မြန်မာစစ်တပ်နဲ့ ပူးတွဲပြီး AA ကို တိုက်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်ပြော

မြန်မာစစ်တပ်နဲ့ ပူးတွဲပြီး AA ကို တိုက်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်ပြော
~~~~~~

RFA Burmese | 2019 March 16
■ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ မြန်မာ နဲ့ အိန္ဒိယ စစ်တပ်တို့ ပူးတွဲပြီး ရခိုင့်တပ်မတော် AA ကို တိုက်ခိုက် ခဲ့ကြတယ်လို့ အိန္ဒိယ စစ်တပ်က ပြောဆိုကြောင်း India Today သတင်း က ဖော်ပြပါတယ်။

အိန္ဒိယ အနောက်ဘက် နယ်စပ်ဒေသ တည်ငြိမ်ရေးအပေါ် အများက အာရုံစိုက်နေကြချိန်မှာ၊ အိန္ဒိယ စစ်တပ်က အရှေ့ဘက် နယ်စပ်ဒေသမှာ ရခိုင့်တပ်မတော် AA ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

AA ကို မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားတာပါ။ သတင်းတွေအရ အိန္ဒိယအစိုးရရဲ့ အကြီးစား ကုလားတန် စီမံကိန်း ကို AA က ခြိမ်းခြောက်နေတယ်လို့ ဆိုပါ တယ်။ ကုလားတန် စီမံကိန်းဟာ အိန္ဒိယ ကာလ်ကတ္တားမြို့နဲ့ မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်းကို ဆက်စပ်မယ့် စီမံကိန်းဖြစ်ပါတယ်။

အခုလို မြန်မာ နဲ့ အိန္ဒိယ စစ်တပ်တို့ ပူးတွဲဆင်နွဲတဲ့ အကြီးစား စစ်ဆင်ရေးတွေ မှာ ပထမအဆင့်အနေနဲ့ မီဇိုရမ်ပြည်နယ်တွင်းက အသစ် တည်ဆောက်ထားတဲ့ သူပုန်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒုတိယအဆင့်အနေနဲ့ မြောက်ပိုင်းက NSCN (K) နာဂ သူပုန်စခန်းတွေကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီ ပူးတွဲ စစ်ဆင်ရေးတွေကို သီတင်းနှစ်ပတ်ကြာ ဆင်နွဲခဲ့ပြီး၊ မတ်လ ၂ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ အေအေ တပ်စခန်း တစ်ခု ကို တွေ့ရစဉ်။ (Photo – RFA\File Photo)

Leave a comment