ဗိုလ်ချင်းပျံ နှင့် စစ်တကောင်းတောင်တန်းဒေသ

(The Mog Nation Wiki, an archive)


ဗိုလ်ချင်းပျံ နှင့် စစ်တကောင်းတောင်တန်းဒေသ

(written by: ဦးဝေစိန်အောင်)

ဗိုလ်ချင်းပျံ(ဗိုလ်ချုပ် ချင်းပျံ)ကို မြောက်ဦးခေတ်နှောင်းဆုံးပိုင်းတွင် မွေးဖွားခဲ့သည်။ ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံးခါနီးအချိန်တွင်ဖြစ်သည်။
ဖခင်ဖြစ်သူ ရခိုင်မြောက်ဖျားချင်းတောင်တန်းမှ ပြန်ရောက်သော အခါမွေးဖွား သောကြောင့် ချင်းပြန်(ချင်းပျံ)ဟုခေါ်သည်။ အင်္ဂလိပ်တို့က ကိန်းဘာရိန်း(king Bering)ဟု ခေါ်သည်။

ဖခင်မှာ ဒါးပိုင်ကြီး ဦးသန်ဒေ၊ မိခင်မှာဒေါ်မိမင်း။ အဒါထွေးမည်သော ညီမထွေးတစ်ယောက်လည်း ရှိသည်။ ရခိုင်ပြည်ကို
ဗဒုံမင်းသိမ်းပိုက်ပြီးနောက် မြို့၀န်ခေတ် ၁၇၉၃-ခုနှစ်ခန့်တွင် ချင်းပျံမင်းမှုတော်ထမ်းခဲ့သည်။ ၀န်ထောက်မင်းနှင့်အတူ လိုက်ပါ၍ ရိက္ခာစပါးကောက်ခံရသော တာ၀န်ဖြစ်သည်။
စစ်တကောင်းဒေသတွင် စစ်တကောင်းသား ဘင်္ဂလီကုလားများ နေထိုင်သည်။ ထိုအချိန်ကလူဦးရေ အလွန်ကျဲသည်။

ရခိုင်ဘုရင်များအုပ်စိုးခဲ့သော ဘင်္ဂါ(၁၂)မြို့တွင် စစ်တကောင်းဒေသပါ၀င်သည်။ စစ်တ ကောင်း၊ ဖလောင်းချိတ်၊ ပင်းဝါ၊ဟာရဘင်း၊ တက်ကနာ့ဖ်အပါအ၀င်ဖြစ်သည်။ သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင် တို့မှာလည်းစစ်တကောင်းတောင်တန်းဒေသဖြစ်သည်။ ထိုအချိန်က စစ်တကောင်းဒေသကို ဗြိတိသျှအရှေ့ အိန္ဒိယကုမ္ပဏီက
အုပ်စိုးလျက်ရှိသည်။ ရခိုင်ပြည်ဘက်မှ ရခိုင်သားအများအပြားမှာ သိမ်းပိုက်သူတို့၏ သတ်ဖြတ်ခြင်းမှကင်းလွတ်ရန်စစ်တကောင်းတောင်ပိုင်းဒေသသို့ ပြေး၀င်ခိုလှုံ့ခဲ့ကြသည်။ ၁၈၀၀-ခုနှစ်တွင်ရခိုင်လူမျိုးငါးသောင်းခန့်၀င်ရောက်နေထိုင်ပြီးဖြစ်သည်။

ဖလောင်းချိတ်(ခေါ်)ကော့ဘဇားကို (Capt.Hiramcox) သည် ၁၇၉၉-ခုနှစ်ကပင် တည်ထောင်အုပ်ချုပ်ခဲ့သည်။
၁၇၈၄-ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်၀တီလေးရပ်၌ မြန်မာမြို့၀န်များ အုပ်ချုပ်သည်။ မြို့၀န်များ ခေတ်ဟုတွင်သည်။

ဗဒုံမင်းထံစစ်ပန်ခဲ့သူ ဦးသန်ဒေမှာ ဓည၀တီမြို့သူကြီးအဖြစ် ခန့်အပ်ခဲ့ရသည်။ မြန်မာ ပြည်ဘက်တွင်မင်းကွန်းစေတီ တော်တည်ဆောက်ရေး၊ မိတ္တိလာကန်တော်တူးဖေါ်ရေးတို့အတွက် လုပ်အား တော်ဆက်များပို့ပေးရသည်။ ၁၇၉၈-ခုနှစ်တွင်သံလျင်ကို စစ်ချီရန်အတွက် သေနတ်လက်နက်(၂၀၀၀၀)နှင့်
လူအင်အား(၄၀၀၀)တောင်းခံရာ ထက်၀က်ခန့်သာ ပို့ပေးနိုင်သဖြင့် ဦးသန်ဒေမှာ ဗဒုံမင်း၏အမျက်တော်ရှခြင်းခံရသည်။ သားကြီးဖြစ်သူသက်နှံဝေကို အမရပူရတွင် သတ်ပစ်ခံရသည်။ ရခိုင်ပြည်သူများဒုက္ခမျိုးစုံကြုံရသည်။

ဆူပူမှုများဖြစ်လာသည်။ ထိုဆူပူမှုကိုဦးဆောင်ရန် ချင်းပျံအားတောင်းဆိုလာကြသည်။ ချင်းပျံက လက်ခံ၍ မြောက်ဦးမြို့တော်ကို ဝိုင်းရံသည်။ ဖခင်ဦးသန်ဒေ၊ ယောက်ဖတော်ဦးငလက်ရုံးတို့လည်းပါသည်။ မြို့၀န်တပ်များဖြိုခွင်း၍` ထွက်ပြေးဆုတ်ခွာကြရသည်။

၁၇၉၈-ခုနှစ်တွင် ဦးသန်ဒေမှာ မိသားစု၊ ဆွေမျိုးနောက်လိုက်နောက်ပါတစ်သောင်းခန့်ဖြင့် စိုင်းတင် အရပ်သို့ ထွက်ပြေးလာခဲ့သည်။ နောင်တွင် ဟာရဘင်း(Harbang)သို့ရောက်ရှိလာသည်။ ချင်းပျံနှင့်အပေါင်း ပါများလည်း မယူမြစ်ကမ်းဒေသသို့ဆုတ်ခွာ၍ တပ်တည်နေခဲ့သည်။ သို့သော် မြို့၀န်တပ်များတိုက်ခိုက် မှုကြောင့်စစ်တကောင်းနယ်ထဲသို့၀င်သွားရသည်။ ဦးသန်ဒေမှာ နှစ်များမကြာမီ ဟာရဘင်း၌ကွယ်လွန်သွား ခဲ့သည်။ ချင်းပျံသည်
ဟာရဘင်းမှာရခိုင်သားအမြောက်အမြားနှင့်အတူ နတ်မြစ်ကမ်းတက်ကနာ့ဖ်(Tek Naaf) အနီးတဝိုက်သို့ဆင်းလာခဲ့သည်။ နတ်မြစ်ကမ်းခြေဒေသတွင် ဦးသန်ဒေပိုင်မြေများရှိခဲ့သည်။ ယင်းမြေဒေသ၌ တပ်ဖွဲ့များ ဖွဲ့စည်းထားသည်။ ချင်းပျံမှာ တော်လှန်ရေးတပ်မကြီး တစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းသည်။ ၁၈၁၁-ခုနှစ်တွင်အင်အား(၁၀၀၀၀)မှ(၁၂၀၀၀)ထိရှိသော စစ်တပ်ကြီးတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။ သူ၏တပ်သားများ အား ကုမ္ပဏီက
အစိုးရတပ်တွင်၀တ်ဆင်သည့် ရှပ်နီဆင်တူများ၀တ်ဆင်ပေးသည်။

ဗိုလ်ချုပ်ချင်းပျံ၏လက်ထောက်တပ်မှူများမှာ ဗိုလ်လက်ရုံးဘွေ၊ ဗိုလ်ချင်းပျံခုံ၊ ဗိုလ်မီးဇာ၊ ဗိုလ်စံနက်တူ၊ ဗိုလ်ပွင့်၊ ဗိုလ်ချင်း၊ဗိုလ်ရုပ်ဆိုး၊ ဗိုလ်အောင်ကြက်၊ ဗိုလ်တုံးစံရွှေ၊ ဗိုလ်ကျော်ထွန်း၊ ဗိုလ်ခေါင်းဆွေ၊ ဗိုလ်ချီလူး၊ ဗိုလ်မျက်တောင်ရှည်၊ ဗိုလ်တလိုင်းသျှေ၊ ဗိုလ်ဇော်ကေဟူ၍ အများအပြားရှိသည်။ ဗိုလ်ချုပ်ချင်းပျံသည် ၁၈၁၁-ခုနှစ် နွေရာသီတွင် ကြီးမားသောတပ်အင်အားဖြင့် ဘရခိုင်ပြည်ပြန်လည်သိမ်းပိုက်ရေးအတွက် ထိုးစစ်ဆင်နွှဲ့ခဲ့သည်။ ဇွန်လတွင်မြောက်ဦးမြို့တော် အနီးတဝိုက်ထိ သိမ်းယူနိုင်ခဲ့သည်။

မြို့တော်ထဲသို့ ခေတ္တမျှ၀ င်ရောက်နိုင်ခဲ့သော် လည်း ပြန်လည်ဆုတ်ခွာခဲ့ရသည်။ စစ်တကောင်းတွင် မက္ကရေး(McRae)ဆိုသူဆရာ၀န်တစ်ဦးရှိသည်။ လယ်ယာမြေကြီးကြပ်ရေးမှူး တာ၀န်ယူရသောမြို့ပြ၀န်ထမ်းဖြစ်သည်။ ၀န်ဂီ(Wangee)အရပ်တွင်သင်္ဘောတည်ဆောက်မှုကိုလည်း ပြုလုပ် သည်။ သူသည်
ချင်းပျံတော်လှန်ရေးကို ကူညီထောက်ခံသူဖြစ်သည်။ ၁၈၁၁-ခု၊ ဧပြီလတွင် ဗိုလ်ချင်းပျံ တပ်များကမက္ကရေးသင်္ဘောကျင်းမှအမြောက်(၁၇)လက်ကို
လှေများဖြင့်တင်ဆောင်ယူသွားကြသည်။ ထိုသို့ ဖြစ်ပျက်ပြီးနောက် မကြာမီ စစ်တကောင်းရှိ လက်နက်စခန်းကို ဗိုလ်ချင်းပျံတပ်များလာရောက်တိုက်ခိုက် ကြသည်။

ဒုတိယအကြိမ် ရခိုင်ပြည်ဘက်သို့ စစ်ဆင်မှုကြီးကို ၁၈၁၁-ခုနှစ် ကုန်ပိုင်းတွင်ပြုလုပ်သည်။ ပင်လယ် ရေကြောင်းဘက်မှဖြစ်သည်။ မာန်အောင်ကျွန်းအနီးကျွန်းများတွင် မြန်မာတပ်များနှင့်တိုက်ပွဲကြီးနှစ်ကြိမ် အပြင်းအထန်ဖြစ်ပွားသည်။ လှေအစီး(၃၀၀)၊ လူအင်အား(၁၀၀၀၀)ခန့်ပါသော
ဗိုလ်ချင်းပျံတပ်များပျက်၍ လှေအစီး(၁၀၀)ခန့်နှင့် လူအင်အားအမြောက်အမြား ဆုံးရှုံးခဲ့ရသည်။ လက်နက်အင်အား ညံ့ဖျင်းမှုကြောင့် ဖြစ်သည်။ အများအပြားမှာ ဝါးချွန်များကိုကိုင်၍ တိုက်ခဲ့ကြရသည်။ စစ်ရှုံး၍ စစ်တကောင်းတောင်များပေါ်သို့ တိမ်းရှောင်ခဲ့ကြရသည်။

ထိုအချိန်ကာလက စစ်တကောင်းတောင်ပိုင်းဒေသသည် တောကြီးမျက်မဲဖြစ်သည်။ တောင်ပေါ် သစ်တောကြီးများကို ဖြတ်သန်းသွားလာရန်လုံး၀မလွယ်ကူချေ။ တောရိုင်းတိရစ္ဆာန်များလည်းရှိည်။
ငှက်ဖျား ခြင်ပေါများသည်။ စစ်တကောင်းမှတက်ကနာ့ဖ်ထိ တောင်မြောက်(၁၄၀)မိုင်ကွာဝေးသည်။စစ်တကောင်းမှ ကောဘဇားထိ (၈၀)မိုင်ရှိပြီး၊ ကောဘဇား(ဖလောင်းချိတ်)နှင့် ပင်းဝါ(ရာမူး)မှာ အရှေ့အနောက် (၁၀)မိုင်ခန့်ကွာဝေးသည်။
ကော့ဘဇားနှင့်တက်ကနာ့ဖ်အကြားမှဆက်သွယ်သွားလာရေးလမ်းကြောင်းမှာဘဂလာပင်လယ်ကမ်းရိုးအတိုင်းဖြစ်သည်။ (၆၀)မိုင်ရှည်သည်။
စစ်တကောင်းဒေသတွင် သွားလာရေးခက်ခဲမှုကြောင့် ကုမဏီအစိုးရမှာ ဗိုလ်ချင်းပျံတပ်များအား ထိန်းချုပ်ရန် ခက်ခဲသည်။

ဖမ်းဆီးအရေးယူရန်လည်း မလွယ်ကူချေ၊ ထို့ကြောင့် ချင်းပျံကိုဖမ်းမိလျှင် ရူပီးငွေ (၅၀၀၀)၊ လက်ထောက်စစ်ဗိုလ်များကိုဖမ်းမိလျှင် ရူပီးငွေ(၁၀၀၀)ဟု ထုတ်ပြန်ထားရသည်။

သာမန်လယ်သမားများနှင့်ခွဲခြားမရနိုင်သောသူလျှိုများကို ဗိုလ်ချင်းပျံစေလွှတ်ထားရာ ကုမ္ပဏီပုလိပ်တို့ကမူ ဗိုလ်ချင်းပျံတပ်များ၏လှုပ်ရှားမှုသတင်းကို ရခိုင်သားများထံမှမရရှိနိုင်ကြချေ။ ၁၈၁၂-ခု၊ ဖေဖေါ်ဝါရီလ(၂)ရက်နေ့တွင် တက်ကနာ့ဖ်တပ်မှူး ကိုယ်တိုင်နယ်စပ်တစ်လျှောက် စစ်ဆင် သည်။

ဗိုလ်ချင်းပျံတပ်များနှင့်တွေ့၍ တိုက်ပွဲဖြစ်ပွားသည်။ ဗိုလ်ချင်းပျံတပ်သားအမြောက်အမြား ဖမ်းဆီးခြင်း ခံရသည်။ ဗိုလ်ချင်းပျံ၏ ရှုံးနိမ့်မှုသည် ရခိုင်လူထုအပေါ်ရှိနေသော သူ၏သြဇာကို လျော့နည်းပျောက်ပျက် မသွားစေနိုင်ပါ။ ရာမူး(Ramu)အနီးတဝိုက်မှ ရခိုင်သားများစွာတို့ ဗိုလ်ချင်းပျံကို လေးစားကြည်ညို၍ဖြစ်သည်။
တစ်ချို့မှာ ကြေက်ရွံ့မှုကြောင့်ဖြစ်သည်။

၁၈၁၂-ခုနှစ် မိုးရာသီတစ်ခုလုံးနီးပါး စစ်တကောင်းတောင်ပိုင်းဒေသမှာ ဗိုလ်ချင်းပျံတပ်များ၏ လက်တွင်း၌ ကော့ဘဇားကိုသိမ်းပိုက်လိုက်ပြီး ဌာနချုပ်ပြုလုပ်ထာသည်။ တက်ကနာ့ဖ်မှကုမ္ပဏီ ပုလိပ်တို့မှာ ဗိုလ်ချင်းပျံတပ်များ၏ တိုက်ခိုက်မှုကို ကြောက်ရွံ့သဖြင့်စခန်းမှ စွန့်ခွာ၍ ရာမူးသို့ပြောင်းရွေ့နေထိုင်ခဲ့ ကြသည်။

ဗိုလ်ချင်းပျံတပ်တို့သည် ဟာရဘင်း(Harbang)ကိုလည်း ရေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ လှေအစီး (၅၀)ကျော် တပ်သားအပြည့်ပါ၀င်သည်။ ၁၈၁၂-ခု၊ နို၀င်ဘာလတွင်ပင် လက်ဖတိန်နင်ယန်း(Lt.Young) ဦးဆောင်သောကုမ္ပဏီတပ်ဖွဲ့သည်စစ်တကောင်းမှထွက်ခွာလာပြီး ကော့ဘဇားကိုတိုက်ခိုက်သည် ဗိုလ်ချင်းပျံတပ်များရှုံး၍ တောင်ကုန်းများပေါ်သို့တက်ပြေးခဲ့ရသည်။ လှေအစီး(၁၅၀)ခန့်နှင့် ဆန်စပါး၊ လက်နက်၊ရိက္ခာများဆုံးရှုံးခဲ့ရသည်။ ကော့ဘဇားဌာနချုပ်လည်း အသိမ်းခံလိုက်ရသည်။ ၁၈၁၃-ခု၊ ခြောက်သွေ့ရာသီတွင် စစ်တကောင်းဒေသတစ်ခွင်၌ ဗိုလ်ချင်းပျံတပ်များ၏ တိုက်ခိုက် ဖျက်ဆီးမှုများရှိခဲ့သည်။

သူ၏နောက်လိုက်တချို့မှာ သူ့ထံမှစွန့်ခွာမှုများရှိလာသည်။ ၁၈၁၃-ခု၊ ဇူလိုင်လတွင် စစ်တကောင်းအရှေ့ပိုင်းတောင်တန်းဒေသ၌ ခံတပ်ကြီးတစ်ခုကို ဗိုလ်ချင်းပျံတည်ဆောက်ခဲ့သည်။ ထိုလမှာပင် ဟာရဘင်းကို ၀င်ရောက်စီးနင်းပြီး သူ၏နို့စို့အရွယ် သမီးငယ်နှစ်ယောက်ကို ခေါ်ဆောင်ယူလာ ခဲ့သည်။ အမိဘက်မှအဖိုးအဖွားတို့နှင့်အတူ နေထိုင်သော ကလေးငယ်များဖြစ်သည်။

၁၈၁၃-ခု၊ အောင်တိုဘာလတွင် ဗိုလ်ချင်းပျံ၏လှုပ်ရှားမှု ပိုမိုပြင်းထန်လာသည်။ မြေပြန့်ရခိုင်များထံမှ ပေးပို့သောရိက္ခာနှင့် လက်နက်များလှေဖြင့် ရောက်လာသည်။ ရခိုင်လူထုတစ်ရပ်လုံးသည် ဗိုလ်ချင်းပျံအား လျှို့ဝှက်ကူညီနေကြသည်။ အထူးသဖြင့် ကော့ဘဇားနှင့် ဟာရဘင်းမှ လူများ၊
ရခိုင်ပြည်ဘက်မှ ပြောင်းရွှေ့လာရောက်ခဲ့သူများအားလုံးကဗိုလ်ချင်းပျံကို ထောက်ခံအားပေးချက်ရှိသည်။

၁၈၁၄-ခု၊ မတ်လတွင် တပ်သား(၁၅၀)ပါအဖွဲ့သည် နတ်မြစ်တို့လှေဖြင့်စုန်ဆင်း၍ ဒါခိုင်ညီလာ(Dakhin Nhila)ကို
၀င်ရောက်စီးနင်းသည်။ ဇူလိုင်လမိုးရာသီတွင် ဗိုလ်ချင်းပျံသည် တပ်သား (၇၀၀)ခန့်နှင့်အတူ တောင်ပေါ်စခန်းတွင်နေခဲ့သည်။ ၁၈၁၄-ခု နှောင်းပိုင်းတွင် ဗိုလ်ချင်းပျံတပ်များ ဟာရဘင်းနှင့် ချာကရိယား(Charkaria)တဝိုက်တွင်၌ တိုက်ပွဲများပြုလုပ်ခဲ့သည်။ ကုမ္ပဏီတပ်များနှင့် ဟာရာ ဘင်း၌ တိုက်ပွဲဖြစ်ပွားရာဗိုလ်ချင်းပျံ၏ လက်ရင်းတပ်ဗိုလ် မီးဇာ(Maza)အား ဖမ်းမိသွားသည်။ မီးဇာမှာ ရူပီငွေ (၁၀၀၀)ဆုငွေထုတ်ခံထားရသူဖြစ်သည်။

ကုမ္ပဏီတပ်များ ရာမူးကိုလည်း တိုက်ခိုက်လာကြသည်။ ၁၈၁၄-ခု၊ နို၀င်ဘာလတွင် ဗိုလ်ချင်းပျံ၏ ဌာနချုပ်ဒူလာဟာရာဇ(Dulaharaza)အသိမ်းခံလိုက်ရရာ ဗိုလ်ချင်းပျံနှင့် သူ၏တပ်များ လွတ်မြောက်သွား ကြသည်။ မီးဇာကိုဖမ်းမိသွားခြင်းသည် ဗိုလ်ချင်းပျံအတွက် အရှိုက်ထိုးခံလိုက်ရခြင်းဖြစ်သည်။ တောကြီး
တောင်ကြီးထဲတွင် လေးနှစ်တာမျှ ပြေးလွှားတိုက်ခိုက်နေခဲ့ရမှုကြောင့်ကျန်းမာရေးသည် ယိုးယွင်းလာသည်။ ၁၈၁၅-ခု၊ ဇန်နဝါရီ(၂၅)ရက်နေ့တွင် ရာမူးမှ သုံးရက်ခရီးကွာဝေးသောပူလောင်ချူရာ(Pulungchura)အရပ်ရှိ တောင်ကုန်း၌ နာမကျန်း၍ ဗိုလ်ချင်းပျံသေဆုံးသည်။ သူသေဆုံးပြီးနောက်
သူ့တပ်များလည်း ဖရိုဖရဲပြိုကွဲ သွားတော့သည်။

(B.p.pearn ၏ King-bering) (JBRS)နှင့် ဦးလှထွန်းဖြူ(သမိုင်း)၏ မဇ္စျိမဒေသအရေးတော်ပုံကျမ်းကိုမှီငြင်းရေးသားသည်။)

(ဦးဝေစိန်အောင်)
email: uwaiseinaung@gmail.com



The Mog Nation Wiki

Leave a comment