(The Mog Nation Wiki, an archive)
ဘာသာရေး နဲ့ သိပ္ပံ ငြင်းကြတယ်ဆိုတာ တကယ်တော့ ဘာသာရေးသမား စစ်စစ် ကလည်း သိပ္ပံနဲ့ မငြင်းဘူး။ သိပ္ပံသမား စစ်စစ်ကလည်း ဘာသာရေး ကို ထည့်တောင်မစဉ်းစားဘူး။ ကိုယ်လိုင်းနဲ့ကိုယ် သီးသန့် သွားကြတယ်။ ကိုယ့်နည်းစနစ်နဲ့ ကိုယ် ကိုယ့်ပန်းတိုင်ကိုယ်ရောက်ဖို့ လုပ်ကြတယ်။
ဘာသာရေး နဲ့ သိပ္ပံဟာ ပေါ်ထွန်းလာတဲ့ခေတ်တွေလည်းမတူဘူး။ တွေ့ရှိရတဲ့ အမှန်တရားတွေလည်းမတူဘူး။ အသုံးပြုတဲ့ နည်းစနစ်တွေလည်း မတူကြဘူး။ သမိုင်းကြောင်းမတူ လာရာလားရာမတူ ပန်းတိုင်မတူတော့ ဘာ ငြင်းစရာ ရှိပါမလဲ။ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့။
ဘာသာရေး က အတွင်းစိတ်ဝိညာဏ်ရဲ့ သန့်စင်ခြင်းနဲ့ ဆင်းရဲဒုက္ခတွေ ကနေ လွတ်မြောက်ရာပန်းတိုင်ကိုသွားတယ်။ ယုံကြည်သက်ဝင်မှု ကို အခြေခံလို့ ကိုယ်ကျင့်သီလတွေ စိတ်တည်ကြည်မှုတွေ ရအောင်အားထုတ်ပြီး ကိုယ်တွေ့သိရတဲ့ ဘာဝနာနဲ့ ဉာဏ်ပညာအလင်းဆီကိုသွားတယ်။ ပန်းတိုင်က အေးငြိမ်းရာလွတ်မြောက်ရာပါပဲ။
သိပ္ပံကတော့ ပြင်ပရုပ်လောကကြီး သဘာဝလောကကြီး ရဲ့ သက်ရှိတွေ သက်မဲ့တွေ သဘာဝဖြစ်ရပ်တွေ ကို ရှင်းပြနိုင်ဖို့အတွက် သီအိုရီတွေ ရှာဖွေတဲ့အလုပ်ကိုလုပ်ပါတယ်။ သိပ္ပံ ရဲ့ ပန်းတိုင် ဟာ သိချင်တာသက်သက် ပဲ။ ဒီအသိကို နည်းပညာက အသုံးချပြီး လူတွေ အကျိုးရှိအောင် ဒါမှမဟုတ်လူအချင်းချင်းသတ်ဖြတ်နိုင်တဲ့ စစ်လက်နက်တွေ ထုတ်လုပ်တယ်။ ပန်းတိုင်က သဘာဝလောကကြီးအကြောင်း သိဖို့ နဲ့ သဘာဝကို အသုံးချနိုင်ဖို့ပဲ။
ဒီတော့ ဘာသာရေး နဲ့ သိပ္ပံဟာ ပြဒါးတစ်လမ်း သံတစ်လမ်း။ သူ့လိုင်းနဲ့သူပဲ။ ကြိုးရှုပ်စရာမရှိဘူး။ ဒါဆို ဘာလို့ ငြင်းနေကြသလဲ။ ငြင်းခုံမှု အစပြုရာက ဘာသာရေးတွေ ဘက်က စပါတယ်။ ဘာသာရေး ကျမ်းစာတွေ မှာ အထက်ကပြောခဲ့တဲ့ စိတ်ဝိညာဏ်ဆိုင်ရာတွေ အပြင် သဘာဝလောကကြီး အကြောင်းကိုလည်း ပြောထားတာတွေရှိတယ်။ အဲဒီပြောဆိုချက်တွေ က အဲဒီဒေသ အဲဒီခေတ်ကာလ က သမိုင်းထဲကလူတွေ ရဲ့ စိတ်ကူးယဉ်မှုတွေ အတွေးအထင်ဒဏ္ဍာရီပုံပြင်တွေ ကနေ ဆင်းသက်လာတာပါပဲ။ အဲဒီ စိတ်ကူးယဉ်သဘာဝစကြဝဠာကို နောက်ခံထားလို့ ဘာသာရေးဇာတ်လမ်းတွေ ကို ခင်းကြတာပေါ့။ ဒီတော့ ဘာသာရေးဟာ အတွင်းရော အပြင်ရော အကုန်သိ မသိတာမရှိ ဆိုတဲ့ ဘွဲ့ကိုခံ ပညာဟူသမျှ ကို မောင်ပိုင်စီးလို့လာတော့တယ်။
သိပ္ပံစပေါ်လာတဲ့ အခါမှာ ဘာသာရေးအင်စတီကျူးရှင်းတွေနဲ့ ထိပ်တိုက်တွေ့ရတာပါပဲ။ သိပ္ပံဆရာတွေ က စာပေကျမ်းဂန်တွေ ကို မယုံ ကိုယ်တိုင် လေ့လာစူးစမ်းကြည့်ချင်တယ်။ သဘာဝကို အာရုံသိနဲ့ အချက်အလက်တွေစု ဆင်ခြင်သိနဲ့ အနုမာနတွေတည်ဆောက် လက်တွေ့စမ်းသပ်ချက်တွေနဲ့ သက်သေပြဖို့ ကြိုးစားကြတော့ ဘာသာရေး က ပြတဲ့ စကြဝဠာမျိုးနဲ့ မတူတာတွေကို ရှာဖွေတွေ့ရှိလာကြတယ်။ အထူးသဖြင့် ဇီဝဗေဒ နဲ့ နက္ခတ္တဗေဒဆိုင်ရာတွေ မှာ ပါပဲ။ ဒီတော့ ဘာသာရေးသမားတွေ က သိပ္ပံလိုက်စားသူတွေ ကို နှိပ်ကွပ်ခဲ့သတ်ဖြတ်ခဲ့ကြပါတယ်။
အနှစ် ၄၀၀ သိပ္ပံပညာရဲ့ ခရီးရှည်ကြီးဟာ ဘာသာရေးသမားတွေ ရဲ့ သံဆူးကြိုး အထပ်ထပ်ကို ဖြတ်ပြီးချီတက်ခဲ့ရတာ ၁၉ ရာစုအကုန် ၂၀ စုထဲရောက်မှ သိပ္ပံဟာ လွတ်လွတ်လပ်လပ် တိုးတက်ခွင့်ရခဲ့တာဖြစ်တယ်။ သိပ္ပံရဲ့ အောင်မြင်မှုတွေ ကို အံ့မခန်းတွေ့ရတဲ့အခါ ဘာသာရေး ဟာ သိပ္ပံ ကို မဖိနှိပ်တော့ပဲ သိပ္ပံတွေ့ရှိချက်တွေဟာ မိမိတို့ ဘာသာကျမ်းစာတွေ နဲ့ ကိုက်ညီသယောင်ယောင် မိမိတို့ ဘုရားတွေကပဲ ဒါတွေကို ကြိုသိပြီး သိပ္ပံပညာမပေါ်ခင်ကတည်းက ဟောကြားခဲ့သယောင်ယောင်တွေ လုပ်လာကြပါတယ်။
ဒီလို ဘာသာရေးဘက်က စိတ်ထားပြောင်းပြီး သိပ္ပံကို မချိုမချဉ်လုပ်လာပေမဲ့ သိပ္ပံကတော့ သဘောထားမပြောင်းပါဘူး။ သူလုပ်ရမဲ့လမ်းအတိုင်းပဲ သူ ဆက်လျောက်နေတာပါပဲ။ တစ်ချို့ သိပ္ပံအစွန်းရောက်သမားတွေ ကတော့ ရန်လိုတဲ့ဘုရားမဲ့ဝါဒီတွေအနေနဲ့ ဘာသာရေးကို တိုက်ခိုက်တာတွေ ရှိပေမဲ့ သိပ္ပံအင်စတီကျူးရှင်းတွေ က ဒါကို စိတ်မဝင်စား ပါဘူး။ သိပ္ပံဟာလောကီ ကိစ္စသက်သက်မို့ ဘာသာရေးနဲ့ လိုင်းပူးစရာမလိုသလို ထောက်ခံချက်ပေးစရာမလို ထောက်ခံချက်ယူစရာလည်းမလိုပါဘူး။
သိပ္ပံပညာရှင်တိုင်းဟာလည်း ဘာသာမဲ့ ဘုရားမဲ့တွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ သိပ္ပံပညာနဲ့ စမ်းသပ်ခန်းထဲမှာ သူတို့ ဘာသာတရား အတွက် နေရာမရှိပါဘူး။ တင်းကြပ်တဲ့ သိပ္ပံသုတေသနနည်းဗေဒ ရဲ့ ဘောင်တွေ အောက်မှာပဲ အလုပ်လုပ်ကြရတယ်။ ဘာသာရေးယုံကြည်မှု ကို တစ်ကိုယ်ရည်ကိစ္စအဖြစ်ပဲ ထားကြပါတယ်။
ဒီခေတ်မှာတော့ အသိဉာဏ်ရှိတဲ့လူသားဖြစ်ရင် ဘာသာရေးသမား ဖြစ်ဖြစ် သိပ္ပံသမားဖြစ်ဖြစ် သဘာဝလောကကြီးနဲ့ ပတ်သက်လာရင် သိပ္ပံပညာရဲ့ ရှင်းပြချက်တွေနဲ့ နည်းနာတွေကိုပဲ အတည်ယူကြပါတော့တယ်။ ဒလိုင်လားမား လို ဘာသာရေးခေါင်းဆောင်ကတောင် သဘာဝနဲ့ ပတ်သက်ရင် ဗုဒ္ဓဘာသာကျမ်းစာတွေ နဲ့ သိပ္ပံ ဆန့်ကျင်နေရင် သိပ္ပံကိုပဲ အတည်ယူမယ်လို့ ပြောခဲ့တယ်။ ခုခေတ်မှာ ခေတ်မီအသိရှိတဲ့ ဘယ်ဘုန်းကြီးမှလည်း သေကောင်ပေါင်းလဲရောဂါ ဖြစ်ရင် ဘာသာရေးအယူအဆအခြေခံတိုင်းရင်းဆေးနဲ့ မကုကြတော့ပါဘူး။ ခေတ်ဆေးသိပ္ပံပညာတွေ ရှိတဲ့ ဆေးရုံတွေကို ပဲ သွားကြတာဟာ ဒီ ချင့်ချိန်စဉ်းစားဉာဏ်ရှိတာကို ဖော်ပြနေပါတယ်။
အခုခေတ်ကာလမှာ ဘာသာရေး နဲ့ သိပ္ပံ နှစ်ခုစလုံးကို လူသားတွေဟာ သူ့နေရာနဲ့သူ တန်ဖိုးထားပြီး သုံးနေကြပါပြီ။ လိုင်းခွဲလို့ အသုံးချနိုင်တာကို ပါ လူသားရဲ့ ရင့်ကျက်မှု ပါပဲ။ သိပ္ပံကို လက်ခံလို့ ဘာသာရေး ရဲ့ အနက်နဲဆုံးတရားတွေ ကို လွှင့်ပစ်စရာမလို သလိုပဲ ဘာသာရေးကျင့်သုံးနေလို့ သိပ္ပံ ကို မုန်းစရာလည်းမလိုပါဘူး။ သိပ္ပံမှာ အကန့်အသတ်ရှိသလို ဘာသာရေးမှာလည်း အကန့်အသတ်ရှိတယ်ဆိုတာ ကို စိတ်ရှင်းရှင်းနဲ့ လက်ခံကြဖို့ပဲလိုတယ်။ ဒီအတွက် သတ္တိနဲ့ ပညာ နှစ်ခုစလုံးရှိဖို့လိုတယ်။
သဘာဝလောက ရဲ့ အမှန်တရားတွေ နဲ့ ပတ်သက်လာရင်တော့ ဘာသာရေး က သိပ္ပံ ကို အလျော့ပေး နေရာပေးဖို့ လိုပါလိမ့်မယ်။ လူသားရဲ့ ချင့်ချိန်ဝေဖန်နိုင်တဲ့ ဉာဏ်ကသာလျှင် အရာရာ အစွန်းမရောက်တဲ့ ဟန်ချက်ညီပြေလွင်တဲ့ဘဝနေဟန် ကို ပေးနိုင်မယ်လို့ ယုံကြည်မိပါကြောင်း။

End Notes and External links
- source: on Facebook | by Lynn Htet Swe
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


