(The Mog Nation Wiki, an archive)
သောင်ဟီးဒ်ဆိုတဲ့နာမည် က ဘာသာတရား ရဲ့ မွန်မြတ်သန့်စင်တဲ့ တန်ဖိုး ကို ဖော်ပြတယ်။ ဘုရားသခင်ရဲ့ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း တစ်သီးတစ်သန့်ဖြစ်ခြင်း ဆိုတဲ့ သဘောတရားပေါ့။ ဘာသာတရားတိုင်းမှာလိုလို အမွန်မြတ်ဆုံး အသင်္ခတ သစ္စာတရား ကို တစ်လုံးတစ်ဝ ဧကတ္တတရား အဖြစ် ရည်ညွှန်းတတ်ကြတာပါပဲ။
ဒါပေမဲ့ သီရိလင်္ကာ က ဒီနာမည်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းကတော့ မွန်မြတ်တဲ့ အဖွဲ့အစည်း မဟုတ်ခဲ့ဘူး။ ဘာသာရေး အစွန်းရောက်အမြင်တွေ အစွန်းရောက်ခံစားမှုတွေ နဲ့ ဖွဲ့စည်းထားတဲ့ လူ့မိစ္ဆာ လူ့ဗာလတွေ ရဲ့ အဖွဲ့အစည်း လူအများမျက်ရည်ပင်လယ်ဝေအောင် တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ အဖွဲ့အစည်းမျိုး ဖြစ်နေတာကို ဝမ်းနည်းစရာ သိရ ပါတယ်။
သီရိလင်္ကာ က လူ ၃၀၀ ကျော်သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရရရှိစေခဲ့တဲ့ အကြမ်းဖက် အသေခံ ဗုံးခွဲမှုတွေ ဟာ ဘယ်သူ့ လက်ချက်လို့ မပြော နိုင်ပေမဲ့ အိုင်ဆစ်အဖွဲ့ကတော့ သူတို့လက်ချက်လို့ ကြေညာတယ်။ ပြည်တွင်းက ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းတစ်ခု နဲ့ ပတ်သက်နေတယ်လို့လည်း အာဏာပိုင်တွေ က ယူဆနေကြတယ်။ ပတ်သက်ဆက်စပ်သူပေါင်း ၄၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆေးနေတယ်ဆိုတော့ မကြာခင် အဖြေမှန်ကို တော့ ကမ္ဘာကို ချပြနိုင်မှာ ပါပဲ။
ဘာသာရေး အဆောက်အအုံတွေ နဲ့ နိုင်ငံခြားသားတွေရှိရာ ဟိုတယ်တွေ ကို တားဂက်ထားပြီး စနစ်တကျချိန်ကိုက်တိုက်ခိုက်တာကို ကြည့်ခြင်းအားဖြင့် ဒီ တိုက်ခိုက်မှုကြီးဟာ ဘာသာရေးမုန်းတီးမှု အစွန်းရောက်စိတ် တွေ နဲ့ နိုင်ငံခြားသားမုန်းတီးမှုအစွဲတွေ ကို အခြေခံ နေတယ်ဆိုတာ က တော့ ထင်ရှားပါတယ်။ ဒါပေမဲ့ အမုန်းကို အမုန်းနဲ့ တုန့်ပြန်မှုတွေ လက်စားချေမှုတွေ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေ မဖြစ်အောင်လည်း သီရိလင်္ကာ အာဏာပိုင်တွေ က ဆိုရှယ်မီဒီယာတွေ ကို ဖြတ်တောက်ထား ပါတယ်။ တိုင်းပြည်ကိုလည်း အရေးပေါ်အခြေအနေကြေညာထားတယ်။ ထပ်မံတိုက်ခိုက်မှုတွေလည်းရှိလာနိုင်သလို ညံ့ဖျင်းလွန်းတဲ့ ရဲတပ်ဖွဲ့ နဲ့ လုံခြုံရေးဆိုင်ရာ အရာရှိတွေ ကို ဖယ်ရှားတာ အစားထိုးခန့်တာတွေ လုပ်မယ်လို့လည်း ကြေညာထားပါတယ်။
အံ့သြစရာကောင်းတာက ကိုယ့်အသက်တစ်ချောင်း အသေခံပြီး လူ့အသက်ပေါင်းများစွာကို ဗုံးခွဲသတ်ဖြတ်ခဲ့သူတွေဟာ လူငယ်လူလတ်ပိုင်းတွေ သီရိလင်္ကာနိုင်ငံသားတွေ ပညာတတ်တွေ ဖြစ်နေတာ ပါပဲ။ သူတို့ ဘယ်လို စိတ်မျိုးတွေ ဘယ်လို အမုန်းတရားတွေနဲ့များ ဒီလောက်ရက်စက်တဲ့ သတ်ဖြတ်မှုကြီးတွေကို ကျူးလွန်နိုင်ခဲ့ကြတာပါလိမ့်။ သူတို့ စိတ်ထားတွေ ကို ဒီလောက်ရိုင်းစိုင်းရက်စက်အောင် ဘယ်လို ဝါဒဖြန့်တရားတွေ အလိမ်အညာမုသားစကားတွေ ကများ ပုံသွင်းဖန်တီးခဲ့ ပါလိမ့် လို့ တွေးမိပါတယ်။
တကယ်တော့ ဘာသာရေး အစွန်းရောက်တွေ ဟာ တစ်ချိန်ကတော့ သူလိုကိုယ်လို သာမန်ဘာသာဝင်တွေ ပါပဲ။ ဒေဝဒတ်နဲ့တွေ့တဲ့ အဇာတသတ် လို ဆရာအမှားတွေနဲ့ တွေ့တဲ့ သူတို့ စိတ်တွေထဲ ကို အစွန်းရောက် ဘာသာရေး အတွေးအခေါ်တွေ က တစ်စစ နဲ့ စိမ့်ဝင်ရောက်ရှိလာတာ ဖြစ်တယ်။ ဒါက ဟပ်ချလောင်းဆို ဖြစ်လာတာမဟုတ်ပဲ နှစ်ပေါင်းများစွာ ပြောင်းလဲလာရတာမျိုး ပါ။ အထူးသဖြင့် ယုံကြည်မှုသဒ္ဓါထက်သန်သူတွေဟာ ပညာ နှုန့်နဲပါတယ်။ ဘာသာရေးကျမ်းဂန်တွေထဲ က စာပိုဒ်တွေ ကို ဖြတ်တောက်ထုတ်ယူ လိုရာဆွဲ အနက်ကောက်ပြီး ယုံအောင်ဇာတ်သွင်း အခါခါပြောတာကို နားယောင်မိတဲ့ အခါမှာ အစွန်းရောက် အယူ အဆတွေ က သန္ဓေတည်လို့ လာပါတော့တယ်။
အစွန်းရောက်ဘာသာရေးအမြင်တွေ ရဲ့ အခြေခံ က လောကကြီး ကို နှစ်ပိုင်းခွဲပြီး နှစ်အုပ်စု နှစ်စုနှစ်ဖွဲ့အဖြစ် ပိုင်းခြားပစ်လိုက်တာပါပဲ။ ဓမ္မ နဲ့ အဓမ္မ လို့ ဆိုကြပါစို့။ ဓမ္မဘက်မှာ အလင်း အကောင်းအမြတ်တရားတွေ ရှိနေပြီး အဓမ္မဘက်မှာ အမှောင် အဆိုးအယုတ်တရားတွေ ရှိနေတယ်လို့ ခွဲခြားပြတယ်။ ငါတို့ နဲ့ သူတို့ ဆိုတဲ့ အခြေခံခွဲခြားမှု ကိုလည်း ဖန်တီးထားပါတယ်။ ငါတို့ ဟာ ဓမ္မ ကို ကိုယ်စားပြုပြီး သူတို့ ဟာ အဓမ္မ ကို ကိုယ်စားပြု တယ်လို့လည်း အလီလီသင်ကြားပါတယ်။ ဓမ္မ ကို ကာကွယ်ဖို့ အတွက် အဓမ္မကို ဖျက်ဆီးပစ်ကြမယ်။ အလင်းနဲ့ ကောင်းမြတ်ခြင်းတွေ ကို ကာကွယ်ဖို့ အတွက် အမှောင်တွေ ကို ရှင်းလင်းပစ်ရမယ် ဒါဟာ သစ္စာတရား ကို ဦးခိုက်တာပဲ လို့လည်း သင်ကြား ပါတယ်။ ဒီလို အမြင်တွေ ကို လက်ခံနေရင် ဘာသာရေး အစွန်းရောက်စိတ်တွေ ဖြစ်နေပါပြီ။
အစွန်းရောက်ဘာသာရေးအမြင်ရှိနေသူတိုင်းဟာ အကြမ်းဖက်သမားတွေ တော့ ဖြစ်မလာကြသေးပါဘူး။ ဖြစ်လာဖို့ အလားအလာရှိနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ တကယ်တန်း လူအချင်းချင်း သတ်ဖြတ်ဖို့ ရက်စက်ဖို့ မိမိကိုယ်ကိုလည်း အဆုံးစီရင်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်လို့ နောက်တစ်ဆင့် ထပ်တက်ရပါတယ်။ အဲဒါကတော့ ဘဝ ရဲ့ အနက်အဓိပ္ပာယ်ကို မွန်မြတ်တဲ့ လုပ်ငန်းတစ်ခု အတွက် ပေးဆပ်မြုပ်နှံရမယ်ဆိုတဲ့ ဂျင်း ဒဿန ကို ထပ်သင်ပေးတာပါပဲ။ ((လူဆိုတာ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင်စတေးကြတာပဲ)) ဆိုတဲ့ သီချင်းစာသားကို နားထောင်မိတဲ့ အခါ သင် ကြက်သီးမွှေးညင်းထတယ်ဆိုရင် သင့်မှာလည်း အစွန်းရောက်စိတ်နည်းနည်းတော့ ရှိနေပြီလို့ သတိပြုအပ်တယ်။
အဲဒီ ယုံကြည်မှုဟာ ပညာနဲ့ ကရုဏာ မပါရင် မျက်ကန်းယုံကြည်မှုပါပဲ အဆိပ်အတောက်ပါပဲ။ ငါတို့ ကို ကာကွယ်ဖို့ သူတို့ ကို ဖျက်ဆီးရမယ် ဓမ္မ ကို စိုက်ထူဖို့အတွက် အဓမ္မကို တိုက်ဖျက်ရမယ် လို့ ယုံကြည်မှု အစွန်းရောက် သမားက တွေးပါတယ်။ ဒါကြောင့် အသေခံဗုံးခွဲသူဟာ စနက်တံခလုပ်ကို နှိပ်လိုက်ချိန်မှာ သူ့ဘဝကိုသူ စတေးပြီးတော့ အမြင့်ဆုံးသော စွန့်လှုပူဇော်မှုတစ်ခုကို လုပ်တယ်လို့ သူ့ခံစားပြီးလုပ်တာပဲ ဖြစ်တယ်။ သူ့ဘဝ အတွက် အဓိပ္ပာယ်အရှိဆုံး အကောင်းမြတ်ဆုံးလို့ သူယုံကြည်တာ တစ်ခု ကို သူလုပ်တာပဲ ဖြစ်တယ်။ သူ့ ယုံကြည်မှု က မျက်ကန်းဖြစ်နေပြီး ပညာနဲ့ ကရုဏာမပါတော့ အဖြစ်မှန်ကိုသူမသိဘူး။ အခြားလူသားတွေ ကိုလည်း ကြင်နာသနားရမှန်း လူသားလိုတန်ဖိုးထားရမှန်းလည်း သူမသိတော့ဘူး။ ငါတို့ ကို အန္တရာယ်ပေးနေတဲ့ သူတို့ ဆိုတာ အမှိုက်သရိုက်တွေလောက်ပဲဖြစ်ချင်ဖြစ်မယ်။ လူတွေလို့တောင်သူမတွေးတော့ ပဲ အရာဝတ္ထုတွေ သက်မဲ့တွေ အဖြစ်ကိုလျော့ချမြင်ပြီးတော့ သူလုပ်လိုက်တာပဲ ဖြစ်တယ်။ ဘာသာရေးဆုတောင်းစာတစ်ခုခုကို သူနောက်ဆုံးကြွေးကြော်ချင်ကြွေးကြော်လိမ့်မယ်။
အသေခံဗုံးခွဲရလောက်အောင်တွန်းပို့နေတဲ့ အခြား အကြောင်းအရာတွေလည်း ရှိပါလိမ့်မယ်။ တန်ပြန်လက်စားချေချင်စိတ်တွေ လူမျိုးရေးဘာသာရေး အမုန်းအမိုက်တွေ သူလိုစွန့်လွတ်ခဲ့သူတွေ ရဲ့ နမူနာကို အားကျပြီးလိုက်လုပ်ချင်တဲ့ သူရဲကောင်းဝါဒစိတ်တွေ အပြင် မိသားစု မိတ်ဆွေတွေ ရ ဖိအားတွေလည်း ပါပါလိမ့်မယ်။ ဂျပန် ကာမီကာဇေ လေသူရဲတွေဟာ ဘဝကို အပြီးစွန့်ထွက်ခွာခဲ့ပြီမို့ အသက်ရှင်လျက်ပြန်လာရမှာ ကို ရှက်ကြပါတယ်။ သူ့မိသားစုကလည်း သူသေဆုံးသွားတာကို ပိုပြီး ဂုဏ်ယူကြတယ်ဆိုတဲ့ ဝန်းကျင်မျိုးတွေဟာ ဒီလိုလုပ်ရပ်တွေ ကို တွန်းပို့နေတဲ့ ဖိအားတွေ ပါပဲ။ ဒါတွေအားလုံးရဲ့ ဆုံမှတ်ကတော့ သူ့ အတ္တဘဝ ကို သူတန်ဖိုးအထားဆုံး တစ်စုံတစ်ရာအတွက် ပေးဆပ်လိုက်ရတယ်ဆိုတာ ကို အကျေနပ်ကြီးကျေနပ်လို့ သတ်ဖြတ်ဖျက်ဆီးမိကြတာပါပဲ။ လူသားပီပီ သေခြင်းကိုကြောက်စိတ်နဲ့ ဘဝကို တွယ်တာမိတာ မလုပ်ရဲတဲ့စိတ်ပျော့တာတွေ ဖြစ်လာပေမဲ့ ဒါတွေက မထူးတည်းဇာတ်ကိုခင်းလို့ နောက်ဆုံးတော့ မျက်ကန်းယုံကြည်မှု ကပဲ အားလုံးကို အဆုံးအဖြတ်ပေးသွား ပါတော့တယ်။
ပညာတတ်လူငယ်တွေ ပိုက်ဆံချမ်းသာတဲ့လူငယ်တွေ ကိုယ်တိုင် အသေခံဗုံးခွဲနေတော့ ပညာမတတ်လို့ ဆင်းရဲလို့ အကြမ်းဖက်သမား ဖြစ်ရတယ်ဆိုတဲ့ ကောက်ချက်ကလည်း မမှန်တော့ပြန်ဘူး။ သူတို့ ဘဝအဓိပ္ပာယ်နဲ့ ကောင်းမြတ်ရာကို ဘဝဒဿနအမှားကြီးနဲ့ သူတို့ အဆုံးသတ်မိကြတယ်လို့ ပဲ ဆိုစရာရှိပါတယ်။
ပညာတတ်ဆိုရာမှာလည်း အိုင်တီပညာ အင်ဂျင်နီယာပညာ ဆေးပညာလို ပညာတွေတတ်ရုံနဲ့ အစွန်းရောက် အတွေးအခေါ်တွေ ကို မကျော်လွန်နိုင်ပါဘူး။ ဟျူမန်နတီးစ် လို့ခေါ်တဲ့ ဝိဇ္ဇာဘာသာရပ်တွေ (သမိုင်း မနုဿ လူမှုဗေဒ ဒဿန စိတ်ပညာ ဥပဒေ ဘောဂဗေဒ နိုင်ငံရေးသိပ္ပံ စသည်) ကိုလည်း သိမြင်နှံ့စပ်နားလည်းသက်ဝင်နိုင်ကြမှသာ ဘာသာရေး အစွန်းရောက် ဝါဒဖြန့်ချိမှုတွေ ရဲ့ သားကောင်ဘဝ ကနေ လွန်မြောက်နိုင်လိမ့်မယ်လို့ ထင်မြင်မိပါကြောင်း။
(လင်းထက်ဆွေ)
၂၄-၀၄-၁၉

End Notes and External links
- source: on Facebook | by Lynn Htet Swe
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


