ဗုဒ္ဓဘာသာရဲ့ ကံကံ၏အကျိုး အယူအဆ

(The Mog Nation Wiki, an archive)


ဗုဒ္ဓဘာသာရဲ့ ကံကံ၏အကျိုး အယူအဆမှာ ကံ ကို အုပ်စုလေးမျိုး နဲ့ တစ်အုပ်စုမှာ ကံ ၄ မျိူး လေးမျိုးလေးလီ ကံ ၁၆ မျိုး ခွဲထားတာကို တွေ့ရပါတယ်။

ပြုလုပ်တဲ့ ကံ အမျိုးအစား ၄ ခုရှိတယ်။
၁။ အားကြီးလွန်းတဲ့ ကောင်းမှု မကောင်းမှုတွေ
၂။ နေ့စဉ်ဆောင်ရွက်မြဲဖြစ်တဲ့ ကောင်းမှု မကောင်းမှုတွေ
၃။ သေဆုံးခါနီး ပြုမိတဲ့ ကောင်းမှု မကောင်းမှုတွေ
၄။ အထက်၃ မျိုးမှာမပါပဲ ဘဝထိုထိုမှာ လုပ်ဖူးတဲ့ ကောင်းမှု မကောင်းမှုတွေ

ကံအကျိုးပေးပုံအစွမ်းနဲ့ ပတ်သက်ပြီးလည်း ၄ မျိုး ခွဲထားတယ်။
၁။ အဓိက ဖြစ်စေတတ်တဲ့ ကံ
၂။ ကပ်၍ ထောက်ပံ့ကူညီတဲ့ ကံ
၃။ ကပ်၍ နှောက်ယှက်ဖျက်ဆီးတဲ့ ကံ
၄။ အဓိက ဖြတ်တောက်ဖျက်ဆီးတဲ့ကံ

ကံအကျိုးပေးရာ ကာလအနေနဲ့လည်း ၄မျိုး ခွဲထားတယ်။
၁။ လက်ငင်းလက်ရှိဘဝမှာ အကျိုးပေးမဲ့ကံ
၂။ နောက်ဘဝ ဒုတိယ ဘဝ မှာ အကျိုးပေးမဲ့ကံ
၃။ တတိယဘဝကစလို့ သံသရာမဆုံးခင် အကျိုးပေးမဲ့ကံ
၄။ အကျိုးပေးခွင့်မရလို့ ပျက်ပြယ်သွားရတဲ့ကံ

ကံအကျိုးပေးရနိုင်တဲ့ ဘုံဘဝတွေကိုအခြေခံလို့လည်း ၄ မျိုးခွဲထားတယ်။
၁။ အပယ်ဘဝတွေကို ရောက်စေတဲ့ကံ
၂။ ကာမဘုံသုဂတိတွေ ရောက်စေတဲ့ကံ
၃။ ရူပဗြဟ္မာ ဖြစ်စေတဲ့ကံ
၄။ အရူပ ဗြဟ္မာ ဖြစ်စေတဲ့ကံ

အားကြီးလွန်းတဲ့ ကောင်းမှုမကောင်းမှုဆိုတာတွေကတော့ ဈာန်မဂ်ဖိုလ်မဟာကုသိုလ်တွေ အမိသတ်အဖသတ်လို အနန္တရိယကံကြီးထိုက်တာတွေ ပေါ့။ ရတနာသုံးပါး ကို စော်ကားဖျက်ဆီးတာတွေလည်း ပါနိုင်တာပေါ့။

နေ့စဉ်ဆောင်ရွက်မြဲဖြစ်တဲ့ သတ်ခိုးကျူးလိမ်မူး ကိစ္စတွေ ဒါသီထဝိ တရားကျင့်သုံးမှုတွေဟာ နေ့စဉ်ပြုတဲ့ကံတွေပေါ့။

သေကာနီးမှ ပြုမိတဲ့ ကောင်းမှုမကောင်းမှုတွေကတော့ သေငယ်ဇောကျချိန်မှာ နှလုံးသွင်းမိတဲ့ အာရုံပါပဲ။

၁ ရှိရင် ၁ က အကျိုးပေးမယ် ၁ မရှိရင် ၂ ၂မရှိရင် ၃ အစဉ်လိုက်အကျိုးပေးပါလိမ့်မယ်။ ၃ မရှိမှ ၄ ဖြစ်တဲ့ ဘဝထိုထိုပြုခဲ့သမျှ ကုသလအကုသလတွေ ရဲ့ အလှည့်ကိုရောက်ပါလိမ့်မယ်။

တစ်ဘဝလုံးမကောင်းမှုတွေပြုခဲ့ပြီးမှ သေကာနီးမှာ ကောင်းမှုပြုနိုင်ရင် အားကြီးလွန်းတဲ့ ကောင်းမှုတွေ ဖြစ်နိုင်ရင်တော့ ကောင်းရာသုဂတိ ရောက်နိုင်တာပေါ့။ ဒါကလည်း ဈာန်မဂ်ဖိုလ်လို အလွန်အားကြီးတဲ့ ကုသိုလ် ကံ ဖြစ်ဖို့လည်းလို ပါတယ်။ မဟုတ်ရင်တော့ နေ့စဉ်ရက်ဆက် တစ်ဘဝလုံး ပြုခဲ့တဲ့ အကုသိုလ်တွေရဲ့ အာသေဝနသတ္တိ ဟာ အလွန်ကို အားကြီးပါလိမ့်မယ်။

ဘုရားလက်ထက်ကတော့ အင်္ဂုလမာလလူဆိုးကြီး တမ္ဗဋ္ဌိကလူသတ်သမားကြီး အရက်သမားသန္တတိအမတ်ကြီး စတဲ့သူတွေဟာ သပ္ပုရိသသူတော်ကောင်းမိတ်ဆွေရလို့ လွတ်မြောက်သွား ကြရတာတွေရှိပေမဲ့ သာမန်အားဖြင့်တော့ နေ့စဉ်ရက်ဆက်လုပ်ခဲ့တဲ့ အကုသိုလ်တွေကနေ လွတ်ဖို့ မလွယ်လှပါဘူး။ အားကြီးလွန်းတဲ့ အကုသိုလ်တွေဆိုရင်တော့ ဘုရားမကယ်နိုင် ဘယ်သူမှ မကယ်နိုင် ခံပေရော့ပဲပေါ့။

ကံအကျိုးပေးရာကာလ ကိုလည်း ကံလုပ်ချိန်မှာ အားစိုက်မှုဇောအရှိန်နဲ့ သတ်မှတ်ထားတယ်။ ပထမဇော နဲ့လုပ်ရင် လက်ငင်းဘဝအကျိုးပေးမယ် နောက်ဆုံးဇောနဲ့လုပ်ရင် ဒုတိယဘဝအကျိုးပေးမယ်။ အလယ် ၅ ဇောနဲ့လုပ်သမျှတွေက တတိယဘဝက စလို့ မလွတ်မချင်းအကျိုးပေးနိုင်တယ်။ အကျိုးပေးခွင့်မရပဲ ပျက်စီးသွားနိုင်တဲ့ အလေအလွင့် ကံစွမ်းအင်တွေလည်းရှိတယ်ပေါ့။

ဒီတော့ ကံတွေရဲ့ အလုပ်လုပ်ပုံဟာ အင်မတန်ရှုပ်ထွေးပါတယ်။ အခြား ဖက်တာတွေပါထည့်ပေါင်းရင် ဖြစ်နိုင်ခြေထွက်လာမဲ့ ပါမျူတေးရှင်း တွေ က အနန္တလို့တောင်ဆိုနိုင်တော့ ကံအရာမကြံစည်အပ်ဘူး ဆိုတဲ့ အဆိုတောင် ဖြစ်တည်လာပါတယ်။ ဖြစ်ချင်တာဖြစ်လာနိုင်တယ်ဆိုတဲ့ အနေကန် သဘောက ပိုလို့ လွှမ်းမိုးနေပါလိမ့်မယ်။

ဒီတော့ ဘယ်လိုရင်ဆိုင်ကြမလဲ။ ကံစွမ်းအင်က သူချည်းသက်သက် အလုပ်မလုပ်နိုင်ပါဘူး။ ကံ က မျိုးစေ့ ဆိုရင် တဏှာဥပါဒါန်က အစိုဓာတ်ပါ။ အဝိဇ္ဇာကတော့ မြေကြီးနဲ့ တူပါတယ်။ အစိုဓာတ်နဲ့ မြေကြီး မရှိရင် အကုသိုလ်ကံမျိုးစေ့တွေဟာ အပင်မပေါက်နိုင်ပါဘူး။ ရှုပ်ထွေးပွေလီလွန်းတဲ့ ကံတွေကို ထိန်းချုပ်ဖို့ခက်ပေမဲ့ အစိုဓာတ်တဏှာနဲ့ မြေဆီနဲ့တူတဲ့ အဝိဇ္ဇာကိုတော့ တူးဖြိုဖျက်ဆီးလို့ရပါတယ်။ တဏှာကို သမထ ဘာဝနာနဲ့ နှိမ်နင်းမယ် အဝိဇ္ဇာကို ဝိပဿနာ ဘာဝနာနဲ့ နှိမ်နင်းနိုင်ပါတယ်။

ခပ်သိမ်းသောမကောင်းမှုတို့ကို မပြုရာ။ ကောင်းမှုအလုံးစုံကို ဖြည့်ဆည်းရာ၏။ မိမိ၏ စိတ်ကို ဖြူစင်သန့်ရှင်း အောင် စောင့်ရှောက်ရာ၏။ ဤသည်ကား ရှေးအစဉ်အဆက် ဘုရားရှင်တို့၏ သွန်သင်ဆုံးမတော်မူချက်ပေတည်း။

အကျိုးပေးကံတွေကောင်းဖို့ဆိုတာ အကြောင်းပြုတဲ့ကံတွေ မှန်ကန်တည့်မတ်အောင် ကိုယ့်ဘက်က လုံ့လစိုက်ထုတ်ဆောင်ရွက်နေဖို့လိုပါတယ်။ “မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား” လို့လည်း အတိုမှတ်နိုင်တယ်။ ကမ္မပစ္စယသတ္တိရဲ့ အလုပ်လုပ်ပုံကို ချင့်ချိန်နိုင်ရင် ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ပုံသွင်းတည်ဆောက်နိုင်ပါလိမ့်မယ်။ 

~ Lynn Htet Swe



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment