(The Mog Nation Wiki, an archive)
ဘာသာရေးအင်စတီကျူးရှင်းတွေ ပြိုလဲ ရင် လူမှုအဆောက်အအုံလည်း ပျက်စီးပြီး တိုင်းပြည်ချောက်ထဲ ကျ မ ယောင် ပြောနေ ရေးနေ သူတွေ ရှိလို့ မေးချင်ပါတယ်။
တိုင်းပြည်က ဘာသာရေးအင်စတီကျူးရှင်းတွေ ကို မှီခိုပြီး ရပ်တည်နေရတာလား။ ဘာသာရေးအင်စတီကျူးရှင်းတွေ က တိုင်းပြည်ကို မှီခိုပြီး ရပ်တည်နေရတာလား။ ဘယ်သူက မှီခိုသူ ဘယ်သူ က အမှီခိုခံ ဖြစ်ပါသလဲ။
တိုင်းပြည် က ဘာသာရေးအင်စတီကျူးရှင်းတွေ ကို ထောက်ပံ့အားပေးခဲ့သလောက် ဘာသာရေးအင်စတီကျူးရှင်းတွေ ကရော တိုင်းပြည် နဲ့ လူမှု အဖွဲ့အစည်း အပေါ်မှာ ဘယ်လို တန်ပြန်ဝန်ဆောင်မှုတွေ ပေး နိုင်ခဲ့ပါသလဲ။
ဘာသာရေးအင်စတီကျူးရှင်းတွေ ရဲ့ တာဝန်တစ်ခုဟာ လူတွေ ကို ကိုယ်ကျင့်တရားကောင်းမွန်အောင် တရားမျှတမှုတွေရှိပြီး လူလူချင်းလေးစားတန်ဖိုးထားတတ်လာအောင် သွန်သင်ဆုံးမ ပေးဖို့ ပါပဲ။ ဒီတာဝန် ကို ဘာသာရေးအင်စတီကျူးရှင်းတွေ က ကျေပွန်ပါပြီလား လို့ မေးစရာ ရှိ ပါတယ်။
တကယ်လို့ လူမှုအဖွဲ့အစည်း ဟာ ကိုယ်ကျင့်တရားတွေ ကောင်းမွန်နေမယ် လူနဲ့လူအကြား ငြိမ်းချမ်းမျှတ နေကြမယ်ဆိုရင် ဘာသာရေးအင်စတီကျူးရှင်းတွေ ဟာ အလုပ်လုပ်နေတယ် လူ့အဖွဲ့အစည်းကို ဝန်ဆောင်မှုပေးနေတယ်လို့ ပြောစရာရှိနိုင်ပါတယ်။ ဒီလို မဟုတ်ရင် ဘာသာရေးအင်စတီကျူးရှင်းတွေ ဟာ မိမိတို့ လုပ်ရမဲ့ တာဝန် တွေ ကို မကျေပွန်ဘူး လို့ ဆိုရမှာလား ဆိုတာကိုလည်း မေးကြည့်ချင်ပါတယ်။
တကယ်လို့ ဘာသာရေး ဟာ လက်ရှိလူ့အဖွဲ့အစည်း အတွက် ကိုယ်ကျင့်တရားဖြူစင်ဖြောင့်မတ်ရေး ကို မဆုံးမနိုင်ဘူးဆိုရင် ဘာသာရေးအင်စတီကျူးရှင်းတွေ ရဲ့ တည်ရှိနေမှုဟာ နို့သက်ခံစို့ မှီခိုတည်ရှိနေတယ်လို့ သာ ပြောစရာ ရှိပါလိမ့်မယ်။
ရှေးရှေးအခါတွေတုန်းကတော့ လူ့အဖွဲ့အစည်း တစ်ခု သွေးစည်းညီညွတ်ဖို့ အတွက် ဘာသာရေးအင်စတီကျူးရှင်းတွေ ကို အသုံးချခဲ့ရတာတွေ ရှိပါတယ်။ တူညီတဲ့ ဘုံယုံကြည်သက်ဝင်မှုစနစ်တစ်ခု ရဲ့ အောက်မှာ လူသားတွေ ဟာ အတူတူစည်းလုံးကြတယ် ပြင်ပရန်တွေ ကို ရင်ဆိုင်တွန်းလှန်ကြမယ်ဆိုတာတွေ ရှိခဲ့ပါတယ်။ ဘာသာရေး နဲ့ ယဉ်ကျေးမှု ကို အခြေခံပြီးတော့ တိုင်းနိုင်ငံတွေ ကို တည်ထောင်ခဲ့ကြတာ အမှန်ပါပဲ။ ဒီနည်းနဲ့ ဘာသာရေးဟာ နိုင်ငံရေးဇာတ်အသွင်းခံရသလို နိုင်ငံရေးဟာလည်း ဘာသာရေးအင်စတီကျူးရှင်းတွေ ကစားဖို့ စင်မြင့်တစ်ခု ဖြစ်လာခဲ့တာ ပါ။
ဒီနေ့ခေတ်ကာလတွေ က တော့ ပြောင်းလဲလာခဲ့ပါပြီ။ တိုင်းပြည်နိုင်ငံတွေ ရဲ့ လူဦးရေဖွဲ့စည်းမှုတွေ ဟာ ဘာသာတရားတစ်ခု လူမျိုးတစ်မျိုးတည်း အပေါ် အခြေခံပြီး ဖွဲ့စည်းတာမျိုးတွေ မဟုတ်တော့သလို ခေတ်မီပညာရေးစနစ် နဲ့ ခေတ်သစ်အုပ်ချုပ်ရေး စီမံခန့်ခွဲမှုဆိုင်ရာတွေ က အစားထိုးနေရာယူလာခဲ့ပြီမို့ တိုင်းပြည်တစ်ခု ရဲ့ ရေရှည် ရပ်တည်မှု တည်တံ့ခိုင်မာမှုဟာ အဲဒီတိုင်းပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှု စီးပွားရေး တိုးတက်မှု နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပညာရေး အဆောက်အအုံရဲ့ အဆင့်အတန်းမြင့်မားလာမှုတွေ တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်နိုင်တဲ့ အခြေအနေ တွေ ပေါ်ပိုလို့ မူတည်နေပါပြီ။
ယနေ့ခေတ်မှာ ဘာသာရေးအင်စတီကျူးရှင်းတွေ ဟာ ကျေးဇူးရှင်တွေ အနေဲ့ ရပ်တည်တာထက် ပြောင်းလဲနေတဲ့ ခေတ်နဲ့ လိုအပ်ချက်အသစ်တွေ ကို တုန့်ပြန်နိုင်ဖို့အတွက် မိမိတို့ ရဲ့ ဘာသာရေးအင်စတီကျူးရှင်း ကို လိုက်ပါပြောင်းလဲ နိုင်အောင်သာကြိုးစားကြရမှာ ဖြစ်တယ်။ ခေတ်နဲ့ ဆီလျော်အောင် မလိုက် နိုင်တဲ့ ခေတ်ဟောင်း အတွေးဟောင်း ကို အသေဆုပ်ကိုင်ပြီး ငါတို့ ဆရာကြီးပဲ ဆိုတဲ့ စတိုင်နဲ့ လှေနံဓါးထစ်ရပ်တည်နေကြမဲ့ဘာသာရေးအင်စတီကျူးရှင်းတွေ ဟာ တဖြည်းဖြည်း နောက်ဆုတ်ပေးရပြီး ကျဆုံး ပျောက်ကွယ်ရမှာ သာ ဖြစ် ပါတယ်။
ခရစ်တော်ရဲ့ တပည့်တွေ က ဥပုသ်နေ့မှာ ပြောင်းခင်းထဲ က ပြောင်းဖူးပင်တွေ ကို ခူးစားကြ တော့ ဖာရိရှဲတွေ က သူတို့ ကို ဝေဖန်ပြစ်တင်ကြတဲ့ အခါ= ခရစ်တော် က ဥပုသ်နေ့သည် လူသားတွေ အတွက်လုပ်ထားတာ ဖြစ်ပြီး လူသားတွေဟာ ဥပုသ်နေ့ အတွက် လုပ်ထားတာ မဟုတ်ဘူး= လို့ ဆိုခဲ့ဘူးတယ်။ ခရစ်တော်ရဲ့ ဒီမိန့်ကြားချက်စကား ဟာ ဘာသာရေးအင်စတီကျူးရှင်းတွေ အားလုံး သတိမူသင့်ကြတဲ့ အချက်လို့ မြင်ပါတယ်။ မိမိတို့ ပြိုလဲသွားရင် လူမှုအဖွဲ့အစည်းက ပြိုလဲ မှာ မဟုတ်ပဲ မိမိ တို့ ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် လူသားတွေ ရဲ့ ခေတ်သစ်လိုအပ်ချက်အသစ်တွေ ကို အချိန်နဲ့ တြပေးညီတုန့်ပြန်နိုင်မှ ဖြစ်မယ်ဆိုတာ ကို သတိထားသင့်ကြပါတယ်။
ဘာသာပျောက်လို့ တိုင်းပြည်ပျက်မှာမဟုတ် တိုင်းပြည်ရဲ့ ခေတ်သစ်လိုအပ်ချက်တွေ ကို လိုက်လျောညီထွေ မတုန့်ပြန်နိုင်တဲ့ ဘာသာတရားတွေ သာ ကျဆုံးပျောက်ကွယ်ရမှာ ပါပဲ။
လူမှုအဖွဲ့အစည်း အနေနဲ့ ကလည်း မိမိတို့ရဲ့ ပညာရေး နဲ့ တွေးခေါ်မြော်မြင်စဉ်းစားမှု ရင့်ကျက်မြင့်မားလာလေလေ ဘာသာရေးအင်စတီကျူးရှင်းတွေ ရဲ့ ပိတ်ဆို့တားဆီးထားတဲ့ ကန့်လန့်ကာတွေ ကို ဖောက်ထွက်တိုးတက် သွားမယ် ဆိုတဲ့ အကြောင်း ကိုလည်း သတိပြုသင့်ကြတဲ့ အကြောင်း ထပ်လောင်း ပြောကြားလို ပါတယ်ဗျာ။
(4th August 2019)

End Notes and External links
- source: on Facebook | by Lynn Htet Swe
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


