(The Mog Nation Wiki, an archive)

ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်တွေလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့~~
■ “ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်တွေသာ ဖြစ်တယ်” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တဲ့အတွက် စိတ်ပျက်ခဲ့ရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းက ရေးသားလိုက်ပါတယ်။
ဒီကနေ့ထုတ်ဝေတဲ့ သူရဲ့ ဝန်ကြီးချုပ် အတွေ့အကြုံများ စာအုပ်မှာ မစ္စတာကင်မရွန်းက အခုလို ရေးသားလိုက်တာ ဖြစ်ပါတယ်။
“စိတ်ပျက်စရာကတော့ မြန်မာပြည်က ကိစ္စပါ။ စစ်အာဏာရှင်စနစ် အောက်မှာ ကာလအတော်ကြာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ စတင်ခဲ့တဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာပဲ ကျနော် သွားရောက် လည်ပတ်ခဲ့ပါတယ်၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ဘယ် ဗြိတိန်ဝန်ကြီးချုပ်မှ မြန်မာနိုင်ငံကို သွားခဲ့တာ မရှိသေးပါဘူး” ဆိုပြီး For The Reocrd လို့ အမည်ပေးထားတဲ့ စာအုပ်မှာ ရေးသားထားပါတယ်။
ဒီလို သွားရောက်လည်ပတ်ရာမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး၊ ၁၅ နှစ် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရာကနေ တိုင်းပြည်ကို ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အံ့ချီးဖွယ်ရာ ဘဝဖြစ်စဉ်ကို သူ့စိတ်ထဲမှာ တွေးမိခဲ့ကြောင်း ရေးသားထားပါတယ်။
ဒါပေမယ့် ၂ဝ၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကို အလည်ရောက်လာချိန်မှာတော့ တစ်ကမ္ဘာလုံးရဲ့ အာရုံစူးစိုက်မှုက ရခိုင်တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပြီး ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာမွတ်ဆလင် အရေးကိစ္စ ဖြစ်နေကြောင်း၊ ရိုဟင်ဂျာတွေ အဓမ္မပြုကျင့်ခံရ၊ အသတ်ခံရ၊ လူမျိုးစု ရှင်းလင်းခံရတဲ့ သတင်းတွေ ကြားသိလာရကြောင်း၊ ဒီကိစ္စ တစ်ကမ္ဘာလုံးက အလေးထား နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က… “သူတို့ဟာ တကယ်တော့ မြန်မာတွေမဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်တွေပါ” လို့ ပြောကြားခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်းက ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံတော်အတိုင်ပင်ခံရာထူး ရယူခဲ့ချိန်ကနေ အခုချိန်အထိ တပ်မတော်က ကျူးလွန်ခဲ့တယ်ဆိုပြီး နိုင်ငံတကာက စွပ်စွဲနေတဲ့ ရိုဟင်ဂျာလူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ် နေခဲ့တဲ့အတွက် ဝေဖန်ခံနေရဆဲ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ရေးသားပြောဆိုချက်နဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာမှာလည်း ဆက်သွယ်လို့ မရသေးပါဘူး။
၂ဝ၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ရသည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်။
(Photo: AFP)
End Notes and External links
- source: on Facebook | by RFA Burmese
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


