ရှင်တော်ဗုဒ္ဓ ရဲ့ ရုပ်ပုံတော်

(The Mog Nation Wiki, an archive)


ရှင်တော်ဗုဒ္ဓ ရဲ့ ရုပ်ပုံတော်ဆိုတာ အရင်က မရှိခဲ့ဘူး။ ဘုရားရှင်လွန်ပြီး အနှစ် ၄-၅ ရာ ကြာမှ ဂရိကိုလိုနီတွေ အိန္ဓိယမြောက်ပိုင်းရောက်လာလို့ ဂရိ လက်ရာ ဟန်ပန်တွေ နဲ့ စထုလုပ်ကြတယ်။ စထုစဉ်မှာ ဂရိနတ်ဘုရား အပိုလို ရဲ့ ရုပ်သွင် အချိုးအစားအတိုင်း ထုလုပ်ကြတယ်။ နောက်တော့ ဒီ ရိုးရာက တခြားနေရာတွေ ကိုလည်း ပျံ့သွားတယ်။

ကမ္ဘာနိုင်ငံ အသီးသီးက ဗုဒ္ဓဆင်းတုတွေ ဟာ ခပ်ဆင်ဆင်ဆိုပေမဲ့ မတူညီကြပါဘူး။ ရိုးရာစိတ်ကူးဟန်ပန်တွေ လွန်ကဲလို့နေပါတယ်။ ဗမာဘုရား က ခပ်ဖိုင့်ဖိုင့် ထိုင်းဘုရားက ရင်အုပ်မောက် ခါးသွယ် တိဗက်နီပေါက ဘုရားတွေ ကတော့ ညာဘက်ရင်သား ဖော်ထားတဲ့ ပုံနဲ့ မျက်လုံးတော်တွေ က စူးရှရှ တရုတ်ဘုရား ကျတော့ ဆူဆူဖြိုးဖြိုးနဲ့ ဝမ်းပူပူနဲ့ ချစ်စရာ= ဒီလို ပုံစံ အမျိုးမျိုးပေါ့။ လူတွေ ကလည်း ကိုယ်မြင်ဖူးနေကျ ဘုရားပုံ ပဲ အဟုတ်ထင် စွဲလမ်းနေကြတာမျိုးပေါ့။

ဗမာဘုရားတွေ ရဲ့ ထူးခြားချက်က လက်ချောင်းခြေချောင်းတွေ အားလုံး ညီ နေတာရယ် နဖူးမှာ သင်းကျစ်တော်လို အဖတ်ပြားကြီး ပါတာရယ်ပါပဲ။ ဒါတွေကို အခြားတိုင်းပြည်က ဘုရားတွေမှာ မတွေ့ရ။ ဂျပန်ဘုရားတွေ မှာတော့ ငယ်ထိပ်မှာ ဘုကြီးလို အသားပိုလုံးလို ပါတယ်။ ထိုင်းဘုရားတွေ ကတော့ မီးတောက်မီးလျှံ ပုံပါတယ်။ ခေါင်းမီးတောက်နေပြီလို့ ပြောတာ မဟုတ်ပဲ ဗုဒ္ဓရဲ့ သဗ္ဗညုတဉာဏ်ကို ကိုယ်စားပြုတာပါတဲ့။

စဉ်းစားမိတာတစ်ခုရှိတယ်။ လူတွေဟာ ကိုယ်စိတ်ကူးယဉ်ပုံဖော်ထားတဲ့ ရုပ်တုတွေ ကို ထိုင်ရှိခိုးကြပူဇော်ကြလုပ်နေကြပေမဲ့ အဲဒီ ရုပ်တုလိုမျိုး လူသားတစ်ယောက်ကို အပြင်မှာတွေ့ရင်ထွက်ပြေးကြမလားပဲ။ ဦးခေါင်းထိပ်မှာ မြင်းဖုနဲ့ နဖူးမှာ အရေပြားတစ်ထပ်ဖုကပ်လို့ နှာယောင်မှာလည်း မွှေးရှင်တော်က ခွေလိပ်လို့ နားတော်တွေ ကလည်း ကြီးမားတဲ့ ဟောင်းလောင်းပေါက်တွေနဲ့ တွဲရရွဲ ကျလို့ လက်ချောင်းခြေချောင်းတွေ ကလည်း တညီတည်း ဖြစ်နေတဲ့ လူသားအစစ်တစ်ယောက် ကို မြင်ကြရရင် လူတွေ ဘယ်လို တုန့်ပြန်ကြမလဲ သိချင်မိတယ်။
တကယ်တော့ ဒီ ရုပ်တုတွေဟာ ကိုးကွယ်စရာ အစစ်လည်းမဟုတ်ဘူး။ ဘုရားစစ်လည်းမဟုတ်ဘူး။ လူတွေဘက်က သင်္ကေတပြုရုံ အထိမ်းအမှတ်တွေလောက်ပဲဆိုတာ သိထားဖို့လိုတယ်။ ဒီထက်ပိုပြီး ဗုဒ္ဓတရားနဲ့ တိုက်ရိုက် မသက်ဆိုင် တဲ့ ရေချမ်းကပ် ဆွမ်းကပ် မီးကပ်ပန်းကပ်လုပ်ရင် မျက်နှာသစ်ပေးတာ ယပ်ခတ်ပေးတာတွေ ရေချိုးပေးတာတွေ စတဲ့ လူလုပ်ယဉ်ကျေးမှုတွေကို လုပ်ရင်းနဲ့ ကိုယ့် စိတ္တဇ ကို ကိုယ် အဟုတ်ထင်လာကြတယ်။ လူအများ က ဝိုင်းသတ်မှတ်ပေးထားတဲ့ တန်ဖိုးပဲ ရှိတယ်။

ဒီ သင်္ကေတရုပ်တုတွေ ကနေ ပွားယူရမှာ က ဗုဒ္ဓ ရဲ့ သင်ကြားလမ်းညွှန်မှုတွေ လောကငြိမ်းချမ်းရေးတရားတွေသာ ဖြစ်တယ်။ ဒီ စိတ်ကူးဖန်တီးရုပ်တုတွေ ကြောင့် လူတွေ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးနေရပြီဆိုရင် ဒါဟာ ဘုရားစစ်ကို အမြင်ကန်းနေကြပြီ ဆိုတဲ့ ရောဂါလက္ခဏာရှိနေတာ သိပ်ကို ထင်ရှားပါတယ်။

~ Lynn Htet Swe

(6th April 2019)



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment