစ်နေသည်။ ရမ်းဗြဲကျွန်းနှင့်မာန် အောင် ကျွန်းတွင်တွေ့ရသည်။ ၎င်းပြင်၊ မြင့်တက်ကုန်မြေများသည် သဲမြေများဖြစ်သည့်အလျှောက်၊ မြေ အောက်ရေခိုအောင်းလွာ (subsurface reservoir) အဖြစ်အသုံးပြုရန်သင့်တော်ဆုံးဖြစ်သည်။ မိုးများသောရခိုင်ဒေသဖြစ်သည့်အလျှောက်၊ ဤဒေသများတွင်၊ မိုးရေဖြင့်မြေအောက်ရေပြန်လည် ဖြည့် ခြင်းနည်းပညာ (Groundwater Recharging-Natural method) ကိုအသုံးပြုခြင်းဖြင့် ရေရှည်တွင် မြေအောက်ရေကိုပေါ ကြွယ်ဝစေမည်ဖြစ်သည်
ရခိုင်ကမ်းခြေမြင့်တက်ခြင်းကိုယခုမြင်တွေ့မှုများ
The Present Finding on Emerging Arakan Coast
ရခိုင်ကမ်းခြေများတွင် ကမ်းခြေမြင့်တက်ခြင်းများတွေ့ရှိဖေါ်ပြမှုများသည် ဂြိုလ်ထုဓာတ်ပုံမှ တွေ့ ရှိရ သောဘူမိရုပ်သွင်ပညာရပ်ဆိုင်ရာတွေ့ရှိမှု၊ မြင်တွေ့နိုင်မှု အပေါ်တွင်အခြေခံ တင်ပြထားသည်။ မြေပြင်ပေါ်တွင်တိုင်းတာမှုများမပါဝင်ပါ။
ပင်လယ်ကမ်းခြေတလျေှက်တွင်၊ လူများနေထိုင်နိုင်သော မြို့နှင့်ရွာများတည်ဆောက်ခြင်းသည် ကမ်းခြေပေါ်မူတည်၍တည်ဆောက်ကြပြီး၊ အများစုသည်ကမ်းခြေ နှင့် အပြိုင်တည်ဆောက်လေ့ကြ သည်။ ပင်လယ်ပြင်ကိုအခြေပြု၍စီးပွါးရှာလုပ်ကိုင်စားရခြင်း၊ ဒီရေဖုံးလွမ်းခြင်းမှဝေးကွာနိုင်ခြင်းကြောင့် ၎င်း၊ ကမ်းခြေသို့ဆက်သွယ်ရန်လွယ်ကူစေခြင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက်အသုံးပြုနိုင်ခြင်း၊ မြေ အောက်ရေတူးဖေါ်ရရှိခြင်း သို့မဟုတ် မြေပေါ်ရေရရှိနိုင်ခြင်း၊ စိုက်ပျိုးရန်လွယ်ကူစေသောမြေအနေအ ထား (သဲမြေ) များရှိနေခြင်းတို့ကြောင့်ဖြစ်နိုင်သည်။
ရခိုင်ကမ်းရိုးတမ်းရှိလူနေထိုင်ရာကျေးရွာများသည်လည်းကမ်းရိုးတမ်းနှင့်အပြိုင်တည်ဆောက် ထားကြသည်ကိုတွေ့နေရသည်။ ယခုအခါတွင်၊ မြင့်တက်ကုန်းမြေများတွင်ရွာများနှင့် စိုက်ပျိုးမြေများ အဖြစ်ပြုလုပ် အသုံးပြုလျှက်ရှိနေကြသည်။ မြင့်တက်ပြီးဖြစ်သော ကမ်းရိုးတမ်းအဟောင်းများ (paleo-shorelines) တွင်လည်းကျေးရွာများ၊ ရွာတန်းရှည်များကိုတည်ဆောက်ထားသည်ကို ကျယ်ပြန့်စွာတွေ့ မြင်နေရသည်။ ထို့ကြောင့်ရွာတန်းရှည်များသည်လျှင် ယခုကမ်းခြေနှင့်အပြိုင်ဖြစ်နေကြပြီး၊ ကမ်းခြေ နှင့်မည်မျှပင်ကွာဝေးစေကာမူ၊ ယခင်ကရှိနေခဲ့သော ပင်လယ်ကမ်းခြေ တစ်ခုကိုညွှန်ပြနေတော့သည်။
ရခိုင်ကမ်းရိုးတမ်းတွင်မြင့်တက်ပြီးကုန်မြေများ (uplifted marine terraces) နှင့် မြင့်တက် ပြီးပင်လယ်ကမ်းခြေများ (uplifted paleo-shorelines) ကို ထင်ရှားစွာတွေ့ရသည် (ပုံ ၁)။

ပုံ ၁။ ရခိုင်ကမ်းရိုးတမ်းတွင်မြင့်တက်ပြီးကုန်မြေများ (uplifted marine terraces) နှင့် မြင့်တက်ကမ်း ခြေများ (uplifted paleo-shorelines) ကိုမြင်တွေ့ရသောနေရာများ (မျှား)။ ဥပမာပေးတင်ပြထား သည် (ကြယ်)။
မြင့်တက်ပြီးကုန်းမြေနှင့် ပင်လယ်ကမ်းခြေများ
Uplifted Marine Terraces and Paleo-shorelines
ကမ်းခြေဟုဆိုသောကြောင့် တိုက်စားခြင်း၊ သယ်ယူခြင်း နှင့် ပို့ချခြင်းလုပ်ငန်းများ ထာဝရရှိနေ ခြင်းကြောင့်၊ ကမ်းခြေသည် ပို့ချကမ်းခြေနှင့်တိုက်စားကမ်းခြေ ဖြစ်ပေါ်စေသည်။ ပို့ချကမ်းခြေများသည် ပို့ချ ခြင်းလုပ်ငန်းကိုအဓိကဆောင်ရွက်ခြင်းကြောင်း ကမ်းခြေများပင်လယ်ဖက်သို့ အလျားလိုက်တိုး၍ သွားခြင်း သို့မဟုတ် ဒေါင်လိုက်မြင့်တက်ခြင်း တို့ကိုဖြစ်ပေါ်စေသည်။ မျှခြေတစ်ခုသို့ မရောက်ခဲ့ပါက၊ ပို့ချခဲ့သောအရာများသည်ပြန်လယ်၍တိုက်စားခြင်းခံရပြီး၊ သယ်ယူခြင်းဖြင့်ပို့ချမှုအသစ်၊အသစ်များ ကို ဖြစ်ပေါ်လာမည်ဖြစ်သည်။ မျှခြေတစ်ခုဆိုသည်မှာ ပို့ချပြီးအရာများတိုက်စားဖျက်စီးခြင်းမခံရဘဲ၊ အမြဲ တည်ရှိနေသည်ကိုဆိုလိုသည်။ ထိုသို့ဖြစ်ပေါ်စေရန်အလို့ငှါ၊ မြေပြင်များမြင့်တက်ခြင်း သို့မဟုတ် ကမ်း ခြေရေလှိုင်းများနောက်ဆုတ်ရွေ့လျားမှုများဖြစ်ပေါ်စေရပါမည်။ ထိုဖြစ်စဉ်များဖြစ်ပေါ်စေရန်၊ ကမ္ဘာမြေ ငလျင်များလှုပ်ခတ်ခြင်းနှင့် မြေထုချပ်များရွေ့လျားလှုပ်ခတ်ခြင်းတို့သည်အဓိကအကြောင်းရင်းများ ဖြစ် သည်။
ရခိုင်ကမ်းခြေတွင်လည်းတိုက်စားခြင်းကြောင့်ဖြစ်ပေါ်လာသောကမ်းခြေနှင့် ပို့ချခြင်းကြောင့်ဖြစ် ပေါ်လာသောကမ်းခြေတို့ကိုအတူတွဲပြီးတွေ့နေရသည် (ပုံ )။ ရခိုင်ကမ်းရိုးတမ်း၏ တစ်ချို့သော ကမ်းခြေ ဟုသတ်မှတ်ခံရသောနေရာတို့သည် ယခုပင်လယ်ကမ်းရိုးတမ်းမှကွာဝေးသောကုန်းမြေတစ်နေရာတွင် ရောက်ရှိနေသည်ကိုတွေ့ရသည်။ ကမ်းခြေတစ်ခုတွင်ဖြစ်ပေါ်သည့် သဲကျွန်းကမ်းခြေများ (spit/bar) နှင့်တိုက်စားကုန်းမြေများ (uplifted wavecut platform) ကိုတွေနေရခြင်းဖြင့် ကမ်းခြေအဟောင်းတစ် ခုဟုအဓိပ္ပါယ်ဖေါ်နိုင်မည်။ နည်းပညာအရချဉ်းကပ်ဖို့ရာအတွက် ဂြိုလ်ထုဓာတ်ပုံနှင့်မြေပြင်ဓာတ်ပုံကိုအ သုံးပြုခြင်းဖြင့် အဓိပ္ပါယ်ဖေါ်နိုင်ဆောင်ရွက်သည်။
နည်းပညာဖြင့်ချဉ်းကပ်ခြင်း
Approach to Methodology
မြေပြင်တွင်မြင်တွေ့ရသောရုပ်သွင်များ၊ မြေမျက်နှာသွင်ပြင်အနိမ့်အမြင့်၊ ရွာတည်ဆောက်မှု၊ အပင်ပေါက်ရောက်မှုနှင့်စိုက်ပျိုးမြေများ၊ ရေစီးချောင်းနှင့် ရေသေချောင်းများ၊ အသစ်အဟောင်းလှီး ဖြတ်ဆက်သွယ်မှု၊ တူရူပြိုင်တန်းနေမှုများ၊ လက်ရှိဖြစ်ပေါ်နေသောပင်လယ်ကမ်းခြေနှင့် တိုက်ဆိုင်တူ ညီမှုကိုရှာယူခြင်းတို့ပေါ်တွင်မူတည်၍အဖြေရှာယူသည်။ မာန်အောင်ကျွန်း၏အရှေ့ဖက်ရှိကမ်း ခြေတစ် ခုကိုနမူနာပုံစံအဖြစ်ပြထားသည် (ပုံ ၂)။
ကျွန်း၏အရှေ့ဖက်ရှိ သဲကမ်းခြေတွင်ရှိ၊ ပို့ချကမ်းရိုးတမ်းနှင့်တိုက်စား ကမ်းတမ်းကို တစ်ချိန် ထဲတွင်တစ် နေရာထဲတွင်တစ်လှည့်စီတွေ့နေရသည် (ပုံ ၂)။ မြင့်တက်ပြီးကုန်းမြေများတွင်လည်းထိုကဲ့ သို့တွေ့နေရသည်။ ၎င်းပြင်၊ သေသွားပြီးသောချောင်းသေများကိုလည်း မြင့်တက်ပြီးကုန်းမြေများ တွင် တွေ့နေရသည် (ပုံ ၂)။ တစ်ချို့သောမြင့်တက်ပြီးကုန်းမြေများစိုက်ပျိုးရေးလုပ်ငန်းများနေရာယူထားကြ ခြင်းကြောင့်၊ ချောင်းသေများပျက်စီးနေမှုကိုတွေ့နေရသော်လည်း၊ ချောင်းရိုးကိုတွေ့နေရဆဲဖြစ်သည် (ပုံ ၂)။

ပုံ ၂။ မာန်အောင်ကျွန်း၏အရှေ့ဖက်ပိုင်းတွင် မြင်တက်ကုန်းမြေများ (uplifted marine terrace) (MT 1, MT 2, MT 3, MT 4)၊ မြင့်တက်ကမ်းခြေများ (uplifted paleo-shorelines)၊ ချောင်းသေများ (dead channels)၊ လက်ရှိကမ်းခြေ၏ ချောင်းများ (active channels)၊ တိုက်စားခြင်း (erosional coast) နှင့် ပို့ချခြင်း (depositional coast) ကမ်းခြေများကိုမြင်တွေ့ရစဉ်။
ရခိုင်ကမ်းရိုးတမ်းရှိမာန်အောင်ကျွန်း၊ ရမ်းဗြဲကျွန်းရှိအနောက်ဘက်ကမ်းခြေများ၊ ကလိန်တောင် ကမ်းခြေ၊ စစ်တွေကမ်းခြေ နှင့် အနောက်ဖရုံကာကျွန်း တို့ကို ဥပမာပေးတင်ပြမည်ဖြစ်သည်။ အနောက် ဖရုံကာကျွန်း၏အနောက်ဖက်ကမ်းခြေသည်ကျောက်ပေါ်ထွက်ပိုင်းများဖြင့်ဖွဲ့ထားသောကမ်းခြေ (rocky beach) တစ်ခုဖြစ်သည်။ ကျန်ရှိသောကမ်းခြေများသည် သဲ နှင့်ရွံ့ များဖြင့်ဖွဲ့စည်းထားသော (sandy beach) သဲကမ်းခြေများဖြစ်သည်။
(၁) မာန်အောင်ကျွန်း
Man Aung Island
မာန်အောင်ကျွန်းသည်ရခိုင်ကမ်းရိုးတမ်း၏အနောက်ဖက်အစွန်းဆုံးတွင်ရှိသောကျွန်းတစ်ခုဖြစ် သည်။ ပင်မကုန်းမြေ၊ တောင်ကုတ်မှ မိုင်၅၀အကွာအဝေးခန့်တွင်ရှိပြီး၊ မာန်အောင်ရေလက်ကြား သို့မ ဟုတ် မာန်အောင်တံခါးဝကိုဖြတ်သန်းသွားကြရသည်။
မာန်အောင်ကျွန်းသည်အရှည်အားဖြင့် ၃၂ ကီလိုမီတာ (၂၀မိုင်) နှင့် အကျယ် ၂၇ ၃ကီလိုမီတာ (၁၇ မိုင်) ရှိသည်။ ဧရိယာအားဖြင့် ၅၂၃ စကွဲယားကီလိုမီတာ (၂၀၂ စကွဲယားမိုင်) နှင့် အမြင့်ဆုံး တောင်ထိပ်မှာ ၂၀၅ မီတာမြင့်သည်။ အရှေ့တောင်ဖက်တွင် ရွံမီးတောင်တစ်ခုရှိသည်။ ကျွန်း၏ အရှေ့ တောင်ဖက်တွင်သေးငယ်ပြီး ရွံမီးတောင်ဖြစ်သော၊ တိုက်ကျွန်းနှင့် ရဲကျွန်းများ ရှိကြသည် (ပုံ ၃)။ ကျွန်း၏အနောက်ဖက်အခြမ်းတွင်ကျဉ်းမြောင်းသော၊ ရှည်လျားဖြောင့်တန်းသောသဲဖုံးကမ်းခြေကို တွေ့ ရသည်။ ကျွန်း၏အရှေ့နှင့်အရှေ့မြောက်ဖက်အခြမ်းသည် အကျယ် ၂၀ကီလိုမီတာ နှင့် အရှည် ၃၀ ကီလိုမီတာရှိသောမြေပြန့်လွင်ပြင်ကိုတွေ့ရသည်။ ထိုမြေပြန့်လွင်ပြင်သည်မြင့်တက်ကုန်းမြေများဖြစ် နေသည် (ပုံ ၃)။

ပုံ ၃။ မာန်အောင်ကျွန်းကိုဂြိုလ်ထုဓာတ်ပုံမှမြင်ရစဉ်။ အရောင်းမျဉ်းများသည် မြင့်တက်ကမ်းခြေများ (uplifted paleo-shorelines) များ နှင့် မြင့်တက်ကုန်းမြေများ (MT) ကိုဖေါ်ညွှန်းသည်။
မာန်အောင်ကျွန်း၏ မြင့်တက်ကမ်းခြေများ နှင့် မြင့်တက်ကုန်းမြေ များကိုတွေ့ရသည်။ ကမ်းခြေ အဟောင်းများမြင့်တက်သွားခြင်း (uplifted marine terrace/shoreline) ကိုယခုလက်ရှိမြင်တွေ့ရ သောကမ်းခြေဖြင့်နိုင်းယှဉ်နိုင်ပြီးတွက်ဆနိုင်သည်။ကမ်းခြေအဟောင်းများရေးဆွဲရှာဖွေရာတွင်ကောင်း ကင်ဓာတ်ပုံများနှင့် ဂြိုလ်ထုဓာတ်ပုံများမှ၊ တွေ့မြင်ရသောသဘာဝအနေအထားများ နှင့် ဘူမိရုပ်သွင် အချက်အလက်များကို အခြေခံယူပြီးခွဲခြားထားသည်။ ကမ်းခြေအဟောင်းတစ်ခုနှင့် တစ်ခုရှိကုန်းမြေ ပြန့်ကိုမြင့်တက်ပြီးကုန်းမြေ (uplifted marine terrace MT) ဟုခေါ်သည် (ပုံ ၂)။
မာန်အောင်ကျွန်းတွင်ကမ်းခြေအဟောင်းကိုးခုကိုတွေ့ရသည် (ပုံ ၂။၃)။ အရှေ့မြောက်ဖက်တွင် မြင့်တက်ကုန်းမြေကိုးခုကိုတွေ့ရပြီး၊ အနောက်တောင်ဘက်ကမ်းခြေတွင်လေးခုကိုသာတွေ့ရသည် (ပုံ ၃။ ၄)။
ဆားချက်၏အရှေ့မြောက်ဖက်တွင်ရှိသောမြင့်တက်ကမ်းခြေများသည်၊ ကမ်းခြေအဟောင်းကို ကမ်းခြေအသစ်မှတိုက်စားထားသည့် တိုက်စားကမ်းခြေကိုတွေ့ရသည် (ပုံ ၄)။ မြင့်တက်ပြီးကုန်းမြေ (MT 1, MT 2, MT 3, MT 4) များကိုတွေ့ရသည်။ ချောင်းသေများ၊ ချောင်းအဆုံးများတိုက်စား ခြင်း ကြောင့်၊ ပြတ်ထွက်သွားခြင်းကိုတွေ့ရသည် (ပုံ ၄)။

ပုံ ၄။ ဆားချက်၏ အရှေ့မြောက်ဖက်တွင်ရှိသော မြင့်တက်ကမ်းခြေ (တိုက်စားကမ်းခြေ) နှင့် မြင့် တက်ပြီး ကုန်းမြေ (uplifted marine terrace MT 1, MT 2, MT 3, MT 4) တို့ကိုတွေ့ရသည်။

ပုံ ၅။ ကအီးဒေသမြင့်တက်ကမ်းများကိုလေ့လာခြင်း၊ မြင့်တက်ကုန်းမြေများ (MT 1, MT 2, MT 3, MT 4)၊ လက်ရှိကမ်းခြေသ၏ ပို့ချခြင်နှင့်တိုက်စားခြင်းကမ်းခြေများ၊ stack စေတီပုံသဏ္ဍာန်ကျောက် ဆောင် (s)၊ တိုက်စားကမ်းခြေ၊ ပို့ချကမ်းခြေအဖြစ်ကမ်းပြိုင်လှိုင်း နှင့် သဲသောင်ကမ်းခြေ (tidal sand- bar) (မျှားအသေး)
ကအီးကမ်းခြေသည် အလွန်လှပသောကမ်းခြေတစ်ခုဖြစ်သည့်အလျောက်၊ ဥပမာပေးနိုင်ရန် သတ်မှတ်ရန်စဉ်းစားနိုင်သည်။ မာန်အောင်ကျွန်း၏အနောက်ဘက်တွင်ရှိသည်။ ဂငယ်ပုံသဏ္ဍန်ကွေး လျက် ရှိသောကမ်းခြေတစ်ခုဖြစ်သည်။ အနောက်ဘက်ပင်လယ်ဘက်တွင် stack စေတီပုံသဏ္ဍာန် ကျောက်ဆောင်ကိုတွေ့နေရသည် (ပုံ ၅။ ၆)။ တိုက်စားကမ်းခြေကိုတွေ့ရသည်။ ပို့ချကမ်းခြေအဖြစ် ကမ်းပြိုင်လှိုင်း နှင့် သဲသောင်ကမ်းခြေ (tidal sandbar) ကိုတွေ့ရသည် (ပုံ ၅)။ ကအီးချောင်းသည် မြောက်ဘက် တောင်ဘက်သို့စီးဆင်းလာပြီး ပင်လယ်ထဲသို့စီးဝင်သွားသည်။ ကမ်းစပ်တလျောက်တွင် သဲသောင် ကမ်းခြေ (tidal sandbar) ကိုထင်ရှားစွာတွေ့နေရသည် (ပုံ ၅၊ ၆)။ ကအီးဒေသမြင့် တက် ကုန်းမြေများ (MT 1, MT 2, MT 3, MT 4) ကိုတွေ့ရပြီး၊ ပေ၅၀ ကျော်မြင့်တက်သွားသည် (ပုံ ၅)။

ပုံ ၆။ ကအီးကမ်းခြေမှအရှေ့တောင်ဖက်ပင်လယ်ပြင်ရှိ stack စေတီပုံသဏ္ဍာန်ကျောက်ဆောင်ကိုမြင်ရ ပုံ။ (ဘယ်)။ ကအီးချောင်းမှမြောက်ဖက်သို့မြင်ရပုံ (ညာ) (MT 4=ကုန်းမြေ)။

ပုံ ၇။ ကအီးကမ်းခြေကို အနောက်တောင်မှအရှေ့မြောက်ဘက်သို့ မြင်ရပုံ (MT 1) ပထမမြင့်တက်ကုန်း မြေ (ဘယ်) နှင့် မိန်းမကြွေးကမ်းခြေရှိ၊ မြင့်တက်ကုန်းမြေလေးခု (MT 1, MT 2, MT 3, MT 4) တွေ့ရပုံ (ညာ)။
အနောက်မြောက်-အရှေ့တောင်အတိုင်းတူရူတန်းနေသောမိန်းမကြွေးကမ်းခြေရှိ၊မြင့်တက်ကုန်း မြေလေးခုကိုတွေရသည် (ပုံ ၇)။ ကအီးကမ်းခြေ၏မြင့်တက်မှု နှင့် အတူဖြစ်နေသည်ကိုတွေ့ရသည်။

ပုံ ၈။ မာန်အောင်ကျွန်း၏မြောက်ပိုင်းရှိ (သစ်ပုံ၊ ကျပ်ရိုး) ကို ကောင်ကင်လေယာဉ်ပေါ်မှတွေ့ရစဉ်။

ပုံ ၉။ မာန်အောင်ကျွန်း၏မြောက်ပိုင်း (သစ်ပုံ) နှင့် အလယ်ပိုင်းဒေသရှိ မြင့်တက်ကုန်းမြေများ (MT 1 မှ MT 9 ထိ) နှင့် မြင့်တက်ကမ်းခြေများ (ပို့ချနှင့်တိုက်စားကမ်းခြေများ) ကိုတွေ့မြင်ရစဉ်။
မာန်အောင်ကျွန်း၏မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသ၏မြင့်တက်ကုန်းမြေများ (MT 1 မှ MT 9 ထိ) နှင့် မြင့်တက်ကမ်းခြေများ (ပို့ချနှင့်တိုက်စားကမ်းခြေများ၊ နှစ်ခုလုံး) ကိုတွေ့မြင်နေရသည် (ပုံ ၉)။ မာန်အောင်ကျွန်း၏ အရှေ့မြောက်ပိုင်းနှင့် အရှေ့ဘက်ပိုင်းတွင်မြင့်တက်မှုကိုးကြိမ်ထက်မနည်းသော ကုန်းမြေမြင့်တက်မှုကိုတွေ့နေရသည်။ ကမ်းခြေသည်အရှေ့နှင့်မြောက်ဘက်ပိုင်းသို့ရွေ့လျားသွားသည် ကိုတွေ့ရသည် (ပုံ ၉)။ ယခုလက်ရှိကမ်းရိုးတမ်းနှင့်နှိုင်းယှဉ်သော် ဒုတိယမြင့်တက်မှုဖြစ်သော (အဖြူ ရောင်လိုင်း) မြင့်တက်မှုဖြစ်စဉ်သည်ကြီးမားသော၊ သိသာထင်ရှားသောဖြစ်စဉ်ဖြစ်နေသည်ကိုတွေ့နေ ရသည် (ပုံ ၉)။ ၎င်းမြင့်တက်မှုပုံသဏ္ဍာန်သည် ယခုလက်ရှိကမ်းခြေပုံသဏ္ဍာန်ဖြစ်ပေါ်စေမှု နှင့်တူညီ နေသည်ကိုတွေ့ရသည်။ ယခုလက်ရှိကမ်းခြေပုံသဏ္ဍာန်သည်ဒုတိယမြင့်တက်မှုဖြစ်သော (အဖြူရောင် လိုင်း) ဖြစ်ပေါ်ခဲ့သောအချိန်မှစ၍ဖြစ်ပေါ်ခဲ့သည်ဟုသက်သေပြနိုင်သည်။ Wang Yu, et al (2013) ၏သက်သေပြချက်မှာ၊ မာန်အောင်မြို့၏အနောက်ဖက်ဒေသမှရုပ်ကြွင်းနမူနာစမ်းသတ်ချက် အ ရ၊ ၎င်းမြင့်တက်မှုသည် ၁၇၆၂ခု နှစ်ဖြစ်ပေါ်သောမြေငလျင်နှင့်ဆက်သွယ်မှုရှိနေသည်ဟုဆိုသည်။ ယ ခု စာစုတွင်မြေပြင်တိုင်းတာချက်များ ပါဝင်မှုမရှိသော်လည်း၊ ၎င်းမြင့်တက်မှုသည် ၁၇၆၂ ခုနှစ်ထက် စော စီးစွာဖြစ်မည်ဟုဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ မာန်အောင်မြို့တည်ထောင်သောနှစ်ကို အတိ အကျမသိရသော်လည်း၊ ၁၇၆၂ ခုနှစ်ထက်စောစွာတည်ရှိနေမည်ဟုယူဆနိုင်သည်။ မေဃဝတီ ဟုခေါ် သောမာန်အောင်ကျွန်းသည်ရခိုင်ဘုရင်များလက်ထက်ကပင်ရှိပြီးဖြစ်သည်။ မာန်အောင်မြို့သည် ယခင် ပင်လယ်ကမ်းခြေဟုဆိုသောနေရာတွင်တည်ဆောက်ထားခြင်းကြောင့်လည်းဖြစ်သည် (ပုံ ၁၀)။
မာန်အောင်ကျွန်း၏ တောင်ဘက်ပိုင်းနှင့် အနောက်တောင်ဘက်ပိုင်းတွင် မြင့်တက်မှုလေး ကြိမ် ထက်မနည်းသောကုန်းမြေမြင့်တက်မှုကိုတွေ့နေရသည်။ မြင့်တက်မှုအကြိမ်အရေအတွက်သည် ကျွန်း ၏ အရှေ့နှင့်အနောက်ဘက်ပင်လျှင်မတူညီမှုဖြစ်နေကိုတွေ့နေရသည် (ပုံ ၉၊ ၁၀)။ ထိုကဲ့သို့ဖြစ် ပေါ်ရ ခြင်းမှာ၊ ကမ်းခြေ၏အစောင်း (slope) မတူညီမှုကြောင့်၄င်၊ မြင့်တက်တိမ်းစောင်းမှုနှုန်းသည်နေရာ ပေါ်လိုက်၍တူညီ မှုမရှိနေခြင်းကြောင့် ဖြစ်သည်။

ပုံ ၁၀၊ မာန်အောင်ကျွန်း၏အရှေ့ နှင့် အရှေ့မြောက်ဒေသရှိမြင့်တက်ကုန်မြေများ (MT 1 မှ MT 9 ထိ) ကိုတွေ့ရစဉ်။ အရောင်လိုင်းများသည် မူလကမ်းခြေများ (uplifted paleoshorelines) ကိုရည်ညွှန်း သည် (အနီရောင်သည်ပထမဦးဆုံးကမ်းခြေဖြစ်သည်)
မာန်အောင်ကျွန်း၏အရှေ့ နှင့် အရှေ့မြောက်ဒေသ၏ကမ်းစောင်းသည်ပြေပြစ်မှုရှိပြီး၊ အနောက် နှင့်နောက်တောင်ဘက်ကမ်းခြေသည်ပို၍မတ်စောက်မှုရှိသည်ဟုတွက်ဆနိုင်သည်။ ၎င်းပြင်၊မြင့်တက် မှုနှုန်းမှာအရှေ့ဘက်အပိုင်းသည်အနောက်ဘက်ကမ်းထက်ပို၍များသည်ဟုတွက်ချက်နိုင်သည်။ မြေ မျက်နှာသွင်ပြင်အနိမ့်အမြင့်ကိုတိုင်းတာရန်အခက်အခဲရှိနေသော်လည်း၊ မာန်အောင်ကျွန်း၏ စုစုပေါ်င်း မြင့်တက်မှုသည် ကိုးကြိမ်ထက်ထက်မနည်းသောမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး၊ ယခုပင်လယ်ရေမျက်နှာပြင် မှ ပေ ၄၅၀ မှ ပေ ၅၀၀ ခန့်အထိမြင့်တက်ခဲ့ပြီးဖြစ်သည်ဟုကောက်ချက်ချနိုင်သည်။
၎င်းပြင်၊ ကမ်းခြေ၏အနောက်မြောက်ဒေသ (သစ်ပုံရွာအနောက်ဖက်) သည်ကမ်းခြေမြင့် တက် ခြင်းဖြစ်နိုင်သောနေရာသစ်တစ်ခုအဖြစ်သတ်မှတ်နိုင်မည်လော။
ရမ်းဗြဲကျွန်း
Ramree Island
ရမ်းဗြဲကျွန်း သည်မြန်မာနိုင်ငံ၏အနောက်ဘက်တွင်ရှိပြီး၊ ရခိုင်ကမ်းရိုးတမ်း၏အကြီးဆုံး သော ကျွန်းတစ်ခုဖြစ်သည်။ ဧရိယာအားဖြင့်၁၃၅၀ စကွဲယားကီလိုမီတာ (sqkm) (၅၂၀ စကွဲယားမိုင် sqm) ခန့်ရှိသည်။ အမြင့်ဆုံးနေရာသည် ၃၀၀မီတာ (၉၈၄ ပေ) ရှိသောဇီးခါးတောင်ဖြစ်ပြီး၊ အနောက်တောင် ဘက်၊ ကမ်းခြေအနီးတွင်တည်ရှိသည်။ ရွံ့မီးတောင် ကိုသုံးနေရာတွေ့ရသည်။
ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ကမ်းခြေသည်ရခိုင်ရိုးမကမ်းခြေ နှင့်မြောက်ဖက်တွင်သံစစ်မြစ်၊ မဒေး မြစ်ဖြင့်၎င်း၊ တောင်ဖက်တွင်ကလိန်တောင်မြစ်တို့ဖြင့်ထိတွေနေပြီး၊ ဒီရေတောမြစ်ဝကျွန်းပေါ်ဒေသ များ (tide dominated delta) ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ ရခိုင်ရိုးမတောင်တန်းပေါ်မှစီးဆင်းလာ သောမြစ်ချောင်းများ (ယောချောင်း၊ ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ လမူးချောင်း၊ ဆားပြင် ချောင်း၊ တန်းခွဲချောင်း၊ တောင်ကုတ်ချောင်းနှင့် သဒေးချောင်း) မှသယ်ဆောင်လာသော အနည်များ သည် ရမ်းဗြဲကျွန်း (ခွန်ချောင်းကျွန်း) တို့မှပိတ်ဆို့ထားခြင်းကြောင့် ဘင်္ဂလားပင်လယ်သို့လွတ်လပ်စွာစီး ဆင်းနိုင်မှုမရှိတော့ဘဲ၊ ထိုဒေသနှစ်ခုကြားတွင်ပို့ချခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပေါ်လာ ရခြင်း ဖြစ်သည်။ ထို့ကြောင့်၊ တောင်ဖက်ရှိဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသကို ဒီရေတောမြစ်ဝကျွန်းပေါ်ဒေသ ဟု ခေါ်ဆိုသည်။
ရမ်းဗြဲကျွန်းတွင်လည်းကမ်းခြေမြင့်တက်ခြင်းကို ခြောက်ကြိမ်တွေ့ရသည် (ပုံ ၁၁၊ ၁၂၊ ၁၃)။ ရမ်းဗြဲကျွန်း မြောက်ဖက်၊ ကျောက်ဖြူမြို့၏အနောက်ဖက်ကမ်းခြေ၊ ဇင်ချောင်းကမ်းခြေ၊ လေးတောင် ကမ်း ခြေတို့တွင်တွေ့ ရသည် (ပုံ ၁၁၊ ၁၂၊ ၁၃)။

ပုံ ၁၁။ ရမ်းဗြဲကျွန်းအနောက်မြောက်ဖက်ဒေသ၊ ကျောက်ဖြူမြို့အနောက်ဖက်၊ မြင့်တက်မှုကုန်းမြေ နှင့် မြင့်တက်ကမ်းခြေများကိုတွေ့ရစဉ်။

ပုံ ၁၂။ ရမ်းဗြဲကျွန်းအနောက်ဖက်ကမ်းခြေ၊ ဇင်ချောင်းကမ်းခြေ (ဘယ်)၊ မြင့်တက်ကုန်းမြေ နှင့် မြင့်တက် ကမ်းခြေ (မျှား) တွေ့ရပုံ (ညာ) အရှေ့တောင်သို့ဓာတ်ပုံရိုက်ကူးသည်။

ပုံ ၁၃။ ရမ်းဗြဲကျွန်းအနောက်ဖက်ကမ်းခြေ၊ လေးတောင်ရှိကမ်းခြေ၊ လိုင်းများသည်ကမ်းခြေအဟောင်း ကိုတွေ့ရပုံ၊ ကမ်းခြေသည်အနာက်ဖက်သို့ရွေ့သွားသည်။
စစ်တွေကမ်းခြေ
Sittwe Beach
စစ်တွေမြို့သည် ဘင်္ဂလားပင်လယ်နှင့် ကုလားတန်မြစ်ဆုံပေါ်တွင်တည်ရှိနေသည်။ စစ်တွေမြို့ ၏အနောက်ဖက်တွင်ရှိကမ်းခြေသည်ဘင်္ဂလားပင်လယ်ကိုအနောက်တောင်ဖက်သို့မျက်နှာပြုနေသည်။ စစ်တွေကမ်းခြေသည် မယူမြစ်နှင့်ကုလားတန်မြစ်အကြားတွင်ရှိနေသည် (ပုံ ၁၄)။
စစ်တွေကမ်းခြေသည်လည်း ကမ်းခြေမြင့်တက်ခြင်းကိုခြောက်ကြိမ်ခန့်တွေ့ရသည် (ပုံ ၁၄)။ ဆပ်ရိုးကျချောင်း၏အနောက်ဖက်တွင်တွေ့ရသည်။

ပုံ ၁၄။ စစ်တွေမြို့အနောက်ဖက်ကမ်းခြေ။ လိုင်းများသည်ကမ်းခြေအဟောင်းကိုတွေ့ရပုံ၊ ကမ်းခြေသည် အနောက်တောင်ဖက်သို့ရွေ့သွားသည်။
ဖရုံကာကျွန်း (အနောက်)
Barongar Island (west)
အနောက်မြောက်မြောက်မှ အရှေ့တောင်တောင် သို့ သွယ်တန်းနေကြသော (NNW-SSE) ဖရုံ ကာကျွန်းသုံးကျွန်းရှိသည့်အထဲတွင်၊ အနောက်ဖရုံကာကျွန်း၏အနောက်ဖက်ကမ်းခြေသည် ဘင်္ဂလား ပင်လယ်ကိုမျက်နှာပြုနေသည်။ တခြားသောကမ်းခြေမြင့်တက်မှုရှိ ကမ်းခြေများနှင့်နှိုင်ယှဉ် လျှင်အ နည်းငယ်ကွာဟသည်။ ယခုကမ်းခြေသည် ကျောက်ဆောင်များနှင့်ဖွဲစည်းထားသောကမ်းခြေ (Rocky beach) ဖြစ်ပြီး၊ တိုက်စားကမ်းခြေတစ်ခုဖြစ်သည် (ပုံ ၁၅)။ ထို့ကြောင့် ကမ်းခြေလှိုင်းများ၏ တိုက်စား မှုကိုပြင်းထန်စွာခံထားရသည်။ ပို့ချကမ်းခြေများတွင်တွေ့ရသည့်ကမ်းပြိုင်လှိုင်းကြောင့်ဖြစ်ပေါ်သောသဲ ခုံများ (spit or bar) တွေ့ရှိရမည်မဟုတ်ပါ။
အနောက်မြောက်မြောက်မှ အရှေ့တောင်တောင် သို့ သွယ်တန်းနေကြသောကျောက်လွာများ အတိုင်းကမ်းခြေဖြစ်ပေါ်နေခြင်းကြောင့်၊ မြင်တက်မှုမှာလည်းထိုတူရူတန်းမှုက ထိမ်းချုပ်ထားသည် (ပုံ )။ အနောက်ဖရုံကာကျွန်းတွင် မြင့်တက်ကုန်းမြေသုံးခုတွေ့ရသည် (ပုံ ၁၅)။ ပြင်းထန်သောတိုက်စားမှု ကြောင့်မြင့်တက်ပြီးကမ်းခြေ နှင့် ကုန်မြေများကို တိုက်စားထားသည်ကို တွေ့နေရသည် (ပုံ ၁၅)။ တချို့ ကမ်းခြေနေရာတွင် MT 1 နှင့် MT 2 ကို တိုက်စားခံထားရသောကြောင့် ပျေုာက်ကွယ်သွားပြီး၊ မမြင် တွေ့နိုင်ရတော့ပါ (ပုံ )။ တချို့တွင် MT 1 တိုက်စားခံရပြီး MT 2 ကိုသာတွေ့နေရသည် (ပုံ ၁၆)။

ပုံ ၁၅။ အနောက်ဖရုံကာကျွန်း၏အနောက်ဖက်ကမ်းခြေရှိ ကမ်းခြေမြင့်တက်ကုန်းမြေများ (MT 1, MT 2, MT 3)။

ပုံ ၁၆။ တိုက်စားခြင်းကမ်းခြေ၊ ကမ်းခြေအနီးတွင်ရှိ uplifted marine terrace (uplifted wave-cut platform MT 2) (အနီရောင်မျှား) ကိုဆံတော်ရှင်ဘုရားပေါ်မှမြင်ရပုံ (ဘယ်)နှင့် ပင်လယ်မြင့် တက် ပြီးကမ်းခြေကိုအနီးမှမြင်တွေ့ရစဉ် (flat top ကိုတွေ့ရစဉ်) (အဖြူရောင်=မူလကျောက်လွာ၏ တိမ်း စောင်းညွှန်ပြလိုင်း (Strike)) ကိုဒီရေအမြင့်ဆုံးတွင်တွေ့ရစဉ်၊ (ညာ)၊ အနောက်ဖရုံကာကျွန်း ဆံတောင် ရှင် စေတီအနီး၊ ပေါက်တောမြို့။
ကလိန်တောင်ကမ်းခြေ
Kelaindaung Beach
ကလိန်တောင်မြစ်နှင့်တောင်ကုတ်ချောင်းဆုံရာတွင်ရှိသည် (ပုံ ၁၇)။ ကမ်းခြေသည်တောင်ဖက် သို့မျက်နှာမူလျှက်နေသည်။ ကမ်းခြေဟောင်းခြောက်ကြိမ် သို့မဟုတ် မြင့်တက်ကုန်မြေခြောက်ခု တွေ့ မြင်နေရသည် (ပုံ ၁၇)။ လက်ရှိကမ်းခြေအနေအထားနှင့် ကမ်းခြေအဟောင်းများသည် အပြိုင်အနေအ ထားအဖြစ်ရှိနေသည်။ ကမ်းခြေသည် တောင်ဖက်သို့ရွေ့လျားမြင့်တက်သွားသည်။

ပုံ ၁၇။ ကလိမ်တောင်မြစ်ဝရှိ ပန်းတင်းကျွန်းကမ်းခြေ၊ တောင်ကုတ်အနောက်ဖက်။ လိုင်းများသည် မြင့် တက်ပြီးကမ်းခြေ (uplifted paleo-shoreline) ကိုတွေ့ရပုံ၊ ကမ်းခြေသည်တောင်ဖက်သို့ရွေ့သွား သည်။
မိုးရေဖြင့်မြေအောက်ရေပြန်လယ်ဖြည့်ခြင်း
(Groundwater Recharging)
မိုးရေကို အသုံးပြု၍ သဘာဝနည်းအတိုင်းမြေအောက်သို့သွတ် သွင်းခြင်းဖြင့်မြေအောက်ရေ ပြန်လယ်ဖြည့်ဖြိုးပေးခြင်းကိုခေါ်ဆိုသည် (ပုံ ၁၈)။ မိုးရေဖြင့်မြေအောက်ရေပြန်လယ်ဖြည့်ခြင်းကိုပြု လုပ်ဆောင်ရွက်မည်ဆိုလျှင်၊ အောက်ပါအချက်အလက်များကိုအခြေခံစဉ်းစားရမည်ဖြစ်သည်။
လစဉ်မြေအောက်ရေလွာအနိမ့်၊ အမြင့် (Monthly water table elevations (historical ones)
လစဉ်မိုးရွာသွန်းမှု (Monthly rainfall)
မြေအနေအထား (Soil types) ရွံ့ (တားဆီး)၊ သဲ (ခိုအောင်း)။
သိုလောင်လွာရေစီးဆင်းမှုစွမ်းအား(Hydraulic conductivity of aquifers (not very reliable) (porosity and permeability)
အဓိကမျှခြေဆုံမှတ်၊ လုတ်လွှတ်ရေထုတယ် (Specific yield (almost not reliable))
မြေအောက်နက်စီးဆင်းမှုပုံ (Deep drainage (quite good estimation)
ရေငွေ့ပြန်ခြင်း-အပင်မှစုတ်ယူခြင်း (Evapo-transpiration)
မြေအောက်ရေတက်၊ကျဇယားများ (GW histograms)
အခြေခံအားဖြင့် မိုးရေဖြင့်မြေအောက်ရေပြန်လယ်ဖြည့်ခြင်းကိုပြုလုပ်ဆောင်ရွက်မည်ဆိုလျှင ပြုလုပ်ရာတွင်အဓိက နည်းနှစ်ခုရှိသည်။ (၁) Water balance method (၂) Ground water level Fluctuation Method တို့ဖြစ်သည်။
(၁) Water balance method တွင် ဖေါ်မြူလာအားဖြင့်၊
Gross Ground Water Recharge= Total input (Rainfall+Imported water) – (Runoff + Evaporation + Evapotranspiration + Change in soil moisture storage)
(၂) Ground water level Fluctuation Method တွင် ဖေါ်မြူလာအားဖြင့်၊
Net Ground Water Recharge = Change in groundwater storage + Groundwater extraction
နည်းပညာ အမှတ် (၂) သည် ပို၍ယထာဘူတဖြစ်သည်ဟုဆိုသည်။ နည်းပညာ အမှတ် (၁) တွင်ပါဝင်သော Evaporation နှင့် Evapotranspiration ကိုတိကျစွာတိုင်တာရန်ခက်ခဲနေမည်ဖြစ် သည်။ Ground water level Fluctuation Method တွင် မြေအောက်ရေမျက်နှာပြင်အမြင့်သည် မုတ် သုန်ကာလ မတိုင်မီနှင့်ကျရောက်ပြီးကာလသည် တနှစ်လုံး၏ မြေအောက်ရေရရှိမှု၊သုံးစွဲမှု နှင့် စီမံ ခန့်ခွဲမှုပြုလုပ်ရာတွင်ခက်ခဲပြီး၊ ပို၍အရေးကြီးသောကာလတစ်ခုဖြစ်နေမည်ဖြစ်သည်။ မုတ်သုန် ရာ သီ၏မိုးရေချိန်ပေါ်တွင်အဓိကတည်မီနေမည်ဖြစ်သည့်အပြင်၊ တိကျသောမြေအောက်ရေစိမ့်ဝင်ရောက် မှုနှုန်း (specific yield and infiltration rate) တို့အပေါ်တွင်မူတည်နေကြသည်
ပြန်လယ်၍ပေါင်းစပ်နိဂုံးချုပ်ရသော်၊ ယခု ဖေါ်ပြခဲ့သောမြင့်တက်ကုန်းမြေများ (uplifted marine terraces) နှင့် မြင့်တက်ကမ်း ခြေများ (uplifted paleoshorelines) သည် သဲများဖြင့်ဖွဲ့စည်း ထားသောကြောင့် ရေသိုလှောင်နိုင်စွမ်းသောအနေအထားရှိသည်။ ထို့ကြောင့်၊ တချို့နေရာဒေသများ တွင်ရေတွင်းတိမ် (shallow wells/tube wells) များကိုသဘာဝအလျှောက်တူးယူခြင်းဖြင့် မြေအောက် ရေချိုများကိုလွယ်ကူစွာရရှိနီုင်သည်။ တချို့နေရာဒေသများတွင် ရေငံများသာရရှိနိုင်သည်။ ရေချိုမရရှိ သော ထိုဒေသများတွင်၊ မိုးရေကို (မိုးများသောရခိုင်ဒေသတွင်) အသုံး ပြု၍သဘာဝနည်းအတိုင်းမြေ အောက်သို့သွတ်သွင်းခြင်းဖြင့်မြေအောက်ရေ ပြန်လယ်ဖြည့်ဖြိုး ပေးခြင်းနည်းပညာကိုရေရှည်အကျိုး အတွက်၎င်း၊ ကုန်ကျစရိပ်အလွန်ကြီးမားလှခြင်းမရှိခြင်းတို့ကြောင့် ၎င်း၊ အသုံးပြုရန်စဉ်းစားသင့်သည် (ပုံ ၁၈)။
(ယခုဖေါ်ပြချက်များသည် အသိပညာတိုးပွါးနိုင်ရုံသက်သက်ဖြစ်ပြီး၊ နည်းပညာအရချဉ်းကပ်မှု မပါဝင်ပါ)။

ပုံ ၁၈။ မိုးရေကို အသုံးပြု၍ သဘာဝနည်းအတိုင်းမြေအောက်သို့သွတ်သွင်းခြင်းဖြင့်မြေအောက်ရေ ပြန်လယ်ဖြည့်ဖြိုးပေးခြင်းနည်းပညာ (အပေါ်။ သဘာဝချောင်းများကို အသုံးပြုခြင်း) (အောက်။ ရေ ကန်များပြုလုပ်ပြီးအသုံးပြုခြင်း) ကိုခေါ်ဆိုသည်။
ဆက်လက်ဖေါ်ပြပါမည်
နေုာက်အခန်းတွင် Coastal Management ကမ်းခြေကိုစီမံခန့်ခွဲခြင်း
ဤဆောင်းပါးတွင်အသုံးပြုထားသောဓာတ်ပုံများသည် Facebook page မှ ကော်ပီ ကူးယူအသုံးပြုထားခြင်းကြောင့်၊ မူလပိုင်ရှင်များကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။
ကျေးဇူးတင်ပါသည်။
~ ဒေါက်တာမျိုးမြင့်
(28th January 2021)

Myo Myint | on Facebook
End Notes and External links
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


