ရခိုင်လူမျိုးတို့၏ တစ်မူထူးခြားသည့် သင်္ကြန်ပွဲတော်

(The Mog Nation Wiki, an archive)

ဓာတ်ပုံ-တင်စိုး

Wednesday, April 1, 2015

တစ်မူထူးခြားသည့် ရခိုင်လူမျိုးတို့၏ သင်္ကြန်ပွဲတော်

(written by: ဒေါက်တာ မောင်ဖြေ)

တန်ခူးလသည် ဂိမှာန္တရာသီ၏ဒုတိယမြောက်လ ဖြစ်သည်။ ဆောင်းရာသီလွန်မြောက်၍ နွေရာသီသို့ ပီပြင်စွာ ရောက်ရှိလာသော ရာသီလည်းဖြစ်သည်။ တော၊ တောင်၊ ရေ၊ မြေသဘာဝအနေဖြင့် ရွက်ဟောင်း ခြွေလှစ် ရွက်သစ်ပေါ်ထွက်ကာ ဆန်းသစ် လှပနေသည်။ ဤသို့ ထူးခြားသော ရေမြေသဘာဝကို ရှုမြင်ခံစားသော ရှင်ဥတ္တမကျော်က ”သဘင်ဂိမှာန်၊ တာသင်္ကြန်
ဟု၊ လေပြန်လွင့်ကူ၊ ဘုံသစ်ထူ၍ ဥဏှဂူနတ်၊ ဖလ်ရဟတ် လည်း၊ သဟာဿရောင်၊ ခြည် တထောင်ဖြင့်၊ ပြောင် ပြောင် ဝင်းထိန်၊ အာဏာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ စွမ်း ကုန်ပြသော်၊ လေခမြေသက်၊ စျာန်ဝိတက်သို့၊ သစ်ရွက် ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ ဆေးစုံ၊ ခြယ်သပုံသို့…”ဟု တောလားဖွဲ့ဆိုထားသည်။

တန်ခူးလ၏အဓိကမှာ သင်္ကြန်ပွဲတော်ဖြစ်သည်။ သင်္ကြန်ဟူသော ဝေါဟာရသည် ”သင်္ကြာန္တ” ဟူသော သက္ကတပုဒ်မှ ပြောင်းလဲ လာသည့် မြန်မာဝေါဟာရ ဖြစ်သည်။
သင်္ကြန်ဖြစ်ပေါ်လာခြင်းနှင့် ပတ်သက်၍ ဝေဒပညာရှင်တို့က တနင်္ဂနွေဂြိုဟ်မင်းသည် တန်ခူးလ မိဿရာသီ ပထမနဝင်းမှစ၍ တပေါင်းလ မိန်ရာသီ၏ အဆုံးနဝင်းဖြစ်သော ရေဝတီနက္ခတ်သို့အရောက်တွင် နက္ခတ် နဝင်းပေါင်း ၁ဝ၈၊ နဝင်းလပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက်ကြာခဲ့ကာ တစ်ပတ်လည်ခဲ့၏။

မိန်ရာသီ၏အဆုံးနဝင်းဖြစ်သော ရေဝတီနက္ခတ်မှ မိဿ ရာသီအစ နဝင်းဖြစ်သည်။ အဿဝတီနက္ခတ်သို့ ကူးပြောင်းချိန်ကျရောက်သည်။ ယင်းသို့ တနင်္ဂနွေ ဂြိုဟ်မင်း မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန် ကျရောက်လျှင် သင်္ကြန်ကျခြင်းဖြစ်သည်။

ရှေးမြန်မာဘုရင်များဦးခေါင်းဆေးမင်္ဂလာပြုလုပ် ကြသည်ကို သင်္ကြန်ခေါ်သည်ဟု သုံးနှုန်းလေ့ရှိခဲ့ သည်။ တစ်ပတ်လျှင် တစ်ကြိမ်လျှော်သော ”ပကတိ သင်္ကြန်” ဂြိုဟ်စီး၊ ဂြိုဟ်နင်းညံ့ဖျင်းသောအခါ အန္တရာယ် ပျောက်၍ ဘုန်းတော်တောက် ရန်လျှော်သော ”သင်္ကြန် လတ်”နှင့် ဘိသိက်ခံယူသည့်အခါလျှော်သော ”မဟာ သင်္ကြန်” ဟူ၍ သင်္ကြန်သုံးမျိုးပင်ရှိ၏။ ဤသည်ကို ထောက်ရှုသော် သင်္ကြန်အခါ ရေပက်ကစားခြင်း၊ ခေါင်းဆေးခြင်း ပြုလုပ်ကြသည်မှာ အဆိုးကိုပျောက် စေပြီး အကောင်းရောက်စေရန် ရည်သန်၍ ပြုခြင်း ဖြစ်သည်။
သင်္ကြန်အခါတွင် ရေပက်ကစားသောဓလေ့ သည် သာကီဝင်မင်းမျိုးတို့ကစသည်။ သာကီဝင် မင်းမျိုး ရေပက်ဖျန်းကစားလေ့ ရှိကြောင်းကို ကျမ်းဂန် များ၌တွေ့ရသည်။

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် မဟာသင်္ကြန် ဇေယတုကောဇာ သက္ကရာဇ် ၁၃၇၆ ခု နှောင်း တန်ခူးလပြည့်ကျော် ၁၁ ရက်(၁၄-၄-၂ဝ၁၅) အင်္ဂါနေ့ နေ့လွှဲ စက် ၄ နာရီ ၃၁ မိနစ် ၁၅ စက္ကန့်အချိန်တွင် မဟာသင်္ကြန်ကျသည်။ (၁၅-၄-၂ဝ၁၅) ဗုဒ္ဓဟူးနေ့ မဟာသင်္ကြန် အကြတ်ရက်ဖြစ်သည်။ ၁၃၇၆ ခု နှောင်း တန်ခူးလပြည့်ကျော် ၁၃ ရက်(၁၆-၄-၂ဝ၁၅) ကြာသပတေးနေ့ ညစက် ၈ နာရီ ၃၅ မိနစ် ၅၇ စက္ကန့်အချိန်တွင် မဟာသင်္ကြန်တက်သည်။ ထို့ကြောင့် ၁၃၇၇ ခုနှစ် တန်ခူးလပြည့်ကျော် ၁၄ ရက်(၁၇-၄-၂ဝ၁၅) သောကြာ နေ့ နှစ်ဆန်း ၁ ရက်နေ့ဖြစ်သည်။

ဤနှစ်သည် လေးလရက်စုံဝါကြီး ထပ်သောနှစ်ဖြစ်သည်။ ရဟန်းတော် အရှင်သူမြတ်တို့သည် သက္ကရာဇ် ၁၃၇၇ ခုနှစ်တွင် ဝါထပ်သောကြောင့် ဒုတိယ ဝါဆိုလပြည့်ကျော် ၁ ရက်(၁-၈-၂ဝ၁၅)ခု စနေနေ့တွင် ပထမ ပုရိမာ ဝါကပ်သင့်ပါကြောင်း၊ ဝါခေါင်လပြည့်ကျော် ၁ ရက်(၃၁-၈-၂ဝ၁၅) ခု တနင်္လာနေ့တွင် ဒုတိယပစ္ဆိမ ဝါကပ်သင့်ပါ ကြောင်း။
သင်္ကြန်ကျရောက်ချိန်တိုင်း သင်္ကြန်စာရှိခဲ့သည်။ သင်္ကြန်စာနှင့်ပတ်သက်၍ ဓညဝတီပြက္ခဒိန်အမည်ဖြင့် နက္ခတ်ဗေဒင်ပညာရှိ ဆရာကြီး ဦးထွန်းလှခိုင်က တစ်နှစ်တစ်စောင်ကျစီ အင်္ဂလိပ်-မြန်မာ-ရခိုင် သုံးဝါဒ ပါဝင်သော ပြက္ခဒိန်ကို ရှေးအခါက ထုတ်ဝေခဲ့လေ သည်။

ဘိုးတော်အဥ္စနမင်း ဖြိုကြွင်းသက္ကရာဇ် မြန်မာတို့၏ ပြက္ခဒိန်မှာ အနောက်မဇ္ဈိမတိုင်းမှရရှိ ခဲ့သကဲ့သို့ ရခိုင် အမျိုးသားပြက္ခဒိန်မှာလည်း ထိုမူရင်း ဒေသမှပင် ရရှိခဲ့ကြခြင်းဖြစ်သည်။ မြန်မာတို့မှာ ဝါဆို လတွင် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ဝါဆိုနှစ်လထပ် ကြသကဲ့သို့ ရခိုင်အမျိုးသားတို့မှာလည်း တန်ခူးလ မိဿရာသီတွင် ပထမတန်ခူး၊ ဒုတိယတန်ခူးဟု နှစ်လ ထပ်ကြသည်။ ထို့ကြောင့် မြန်မာတို့မှာ နှစ်ဝါဆိုနှင့် ရခိုင် တို့မှာ နှစ်တန်ခူးဟု အတည်ပြုလာခဲ့ကြပေသည်။

ရခိုင် ပြက္ခဒိန်နှင့် မြန်မာပြည် ပြက္ခဒိန်တို့မှာ နှစ်ဝါဆို၊ နှစ်တန်ခူး ဟူ၍ ကွဲပြားနေသော်လည်း သက္ကရာဇ်မှာ အတူတူပင် ဖြစ်သည်။

မြန်မာပြည်၌ သက္ကရာဇ်ဖြိုခြင်း သုံးကြိမ်ရှိခဲ့သည်။ မြန်မာပြည်တွင် သက္ကရာဇ် သုံးကြိမ်ဖြိုခြင်းနှင့် ရခိုင် ပြည်တွင် သက္ကရာဇ်တစ်ကြိမ်ဖြိုခြင်းတူနေသောကြောင့် မြန်မာနှင့် ရခိုင်သက္ကရာဇ်မှာ အတူတူဖြစ်နေတော့သည်။

တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည်၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး မတူကြချေ။ ယဉ်ကျေးမှုကိုလိုက်၍ ရှေးရှေး နှောင်းနှောင်းရှိကြသည်။ ဓညဝတီခေတ် ရာလမာယုမင်း သက္ကရာဇ် ၆၈ သို့ ရောက်သောအခါ မြတ်ဘုရား ရှင်အလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်၍ ၁ဝ၃ ခုနှစ်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ၄၅ နှစ်ကြာသောကာလပတ်လုံး တရားဟောတော်မူလျက် သက္ကရာဇ် ၁၄၈ ခုနှစ်တွင် ပရိနိဗ္ဗာန်စံလွန်တော်မူ၏။ ယင်းသက္ကရာဇ်သည် ဘိုးတော်အ ဉ္စနမင်း ဖြိုကြွင်း သက္ကရာဇ်တစ်နည်းအားဖြင့် ရာလမာယုမင်း ဖြိုကြွင်း သက္ကရာဇ်ပင်ဖြစ်သည်။
သကျသာကီဝင် သင်္ဃဿရဋ္ဌနွယ်ဖွား ရခိုင်သင်္ကြန်ပွဲတော် အတာရွှင်မြူး နှစ်သစ်ကူးသည့်အချိန်တွင် တိုင်းရင်း သားလူမျိုးများသည် ရိုးရာဓလေ့ ထုံးစံအရ သင်္ကြန် နှစ်သစ်ကူးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိ ကြသည်။ ထိုအထဲတွင် ယဉ်ကျေးမှုများမြစ်ဖျားခံရာ သကျသာကီဝင် သင်္ဃဿရဋ္ဌနွယ်ဖွား ရခိုင်လူမျိုးတို့ သင်္ကြန်ပွဲတော်၏ ယဉ်ကျေးမှုများ ထုံမွမ်းနေမှုကို တင်ပြပါ၏။ သကျ=သာကီဝင်မျိုးနွယ်ဖြစ်၍ သင်္ဃဿ ရဋ္ဌ=ဓညဝတီရခိုင်ပြည်ဟူ၍ ရည်ညွှန်းတင်စားပါ၏။

ရခိုင်သင်္ကြန်ပွဲတော်သည် သင်္ကြန်မကျမီ သုံးရက် ခန့်ကတည်းက သင်္ကြန်ပွဲတော် ကျင်းပကြရန် တိုင်ပင် ဆွေးနွေးကြသည်။ သင်္ကြန်အကြိုနေ့တွင် မဏ္ဍပ်ကြီး ငယ်များဆောက်ပြီး ကရမက်၊ နံ့သာဖြူ၊ န့ံသာနီ၊ သနပ်ခါးစသော အမွှေးတုံးတို့ကို အမျိုးသမီး ၊ အမျိုးသား များစုပေါင်းလျက် န့ံသာသွေးကြသည့် အစဉ်အလာ အရ ညဉ့် ၁၂ နာရီခန့်တိုင်အောင် လူကြီးလူငယ်မရွေး သွေးကြသည်။ သွေးပြီးသော အမွှေးနံံ့သာရည်တို့ကို ထမ်းရွက်လျက် ဗုံမောင်းတီးကာ တစ်ညလုံး လှည့်လည် ကခုန်မြူးတူးကြသည်။
သင်္ကြန်အကျနေ့ နံနက်တွင် မွှေးပေါင်းဖြာသည့် သွေးပြီး နံ့သာရည်တို့ကို ဘုရားပုထိုးများသို့ သွားရောက် ၍ ရေသပ္ပာယ်ပြီး နံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။ ၄င်းအပြင် မိမိတို့ကိုးကွယ်ရာ ဘုန်းတော်ကြီးကျောင်း များသို့ သွားရောက်၍ ဘုရားရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာ ဖျန်းခြင်း၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းခြင်း အစ ရှိသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။ နံနက် ပိုင်း ဘုရားရေသပ္ပာယ်ခြင်း အလေ့အထမှာ စစ်တွေ မြို့ပေါ်တွင်သာရှိပြီး တောမြို့ဒေသနှင့် ကျေးလက် ဒေသများတွင်မူ ညပိုင်း၌ ပြုလုပ်လေ့ရှိကြသည်။
ဘုရားများကို လှည့်လည်ရေသပ္ပာယ်ရာတွင် အမျိုး သားများသာ ပါဝင်လေ့ရှိကြသည်။ ထိုနေ့ကို ”ဘုရား ရေချိုးနိမ့်” ဟု ရခိုင်လူမျိုးများက ခေါ်ဝေါ်ကြသည်။ ဘုရား ရေချိုးနိမ့်ဟူသည် သင်္ကြန်အကြိုနေ့ ဘုရား ရေသပ္ပာယ်သည့်နေ့ဟု လိုလိုခြင်းဖြစ်သည်။

”ပိတောက်ဝါဝါ၊ ပင်လုံးကျွတ်
အတာလမြတ် ရောက်သောအခါ
နွှဲပျော်စရာ၊ စည်ဒုပ္ပာနန့်
ပတ်သာဗုံမောင်းတီးလို့လာ
နံ့သာချိုးရီ ကိုယ့်စီထမ်း
ကျောင်းတက်လမ်းနန့် ဝင်္ကဘာ
ဗုဒ္ဓမြတ်စွာ သပ္ပာယ
ဆုမွန်တောင်းကြ ငါရို့မှာ
သင်္ကြန်ကျစွာ၊ စဉ်လာထွန်း
ရှိကမော်ကွန်းစာအဆို
ငါရိလူမျိုး၊ ဖော်ကသင်းက
ဇင်းခါကြောင်းလမ်း ယောင်လို့ပါ
မဏ္ဍပ်ကညာ၊ ပျိုဖြူလှရို့
ကနွဲ့ကယ ထပြီးကေ…”ဟူသော ရခိုင်သင်္ကြန် သံချပ်ကြီးကို ထိုးကြသည်။

သင်္ကြန်ရေကစားရာတွင် အမျိုးသမီးများက ရေပတ် ခံရခြင်း အလေ့အထမရှိဘဲ မိမိတို့၏နီးစပ်ရာ မဏ္ဍပ် များအတွင်းမှသာ ရေကစားလေ့ရှိသည်။ မဏ္ဍပ် များတွင် လောင်းလှေကြီးများဖြင့် ရေကစားကြသည်။ အမျိုးသမီးများ ထိုင်နေရာနှင့် လက်တစ်လှမ်းကျော်ခန့် အကွာတွင် ရေလောင်းသူ အမျိုးသားများသည် အမျိုးသမီးများနှင့် ရောထွေးမနေပေ။ အတားအဆီး ပြုလုပ်ထားရှိသည်။

ပထမရောက်ရှိလာအဖွဲ့ ရေကစား နေကြစဉ် နောက်တစ်ဖွဲ့ရောက်လာလျှင် မဏ္ဍပ်ထဲသို့ မဝင်ဘဲ အပြင်တွင် ကခုန်သီဆို၍နေကြသည်။ တစ်ဖွဲ့ ကစားပြီးမှ နောက်တစ်ဖွဲ့ကဝင်၍ ကစားရသည်။ တစ်ဖွဲ့ ရေလောင်းနေလျှင် ကျန်တစ်ဖွဲ့က ဝင်ရောက်ကစားလေ့ မရှိပေ။ အလွန်စည်းကမ်းရှိလှပေသည်။ ရေကစားရာတွင် အများအားဖြင့် နေ့လယ်ပိုင်းမှ ညနေစောင်းအထိသာ ကစားလေ့ရှိသည်။
ရှေးရှေးအခါက အမျိုးသား ရေပက်ခံအဖွဲ့များ သည် မြင်းရထား၊ နွားလှည်းများနှင့် အမျိုးသမီး ရေလောင်း မဏ္ဍပ်များသို့ လှည့်လည်ဝင်ထွက် ရေကစား လေ့ရှိသည်။ လူပျိုနှင့် အပျိုတွေ့ဆုံခွင့်ရသည့် အချိန် ဖြစ်သည်။ သို့ရာတွင် မောင်နှမချင်း၊ သားအမိသား အဖချင်း၊ ယောကျ်ားချင်း၊ မိန်းမချင်း၊ တူအရီးချင်း၊ ခဲအိုခယ် မစသည့်တို့အချင်းချင်း ရေလောင်းလေ့မရှိကြပေ။ မရီးက မတ်ကို ရေလောင်းနိုင်၏။ သမီး ယောက်ဖသူ ငယ်ချင်း၊ ကလေးချင်း၊ လူပျိုနှင့် အပျို၊ မိတ်ဆွေအချင်းချင်း ရေလောင်းနိုင်ခွင့်ရှိသည်။ ထိုအစဉ် အလာများကို ထိန်းသိမ်းကြဆဲဖြစ်သည်။

”တစ်နှစ်တစ်ခါ သင်္ကြန်ကျ၊ ပျော်လဲပျော်ရပါရေ၊ ပိုးလဲပိုးရပါရေ၊ ပိုးမယ်ပန်းမယ် ဇာဖြစ်တယ်လဲ၊ အခွန်တော်လဲ မပြီးရပါလေ။ အမြတ်တော်ကြေးလဲ မပြီး ရပါလေ (အပျိုကို ဝါကြီးပိုးရေ) လူပျိုပိုးကေလမ်းကို လျှောက်တယ်၊ ဝါကြီးပိုးကေ အိမ်ကိုရောက်တယ်၊ အလို… အစွမ်းကုန်ပိုးကပ်ပါရလေ” ဟူသော သံချပ် များကို ထိုးလာ ကြသည်။
အမျိုးသားများက မိမိရေလောင်းလိုသည့် အမျိုး သမီးထံသို့ သွားရောက်၍ ”မရီးချေ၊ မရီးချေ၊ ရေတဆိပ်ချေပြီး ပါလာလေ”ဟု ယဉ်ကျေးစွာ ရေတောင်း ကြသည်။ အမျိုးသမီးများက ဖလားဖြင့်ရေခပ်၍ အမျိုးသား၏ ဖလားထဲသို့ ထည့်ပေးရသည်။ ဤရေဖြင့် အမျိုးသားများက စတင်ပက်ရသည်။

မဏ္ဍပ်တွင်းရှိ လောင်းလှေ ကြီးတွင် ရေအပြည့် ထည့်ကာ အမျိုးသမီးနှင့် အမျိုးသား တစ်ဖက်စီ မျက်နှာချင်းဆိုင် ပျော်ရွှင်စွာ ရေပက်ကစားလေ့ရှိသည်။ တစ်ဖက်နှင့်တစ်ဖက် အနိုင်ကြဲ၍ လောင်းလှေထဲမှရေ ကို ကုန်သည်အထိ ပက်ကြသည်။ ရေကိုခပ်သွက်သွက် ခပ်၍ မြန်မြန်ပက်ကြသည်။ တစ်ဦးချင်း မျက်နှာ ချင်းဆိုင် သူများသာ ပက်ရသည်။ အခြားသူကိုကျော်၍မပတ်ရ။ မျက်နှာကိုလက်နှင့် သပ်ချသူက ရှုံးသည်။ အနိုင်အရှုံး ကို ဒိုင်လူကြီးက ဆုံးဖြတ်ပေးလေ့ရှိသည်။

သင်္ကြန်အတက်နေ့တွင် သင်္ကြန်စာ၌ ပါသည့် အတာ အတက်နေ့ အဆိုအမိန့်အတိုင်း သက်ဆိုင်သည့် နေ့ရက်ဖွား သားသမီးများအတွက် အတာတက်မုန့် (မုန့်လုံး)များ ပြုလုပ်၍ အတာတက်ကြရသည်။ နေ့နံ သင့်ရာ အရပ်ကိုသွားရောက်၍ ရွှေရည် ငွေရည် အမွှေး နံ့သာရည်တို့ဖြင့် ဦးခေါင်းလျှော်ကြသည်။ သပြေ၊ ချရား၊ အုန်းစသည့် နေ့သင့်နံသင့်အညွန့်များဖြင့် ရေစင်ဖျန်း၍ နှစ်သစ်အတွက် မင်္ဂလာရှိစေရန် ဆုမွန်ကောင်းတောင်း ကြသည်။

ယဉ်ကျေးမှု မြစ်ဖျားခံရာ သကျသာကီဝင် သင်္ဃဿရဋ္ဌနွယ်ဖွား ရခိုင်တို့၏ သင်္ကြန်ပွဲတော်ဖြစ်သည်။ ရခိုင် လူမျိုးတို့သည် ရာစုနှစ်ပေါင်းများစွာကပင် ရာဇဝင် မှတ်တမ်းများရှိခဲ့ကြသူများဖြစ်သဖြင့် ယဉ်ကျေးမှု အဆင့် အတန်းမြင့်မားကြသူများ ဖြစ်ကြလေသည်။ အတာ ရွှင်မြူးနှစ်ကူးသည့်အချိန်တွင် လူမျိုးတိုင်းသည် ရိုးရာ ဓလေ့ထုံးစံအရ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက် စွာကျင်းပလေ့ရှိကြသည်။ ထိုအထဲတွင် တစ်မူထူးခြား သည့် ရခိုင်လူမျိုးတို့၏ သင်္ကြန်ပွဲတော် နွှဲပျော်ပုံကို တင်ပြ လိုက်ပါသည်။

ဒေါက်တာ မောင်ဖြေ

moi at 8:39 AM



The Mog Nation Wiki

Leave a comment